“ချင်းပြည်၊ ချင်းလဲန်းကောင်စီဖွဲ့စည်းခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ တော်လှန်ရေးကိုလည်း ပိုပြီးမှအားကောင်းစေဖို့ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ မပါဝင်လာနိုင်သေးတဲ့ အစုအဖွဲ့တွေရှိပါတယ်။ သူတို့ကိုလည်း ပါဝင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်” ဦးပါထန်း- ချင်းပြည်၀န်ကြီးချုပ်

0
207
ပုံစာ - ချင်းပြည်၀န်ကြီးချုပ်ဦးပါထန်း

ချင်းပြည်အစိုးရအဖွဲ့အနေဖြင့်ဘာတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါပြီလဲ၊ လက်ရှိ ချင်းနိုင်ငံရေးအခင်းအကျင်းအပေါ်သဘောထားအမြင်များနှင့်ပတ်သက်ပြီး ချင်းပြည်၀န်ကြီးချုပ် ဦးပါထန်းနှင့် ဆက်သွယ်မေးမြန်းချက်။

တော်လှန်ရေးကာလ ချင်းပြည်ကိုဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ချင်းလဲန်းကောင်စီကဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်လကျော်ရှိလာပြီ ဖြစ်သည်။

၀န်ကြီးချုပ်ဦးပါထန်း ဦးဆောင်သည့် ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံကိန်းများချမှတ်၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

ကန့်ကွက်မှုကြားမှ ပေါ်ပေါက်လာသည့် ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ဘာတွေကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါပြီလဲ၊ အနာဂတ်ချင်းပြည်တည်ဆောက်ရေးအတွက် ဘယ်လိုအစီအမံများ ချမှတ်ဆောင်ရွက်နေပြီလဲ၊ လက်ရှိချင်းနိုင်ငံရေးအခင်းအကျင်းအပေါ် ဘယ်လိုသဘောထားရှိပါလဲ၊ ယင်းအခြေအနေများနှင့်ပတ်သက်၍ ချင်းပြည်၀န်ကြီးချုပ် ဦးပါထန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းပြည်အစိုးရအဖွဲ့ ယန္တရားလည်ပတ်နေမှု အခြေအနေတွေကို ပြောပြပေးပါဦး။ ချင်းပြည်အစိုးရဲ့ ရက် ၁၀၀ စီမံကိန်းအရ မြို့နယ်နဲ့ဒေသတွေက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အကောင်အထည်ဖော်မှုက ဘယ်လိုအခြေအနေတွေ ရှိနေပါပြီလဲခင်ဗျာ။

ဖြေ။ ။ ချင်းပြည်၊ ချင်းလဲန်းအုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကတော့ အခုထိ လုပ်ဆောင်နေဆဲပဲ။ လာမယ့် ဧပြီလထဲမှာလည်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးကိုဖိတ်ထားတယ်။ သူတို့နဲ့ကျနော်တို့ ဆွေးနွေးတိုင်ပင် မယ်၊ ချိတ်ဆက်မယ်၊၊ အဓိကက သူတို့နဲ့အတူတူ လက်တွဲပြီးမှ ပညာရေးကဏ္ဍနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေ၊ နောက်ပြီးမှ လူသားစာနာကဏ္ဍတွေလည်း အများကြီး ဆောင်ရွက်စရာရှိတယ်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေ လည်း ဆောင်ရွက်စရာရှိတယ်။ အခု ဆောင်ရွက်နေဆဲ၊ လုပ်ဆောင်နေဆဲ အနေအထားမှာပဲရှိသေးတယ်။

မေး။ ။ ချင်းလဲန်းအစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ မတ်လ ၇ ရက်က တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ဘယ်နှစ်ဖွဲ့ တက်ရောက်ခဲ့ပြီးတော့ ဘာတွေကို ဆွေးနွေးခဲ့ကြပါလဲခင်ဗျာ။

ဖြေ။ ။ CSOs ၊ NGOs တွေနဲ့ တွေ့ဆုံတဲ့အခန်းကဏ္ဍကတော့ ဘာပဲဖြစ်ဖြစ် CSOs ၊ NGOs တွေဟာ ချင်းပြည်၊ ချင်းလဲန်းအတွက် အရေးပါတယ်။ သူတို့နဲ့ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ အဓိက က ကျနော်တို့ ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ NGO တွေရဲ့ဆောင်ရွက်ချက်တွေက အိုဗာလစ် (Overlap) ဖြစ်နေတာတွေ အများကြီး ရှိတယ်။ တချို့ဒေသမှာတော့ ထောက်ပံ့မှုတွေ အကြိမ်ကြိမ်ရပြီးတော့ တချို့ဒေသတွေမှာ ထောက်ပံ့မှု တွေ မရဘူးဆိုတဲ့ မျှမျှတတဖြစ်နိုင်အောင် တွေ့ဆုံဆွေးနွေးကြတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ CSO ၊ NGO က ၁၀ ဖွဲ့ လာပါတယ်။

မေး။ ။ ရက္ခိုင်တပ်တော် AA ကတော့ ပလက်ဝမြို့နယ်ကို ဆက်လက်ထိန်းချုပ်ထားတယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်နေတယ်၊ စီမံကိန်းတွေလည်း ဖော်ဆောင်နေတယ်လို့ ပြောသွားပါတယ်။ ချင်းလဲန်းအစိုးရအဖွဲ့အနေနဲ့ ပလက်ဝမြိုန့ယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့သဘောထားတွေ ရှိထားပါလား ခင်ဗျာ။ အဲဒါတွေက ဘာတွေပါလဲခင်ဗျာ။

ဖြေ။ ။ AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသားအချင်းချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေဖြစ်စေမယ့် အရာတွေဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျနော်တို့ စောစောကပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ အရင်သွားမှာ ဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ၊ ဘယ်လောက်ထိ အောင်မြင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။

မေး။ ။ မရာဒေသမှာ ချင်းလန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ MDF တို့ တိုက်ပွဲတွေက ချင်းအချင်းချင်းဆိုတော့ ဝန်ကြီးချုပ်တို့ ဘယ်လိုဖြေရှင်းဖို့ အစီအမံတွေချထားပါသလဲခင်ဗျာ။

ဖြေ။ ။ ကျနော်တို့အလုပ်လုပ်တဲ့အချိန်မှာ ချင်းလဲန်းအစိုးရတစ်ခုထဲနဲ့ မလုပ်ဘဲနဲ့ ချင်းလဲန်းကောင်စီနဲ့ လက်တွဲပြီးမှ လုပ်ဆောင်စရာရှိပါတယ်။ အဓိကက MDF နဲ့ CDF၊ CNA ကြားမှာဖြစ်တဲ့ ပြသာနာတွေကိုလည်း ကျနော်တို့ ဖြေရှင်းဆောင်ရွက်စရာတွေ ရှိပါတယ်။ ပြီးမှ ကျန်တဲ့ AA နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လက်ပြီးမှ တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းနဲ့ ဆက်လက်လုပ်စရာတွေလည်း ရှိပါတယ်။

မေး။ ။ ချင်းလန်းကောင်စီ၊ ချင်းလဲန်းအစိုးရအဖွဲ့ဟာ ချင်းညီနောင်အဖွဲ့နဲ့ မတ်လထဲမှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေတွေက ဘယ်လိုရှိပါလဲခင်ဗျာ။

ဖြေ။ ။ ချင်းညီနောင်အဖွဲ့နဲ့ တွေ့ဆုံမယ့်ကိစ္စကတော့ ကျနော်တို့အစိုးရက ဆောင်ရွက်မှာမဟုတ်ဘူး။ သူတို့ကောင်စီက ဆောင်ရွက်မှာဖြစ်တယ်။ ကောင်စီမှာက ညှိနှိုင်းရေးကော်မတီလည်း ရှိပြီးသားဖြစ်တယ်။ အဲဒီညှိနှိုင်းရေးကော်မတီက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။

မေး။ ။ ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရအဖွဲ့မှာ နောက်ထပ်ချင်းအင်အားစုတွေ ထပ်မံပူးပေါင်း ပါဝင်လာတဲ့ အခြေအနေတွေ ရှိပါလားခင်ဗျာ။ ရှင်းပြပေးပါဦး။

ဖြေ။ ။ ချင်းပြည်၊ ချင်းလဲန်းကောင်စီမှာသော်လည်းကောင်း၊ ချင်းလဲန်းအစိုးရမှာသော်လည်းကောင်း ပူးပေါင်း ပါဝင်ချင်တဲ့ ကျနော်တို့ချင်းအမျိုးသားအစုအဖွဲ့တွေ အများကြီးရှိပါတယ်။ အခု ဇန်ညှာပ်ကလည်း ချင်းပြည်၊ ချင်းလဲန်းကောင်စီမှာ ပူးပေါင်းဖို့ စာတင်ထားတာတွေရှိပါတယ်။ ထိုနည်းတူပဲ မင်းတပ်မြို့နယ် ဒေသ (၁) အနေနဲ့ တင်ထားတာ ရှိတယ်။ ကန်ပက်လက်မြို့နယ် ဒေသ (၁) အနေနဲ့ တင်ထားတာရှိတယ်။ ပြီးမှ ရခိုင်နဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ လေးမြို့ဒေသပေါ့၊ လေးတူဒေသက စာတင်ထားတာရှိတယ်။ အဲဒါမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကတော့ အစုအဖွဲ့အဖြစ် လက်ခံရေးမှာ ကျနော်တို့မူဝါဒရှိပါတယ်။ မူဝါဒနဲ့ကိုက်ညီမှ သာလျှင် ကျနော်တို့ လက်ခံမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစုအဖွဲ့အဖြစ် လက်ခံခြင်းက ကျနော်တို့ချင်းအမျိုးသားတွေရဲ့ စည်းလုံးမှု ကို ကွဲပြားစေတဲ့ကိစ္စမျိုးကို ကျနော်တို့ရှောင်ရှားဖို့ရန်အတွက် အထူးသတိထားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မူဝါဒ စနစ်တကျ ရေးဆွဲထားပါတယ်။ အဲဒီမူဝါဒအတိုင်း သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည်စုံရင်တော့ ကျနော်တို့က လက်ခံမှာဖြစ်ပါတယ်။

မေး။ ။ ကျနော် မမေးမိတာဖြစ်ဖြစ်၊ ဖြည့်စွက်ပြောကြားချင်တာဖြစ်ဖြစ် ရှိရင်ပြောပေးပါခင်ဗျာ။

ဖြေ။ ။ ချင်းပြည်၊ ချင်းလဲန်းကောင်စီဖွဲ့စည်းခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ တော်လှန်ရေးကိုလည်း ပိုပြီးမှအားကောင်းစေဖို့ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ မပါဝင်လာနိုင်သေးတဲ့ အစုအဖွဲ့တွေရှိပါတယ်။ သူတို့ကိုလည်း ပါဝင်နိုင်ဖို့အတွက် တံခါးဖွင့် ပေးထားပါတယ်။ အစတုန်းက လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဆိုရင်တော့ ကိုယ်စားလှယ်အားလုံး အကြိမ်ကြိမ် အစည်းအဝေးထိုင်ပြီးမှ ညီညီညွတ်ညွတ်နဲ့ ကောင်စီရဲ့မူဝါဒကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုးနဲ့ သူတို့မပါဝင်လာနိုင်တာကိုလည်း ကျနော်တို့နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ချင်းတစ်မျိုးသားလုံးဟာ တစ်ခုထဲနဲ့ စည်းလုံ ညီညွတ်မှ ရမယ်ဆိုတာကိုတော့ ကျနော် ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here