“ကျွန်တော်တို့စစ်ဆင်ရေးက ဒီစစ်အာဏာရှင် ပပျောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အသစ် တည်ဆောက်ရေး၊ ကျားဖြန့်အွန်လိုင်းဂိမ်းများကို အမြစ်ဖြတ်ချေမှုန်းရေးတို့ကိုဖော်ဆောင်ဖို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်တယ်။ ပျက်မယ်ဆိုရင်တောင် စစ်အုပ်စုပဲ ပျက်စီးသွားမှာပါ။ နိုင်ငံတော်က လုံးဝပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကိုပြန်လည်ထူထောင်နေတာပါ” လီကျာဝင်း- ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ

0
395
ပုံစာ - ညီနောင်မဟာမိတ် ၃ ဖွဲရဲ့ "၁၀၂၇ စစ်ဆင်ရေး" အောင်ပွဲတစ်ခု။

စစ်ကောင်စီခေါင်းဆောင်ရဲ့စွပ်စွဲချက်အပေါ်တုံ့ပြန်ချက်၊ လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရလီကျာဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

ညီနောင်မဟာမိတ် ၃ ဖွဲရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းကုန်းဆုံးမှသာ ခေါ်ယူလေ့ရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့ပါတယ်။

အဲဒီကာလုံအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုးကန့်အဖွဲ့ MNDAA ဟာ မူးယစ်ဆေးဝါးကနေရရှိလာတဲ့ အကျိုးမြတ်တွေကို အသုံးချပြီး သြဇာအာဏာတည်ဆောက်လိုတဲ့အတွက် “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့ကြောင်း စွပ်စွဲခဲ့သလို လိုအပ်တဲ့တုံ့ပြန်မှု ဆောင်ရွက်သွားမယ်လို့ ကြုံးဝါးထား ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲချက်အပေါ် ကိုးကန့်အဖွဲ့ MNDAA ရဲ့ တုံ့ပြန်ချက် လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ထားတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရလီကျာဝင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး စစ်ခေါင်းဆောင်က ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ မူးယစ်ဆေးဝါးနဲ့ အာဏာ ရလိုမှုကြောင့် ဖြစ်တယ်လို့ ပြောလာတာတွေ့ရပါတယ်။ ပြီးတော့ ကိုးကန့်အဖွဲ့ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန်) မှာလည်း ပါဝင်နေတယ်လို့ စွပ်စွဲချက်အပေါ် MNDAA အနေနဲ့ ဘာများတုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ ဒီမူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး စွပ်စွဲတဲ့အပေါ် ကျွန်တော်တို့ အထူးဒေသ (၁) အနေနဲ့ ဟိုး၂၀၀၀ ခုနှစ် လောက်တည်းက ကျွန်တော်တို့ဥက္ကဌ ဦးဖုန်ကျားရှင် ဦးဆောင်မှုအောက်မှာ ဒီမူးယစ်ဆေးဝါးကို လုံးဝအရှင်းလင်း တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒါကလည်း သမိုင်းဝင်ဖြစ်ပါတယ်။ ဒီ၂၀၀၀ ခုနှစ်မှာ မူးယစ်ဆေးဝါး လုံးဝကင်းရှင်း အောင် တိုက်ဖျက်နိုင်ခဲ့ပြီး လက်ဖက်ခြောက်၊ ကြံတို့ကို အစားထိုးစိုက်ပျိုးနိုင်ခဲ့တယ်။ အခုကျမှသူတို့က မူးယစ်ဆေးဝါး ရရှိတဲ့ဝင်ငွေနဲ့လာပြီး ကျွန်တော်တို့ကို စွပ်စွဲတော့ တစ်ခုနားမလည်တာက လက်ရှိအဲဒီဒေသမှာ မူးယစ်ဆေးတွေ ရှိနေတုန်းပဲလား။

အကယ်၍ မူးယစ်ဆေးဝါး ရှိနေတယ်ဆိုရင် အဲဒီနားမှာရှိနေတဲ့ ကိုးကန့် ရုပ်သေးအဖွဲ့တွေက မူးယစ်ဆေးဝါး လုပ်နေတဲ့သဘောပေါ့။ ကိုးကန့်ရုပ်သေးအဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်နေတယ်ဆိုရင် စစ်ကောင်စီရဲ့ ထောက်ပံ့မှုမရှိဘဲ သူတို့ ဘယ်လို ထုတ်နိုင်မလဲ။ တကယ့်အဲဒီဝင်ငွေတွေက ဘယ်သူ့ဆီ ရောက်သွားတာလဲ ဆိုတာကိုတော့ တချက်လောက် ပြန်စဉ်းစားရမယ်ပေါ့။ နောက်ပြီး ကျားဖြန့်အွန်လိုင်းဂိမ်းတွေ ရှင်းရှင်းပြောရရင် တစ်နိုင်ငံလုံးအသိပါပေါ့။ ကျားဖြန့်အွန်လိုင်းဂိမ်းက လောက်ကိုင်မှာ အများဆုံးဖြစ်နေတယ်။

အခု သူတို့လူတွေကို ပြန်ပို့တာတို့၊ တိုက်ဖျက်နေတယ်ဆိုတာက ကျွန်တော်တို့ စစ်ဆင်ရေးဖော်ဆောင်ပြီးမှ ဖြစ်လာတဲ့ကိစ္စ။ ဟိုးနဂိုတည်းကဆို တိုက်ဖျက်တာ လုံးဝမရှိခဲ့ဘူး။ ပြီးတော့ သူတို့တိုက်ဖျက်တယ် ဆိုတာကလည်း အွန်လိုင်းဂိမ်း တကယ်လုပ်တဲ့ သူဌေးတွေကိုကျတော့ လေယာဉ်တွေနဲ့ နေရာပြောင်းရွှေ့ လိုက်တယ်။ ကျန်တဲ့အောက်ခြေ အလုပ်သမားလေးတွေကိုပဲ တရုတ်ပြည်ကို ပြန်ပို့ပေးတယ်။ အဲဒီသူဌေးတွေရော ဘယ်ရောက်သွားပြီလဲ။ ဘယ်နေရာကို ရွှေ့ပြောင်းသွားတာလဲ။ ဒီလိုရွှေ့လိုက်တော့ တခြားနေရာမှာထပ်လုပ်ဖို့ သူတို့စီစဉ်နေတာလားဆိုတာကို စဉ်းစားရမယ်ပေါ့။

မေး။ ။ MNDAA ဟာ လောက်ကိုင်ဒေသမှာ အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အနေနဲ့ ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေနဲ့ ကိုးကန့်ပြည်နယ် ရရှိရေးအတွက်လို့ စစ်ခေါင်းဆောင်က ပြောတယ်ဆိုတော့ ဒီပြောဆိုချက်အပေါ်ရော ဘာများဘာတုံ့ပြန်ချင်လဲ၊ သဘောထားဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကိုးကန့် ပြန်ရဖို့တို့၊ ပလောင်ပြည်နယ် ထူထောင်ဖို့တို့က သူတို့ရဲ့ပြောဆိုချက်ပေါ့နော်။ ဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်က ထုတ်ပြန်ပြီးသားဖြစ်တယ်။ ကျွန်တော့် အိတ်ဖွင့်စာမှာရော၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ထုတ်ပြန်ချက်မှာရော ထုတ်ဖော်ပြီးသားဖြစ်ပါတယ်။ ဒါကတော့ ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။

မေး။ ။ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေက “၁၀၂၇ စစ်ဆင်ရေး” ကြောင့် တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ ပြောဆိုတယ်၊ ဒီအချက်ပေါ်မှာရော ဘာများပြောချင်တာ ရှိမလဲ။

ဖြေ။ ။ ယာယီသမ္မတဦးမြင့်ဆွေက ဒီကာလုံအစည်းအဝေးကို တက်ရောက်ခဲ့တယ်ဆိုတာ ဒါက ပြန်စဉ်း စားကြည့်ပါ။ သူ့အနေနဲ့ ဘယ်လိုပုံစံတက်ခဲ့ရလဲ၊ အဲအာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ၊ ဘာကြောင့်မို့ ဒီလိုအချိန်မှာ ဒီအစည်းအဝေးကို ရောက်လာရတာလဲဆိုတာ ဒီအချက်အလက်တွေကို စဉ်းစားစရာတွေ ဖြစ်နေတယ်။ ပြီးတော့ နိုင်ငံတော်ကြီး အစိတ်အစိတ်အမွှာမွှာ ကွဲပြားသွားနိုင်တယ်ဆိုတာ ကျွန်တော်တော့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့စစ်ဆင်ရေးက ဒီစစ်အာဏာရှင် ပပျောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်အသစ်တည်ဆောက်ရေး၊ ကျားဖြန့်အွန်လိုင်းဂိမ်းများကို အမြစ်ဖြတ်ချေမှုန်းရေးတို့ကို ဖော်ဆောင်ဖို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်တယ်။ ပျက်မယ်ဆိုရင်တောင် စစ်အုပ်စုပဲ ပျက်စီးသွားမှာပါ။ နိုင်ငံတော်က လုံးဝပျက်စရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို ပြန်လည်ထူထောင်နေတာပါ။

မေး။ ။ အခုဆို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ၂ ပတ် ပြည့်ပြီ။ ဒီ ၂ ပတ်တာအတွင်း မြို့တွေ၊ တပ်စခန်းအကြီးအသေး အငယ်၊ယာယီစတဲ့ စခန်းပေါင်း ဘယ်လောက်အထိ ညီနောင် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့လဲ။

ဖြေ။ ။ ကျွန်တော်တို့ စစ်ဆင်ရေးဖော်ဆောင်တဲ့ နှစ်ပတ်ကြာကာလအတွင်းမှာ ကျွန်တော်တို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က စုစုပေါင်းတပ်စခန်းအကြီးအငယ် ယာယီတပ်စခန်းစုစုပေါင်း ၁၅၀ နီးပါးခန့်တော့ သိမ်းပိုက်နိုင်ခဲ့ပြီပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ရှမ်းမြောက်စစ်ရေးအခြေအနေ ဘယ်လိုရှိပါလဲ။ အထူးသဖြင့် စစ်ကောင်စီဘက်က ဘယ်လိုမျိုးတန်ပြန်မှုတွေ လုပ်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ ရှမ်းမြောက်ရဲ့ စစ်ရေးအခြေအနေကတော့ စစ်အင်အားဖြည့်တင်းဖို့တော့ လုပ်ဆောင်နေကြတာ ရှိတယ်။ ပြီးတော့ လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ သူတို့က အမြဲတမ်း လုပ်နေတာပါပဲ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here