
ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာဖြစ်စဉ်တွင် သားနဲ့သမီးဆုံးရှုံးခဲ့ရသူဒေါ်အက်စတယ်နှင့် တွေ့ဆုံမေးမြန်းချက်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ အယောက် ၄၀ ကျော်ထဲမှာ သားနဲ့သမီးကို ဆုံးရှုံးခဲ့ရတဲ့ ဒေါ်အက်စတယ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အဒေါ်အကြောင်းမိတ်ဆက်ပေးပါအုံး။
ဖြေ။ ။ ကျမနာမည်က ဒေါ်အက်စတယ်ပါ။ အမျိုးသားသေဆုံးတာတော့ နှစ်ပေါင်း ၁၀ ကျော်ပြီ။ မိသားစုဝင် ၄ ယောက် ရှိတယ်၊ ကျမနဲ့ကလေး ၃ ယောက် ရှိတယ်။ ကျမကလေး၂ ယောက်ကတော့ မိုဆိုမှာ စစ်ကောင်စီက သတ်လိုက်တယ်။ အဲ့ချိန်ကစပြီး ကျမ စပြေးရပြီး ခုထိအိုးအိမ်ကို တခါမှမတွေ့ရတော့ဘူး။။
မေး။ ။ မိုဆိုသတ်ဖြတ်မှုဖြစ်စဉ်မှာ ပါသွားတဲ့ သားနဲ့သမီးက ဘယ်အရွယ်လောက်ရှိပါလဲ။
ဖြေ။ ။ အကြီးတစ်ယောက်က သေတဲ့အချိန်မှာ အသက်က ၂၀ ရှိပြီ။ သေသွားတဲ့ အငယ်တစ်ယောက်က အသက် ၁၈ နှစ် ရှိပြီ။ အကြီးတစ်ယောက်က မိန်းကလေး၊ အငယ်တစ်ယောက်က ယောင်္ကျားလေး၊ ကျမတို့လည်း ပြေးမယ်ဆိုပြီး လွိုင်ကော်စစ်ရှောင်သွားကြမယ်ပေါ့။ မြို့ကြီးမှာ ပိုငြိမ်မလားလို့ထင်ခဲ့တာလေ။ လွိုင်ကော်မြို့ကို တက်လာကြတယ်၊ ကျမက ရွာမှာကျန်ခဲ့သေးတယ်။ ပြီးတော့ ကျန်နေသေးတဲ့ သူ့အဒေါ်တို့မိသားစုနဲ့ ကျမကို တခါပြန်ကြိုမယ်ဆိုပြီး လမ်းမှာပဲ စစ်ကောင်စီက သူတို့ နှစ်ယောက်ကိုသတ်သွားကြတယ်။ အမှန်တကယ် ကျမ ကလေးတွေက ဘာအပြစ်မှမရှိဘူး။ ဒီအမှူကို ဖွင့်ပေးသင့်တယ်လို့ ကျမထင်တယ်။ ခုထိ အဲဒီနေ့ကို ကျမ ဘယ်တော့မှ မမေ့နိုင်သေးပါဘူး။
မေး။ ။ မိုဆိုဖြစ်စဉ် ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဒေါ်တို့ ဘယ်ဘက်တွေမှာ စစ်ရှောင်ခဲ့ရပါလဲ။
ဖြေ။ ။ တောင်ကြီးထိ စစ်ရှောင်ပြေးခဲ့ရတယ်။ အစက တောဘက်၊ အနောက်ဘက်စစ်ရှောင်မှာ ဟိုပြေးဒီပြေးလုပ်ပြီး လွိုင်ကော်စစ်ရှောင်မယ် ပြောကြတယ်။ ခုကျန်ခဲ့တဲ့သမီးငယ်က အဲ့တုန်းက လွိုင်ကော်မှာ ကျန်နေခဲ့သေးလို့ ကျမသမီးဆီသွားမယ်ဆိုပြီး သူများတွေက ကျမကို ပို့ပေးတယ်။ ပြီးတော့ လမ်းတွေလည်း ပိတ်ကုန်တော့ လမ်းတွေလိုက်ပတ်ရှာပြီး လွိုင်ကော်ကိုရောက်ဖို့ တနေကုန်သွားလိုက်ရတယ်။ လွိုင်ကော်ကို ည ၆ နာရီမှ ရောက်ခဲ့တယ်။ လွိုင်ကော်မှာ ၁၅ ရက် နေပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်တော့ စစ္စတာ (ခရစ်ယာန် သီလရှင်) က ကျမတို့ကို တောင်ကြီးပို့ပေးလိုက်တယ်။ တောင်ကြီးရောက်တော့ ဘာမှလုပ်စရာမရှိတော့ ရွာကို ပြန်မယ်ဆိုလည်း မပြန်တတ်တော့ဘူးဆိုတော့ ပြေးရင်းနဲ့ဒီဘက်(နယ်စပ်)ကို လိုက်ပြေးလာလိုက်ရတယ်။
မေး။ ။ နယ်စပ်ကိုရောက်လာတော့ ဘာအခက်အခဲတွေရှိပါလဲ။
ဖြေ။ ။ ဒီမှာနေရထိုင်ရတာ အခက်ခဲတွေ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်လဲမရှိ စားဖိုးသောက်ဖို့လည်း မရှိတော့ အခက်ခဲတွေနဲ့ကြုံရတယ်။ စ စသွားတုန်းက ကိုယ့်စားရိတ်နဲ့ကို သွားလိုက်တော့ ပိုက်ဆံတွေလည်း ကုန်သွားတယ်။ ကျမတို့နှစ်ယောက်ရှိတော့ ကူညီမယ့်သူလည်း တစ်ယောက်မှမရှိဘူး။ အဲ့လိုဖြစ်ပြီး စိတ်ကလဲသွားချင်တော့ သူများတွေဆို အချင်းချင်းကူညီကြတယ်။ ကျမကတော့ ကူညီမယ့်လူနဲ မတွေ့ဘူး၊ ကံလည်းမကောင်းဘူး ဖြစ်ခဲ့တယ်။ ဆန်တော့ထုတ်ပေးတယ်၊ ဟင်းဖို့ကတော့ အများကြီးကုန်နေတာ မစားမသောက်လည်းမရ၊ ဒီမှာနေလည်း မပျော်၊ ပြန်စရာရွာလည်း မရှိ။ ဘယ်မှာပဲနေနေ သွားနေရမှာပဲ။ ဒီမှာနေတာ တစ်နှစ်ခွဲနှစ်နှစ်ပြည့်တော့မယ်။ ၄ လပိုင်း ၂၇ ရက် ဒီမှာရောက်ရှိတာ တစ်နှစ်ကျော် နှစ်နှစ်ပြည့်ခါနီးပြီ။
မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဒေါ်မိသားစုအနေနဲ့ ဘာတွေဆုံးရှုုံးနစ်နာမှုတွေရှိခဲ့ပါလဲ။
ဖြေ။ ။ ဆုံးရှုံးမှု အကြီးဆုံးက ကျမကလေးနှစ်ယောက်ပဲ။ ကျမကလေးနှစ်ယောက်တည်း မကဘူး၊ ကျွန်မတူလေး နှစ်ယောက်လဲပါသေးတယ်။ ကျမတို့ဆွေမျိုးထဲမှာဆိုရင် ၄ ယောက် ပါသွားတယ်။ စစ်ကောင်စီ မီးရှို့တဲ့ထဲမှာလည်း ကျမတို့ကား ပါသွားတယ်လေ။ အရာအားလုံးကို အကုန်လုံး ဆုံးရှုံးရတယ်။ ရွာရဲ့ဓလေ့ဆိုတော့ အိမ်နဲ့ ခြံနဲ့ပေါ့။ ပြီးတော့ တောင်ယာတွေ။ အိမ်မှာ တနိုင်တပိုင်မွေးထားတဲ့ ကြက် ၊ ဝက် ၊နွား ၊ ကျွဲတွေ ခုတော့ အကုန်လုံး ဆုံးရှုံးရတယ်။ ကျမရဲ့နွားကတော့ ၁၀ ကောင် ကျော် ရှိတယ်။ ပြီးတော့ ကျွဲက တစ်ရှဉ်း ရှိတယ်။ခုတော့ ဘယ်ရောက်ကုန်လဲကို မသိတော့ဘူး။ အိမ်ကလည်း စစ်ကောင်စီတွေ လာပြီးဖျက်ဆီး ကုန်ပြီ။ ဆိုင်လည်း နည်းနည်းရောင်းတော့ ရေခဲသေတ္တာ ၊ ဗီဒိုတို့ဆိုလည်း အဲမှာပဲပျက်ကုန်ပြီ။

မေး။ ။ မိုဆိုဖြစ်စဉ်မှာ အဒေါ်သားတွေ မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတာ ဘယ်လိုကြားခဲ့ရတာလဲ။
ဖြေ။ ။ ကျမသူတို့ကို စောင့်ပြီးစောင့်ရင်းနဲ့ သူတို့ပြန်လာသယ်ကူဖို့ ပုလိုင်းထဲကိုပစ္စည်းတွေ ကြုံလိုက်ထည့်ပြီး စောင့်နေတယ်။ စောင့်ရင်းစောင့်ရင်းနဲ့ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။ ကျမတို့ရွာက လူတစ်ယောက်ကြားတော့ ကျမဆီကိုရောက်လာပြီး မိုဆိုမှာ သေနတ်သံတွေကြားနေတယ်၊ အဲလိုပြောကြတယ်လေလို့ လာပြောတော့ ဘယ်လိုဖြစ်ရတာလဲလို့ အဲဒီမိုဆိုလမ်းက တိတ်တိတ်လေး သွားလာနေတဲ့လမ်းကို သေနတ်ပေါက်တော့ ကျမကလေးတွေလဲ သေနတ်ပေါက်တဲ့နေရာမှာ ခံမိပြီ ထင်လိုက်တယ်။ ရွာရဲ့အနောက်ဖက် မိုဆိုဘက်ကို လှမ်းကြည့်လိုက်တော့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ နည်းနည်းနီးတယ်၊ အနောက်ဘက်မှာရောက်တော့ မီးအကြီးလောင်ပြီး သေနတ်သံတွေလည်း ကြားရတယ်။ တောင်ပေါ်တက်ထိရောက်တော့ မီးလောင်တဲ့ နေရာကို ထိုင်ကြည့်နေကြသေးတယ်။ ကျမတို့သားကို မရှို့ဘူးလို့ဘဲ ထင်သေးတယ်။
မီးအကြီးလည်း ရှို့ထားတော့ ကားတွေကိုပဲ ရှို့ကုန်တယ်လို့ပဲထင်သေးတယ်။ ည ၆ နာရီကျော်ရောက်တော့ သူများတွေက သူတို့ကိုဖမ်း သွားလိုက်တယ်လို့ ပြောကြတယ်၊ ဒီတိုင်းပဲ ဖမ်းသွားသေးတယ်လို့ ထင်သေးတယ်။ ကျမကလေးကို ဘယ်လောက်ထိ နှိပ်စက်နေပြီလဲစဉ်းစားရင်း ဘုရားကိုပဲ ဆုတောင်းနေတော့တယ်။ မနက်ရောက်တော့ အကုန်လုံးသိလိုက်ရတယ်။ ပြီးတော့ မိသားစုဝင်ပါတဲ့သူတွေ လာကြည့်ကြလို့ ရဲဘော်တွေကပြောတော့ သွားမယ်ဆိုပြီး ကားနဲ့လာခေါ်တယ်။ ကျမတို့သားလေးက ဘာအပြစ်မှမရှိဘူး၊ ဘာလို့အပြစ်မဲ့သူတွေကို သတ်ရတာလဲ။ လက်နက်ကိုင်တစ်ယောက်မှလည်း မဟုတ်ဘူး၊ တရားမျှတမှုနဲ့ ပြောရင်လဲ ဘာမှ မပြောတတ်တော့ဘူး။ ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ကျမတို့အတွက် တရားမျှတမှု မရှိတော့ဘူးလားပေါ့။
မေး။ ။ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို အဒေါ်အနေနဲ့ ဘာပြောဆိုချင်လဲ။
ဖြေ။ ။ ကျမ သူတို့ကိုခွင့်မလွှတ်နိုင်ဘူး။ ကျမ ဒီကမ္ဘာမှာအသက်ရှင်နေသ၍ ကျမ ခွင့်မလွှတ်နိုင်ဘူး။ ကျမစိတ်ထဲမှာဆိုရင် နာကျင်ပြီးကျန်ခဲ့တယ်။ သူများတွေက ကျမကိုအားပေးတယ်၊ နှစ်သိမ့်တယ်။ ဘာသာရေးအရပြောရင် ခွင့်လွှတ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်လို့ ကျမကိုပြောကြတယ်။ အကယ်၍ နင်တို့ သားသမီးတစ်ယောက်ကို ဆုံးရှုံးခဲ့မယ်ဆိုရင် နင်တို့ခွင့်လွှတ်နိုင်မှာလားဆိုပြီး ကျမ သူတို့ကိုပြန်ပြောလိုက်တယ်။ ကျမ ခွင့်မလွှတ်နိုင်ဘူး။
မေး။ ။ မတရားမီးရှို့သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အဒေါ်အနေနဲ့ ဘာပြောဆိုချင်လဲ။
ဖြေ။ ။ အခုဟာက နည်းနည်းလေးမှကို တရားမျှတမှုမရှိဘူး။ အကြီးအကဲတွေက ဖြေရှင်းပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးစေချင်တယ်။ အေးချမ်းတာပဲ လိုချင်တော့တယ်။ ဒီလိုအဖြစ်ဆိုးမျိုး မလိုချင်တော့ဘူး။ ကျမတို့သားသမီးကို သတ်ဖြတ်စရာ အကြောင်းကိုမရှိဘူး။ သူတို့က ဘာအပြစ်ရှိကြလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို အဲ့လိုအမိန့်ချတဲ့သူကို ကျမသိချင်တယ် မေးချင်တယ်။ ဒီလိုမျိုးဖြစ်စဉ် တသက်လုံးဆက်လုပ်နေမယ်ဆိုရင် အသက်ဆက်ရှင်မယ့်လူတောင် ရှိမှာမဟုတ်တော့ဘူး။
မေး။ ။ အဒေါ်ဖြစ်ချင်တဲ့ဆန္ဒ ဘာရှိမလဲ။
ဖြေ။ ။ အိမ်တော့ အရမ်းပြန်ချင်တယ်။ ဘယ်ကိုရောက်ရောက် နေတာကကိုယ့်အိမ်နဲ့မတူဘူး။ သူများအိမ်ကို နေတာက ကိုယ့်အိမ်မှာနေတာနဲ့မတူတော့ အိမ်ကိုအရမ်းပြန်ချင်တယ်။ ဒါပေမဲ့ ပြန်လို့မရဘူး။ တချိန်ကျရင် ပြန်လို့ရမှာလား၊ မရဘူးလား ဆိုတာကို တကယ်တမ်းတော့လည်း ကျမကလေးကို ဆုံးရှုံးလိုက်ရတော့ ကျမပြန်ရင်လည်း နေလို့မကောင်းတော့ဘူးဆိုပြီး ကျမအဲ့လိုတွေးလိုက်တယ်။ ဘာမှလည်း မတွေးတတ်တော့ဘူး။ စိတ်ပဲနာနေတော့ ပြန်ရင်လည်း ဘာမှပြန်မတွေ့နိုင်တော့ဘူး။ ကျမအိုလာပြီဆိုတော့ သားသမီးကြီးလာတဲ့အချိန် ကျမကို ပြန်ပြုစု၊ လုပ်ကျွေးမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်မလာနိုင်တော့ဘူး။ ဒီတိုက်ပွဲကို ဒီနှစ်ကုန် ပြီးခိုင်းချင်တယ်။ ဒီနှစ်ကုန်ပြီးရင်တော့ အေးချမ်းခိုင်းစေချင်ပြီပေါ့နော်။ ဒါက တွေးမိတဲ့ဟာလေးပဲပေါ့။
မေး။ ။ စစ်ကောင်စီရဲ့သတ်ဖြတ်ခံရတဲ့သူတွေအတွက် တရားမျှတမှုရအောင် အဒေါ်အနေနဲ့ ဘာတောင်းဆိုချင်ပါလဲ။
ဖြေ။ ။ တရားမျှတမှုရအောင် လုပ်ပေးကြပါလို့ တောင်းဆိုချင်တယ်။ လူတစ်ဦးတစ်ယောက်ကို သတ်တာ မဟုတ်ဘူး။ လူ အယောက် ၄၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်တာ ဖြစ်တယ်။ ကိုယ့်တိုင်းပြည်အတွက်၊ ပြည်နယ်အတွက် တိုက်ပွဲဝင်ပေးနေတဲ့ လူငယ်ရဲဘော်တွေကို ငြိမ်းချမ်းရေးရအောင် ကြိုးစားပေးကြဖို့ ကျမ အားပေးချင်တယ်။
မေး။ ။ အဒေါ်အနေနဲ့ နောက်ဆုံးဘာပြောဆိုချင်တာရှိပါသေးလဲ။
ဖြေ။ ။ နှစ်တွေသာပြီးသွားတယ် ဒီစစ်ပွဲကြီးကိုလည်း ပြီးခိုင်းချင်ပြီ။ သေဆုံးသွားတဲ့ ကျမတို့ကလေးတွေ၊ တခြားသူတွေကို ဘုရားသခင်ကခေါ်ထားပေးမယ်လို့ တွေးထားတယ်။ ကျမကတော့ ဘုရားတရားနဲ့ပဲ ဖြေသိမ့်တော့တယ်။ ဒီဖြစ်စဉ်ကို ဘယ်လိုမှမေ့မရတော့ စိတ်ကအမြဲပူပန်သောကရောက်ရတယ်။ ကျမ တခုတောင်းဆိုချင်တာက နယ်စပ်ရောက်နေတဲ့ ကျမတို့အတွက် အာဏာရှိတဲ့သူတွေက နေရာတခုလောက် စီစဉ်ပေးသင့်တယ်လို့ တွေးမိတယ်။ လူသားချင်းစာနာထောက်ထားပြီးတော့ ကြည့်ပေးသင့်တယ်လို့ တောင်းဆိုချင်တယ်။ ကျမဘယ်သူနဲ့တွေ့တွေ့ ဒီတစ်ခုပဲပြောမိတယ်။ မှားလား၊မှန်လား မသိတော့ စိတ်ခံစားချက်ကိုပဲ အရမ်းပြောနေမိတော့တယ်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။