30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျမတို့ ဒီဥပဒေကိုကန့်ကွက်ရတာ အချက်သုံးချက်ရှိတယ်။ တချက်က စည်းရုံးရေး မဆန်လို့၊ နောက်တချက်က လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကို ထိပါးနေလို့၊ နောက်တခုကကြ စစ်တပ်ရဲ့ ငါနဲ့မတူ...

“ကျမတို့ ဒီဥပဒေကိုကန့်ကွက်ရတာ အချက်သုံးချက်ရှိတယ်။ တချက်က စည်းရုံးရေး မဆန်လို့၊ နောက်တချက်က လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကို ထိပါးနေလို့၊ နောက်တခုကကြ စစ်တပ်ရဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ခြေရာကို လိုက်ပြီးနင်းနေလို့၊ အဲ့ဒါကြောင့်မို့ ကျမတို့က ဒီ CRPH ရဲ့ဥပဒေကို ကန့်ကွက်နေတာဖြစ်ပါတယ်” မခင်နီ – သတင်းနှင့်ပြန်ကြားရေးကော်မတီ/ ဗကသများအဖွဲ့ချုပ်

CRPH က အတည်ပြုထားသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေအပေါ် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန်ကန့်ကွက်မှုအပေါ် ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီဝင် မခင်နီအား ဆက်သွယ်မေးမြန်းချက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယခုဇွန်လ ၁၃ ရက်တွင် အတည်ပြုပြဌာန်းလိုက်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်၏ အခြေခံစံချိန်စံနှုန်းများနှင့် သွေဖယ်နေသည်ဟုဆိုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု (GSCN)၊ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) နှင့် တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီတို့က အသီးသီးသဘောထားထုတ်ပြန် ကန့်ကွက်ထားကြသည်။

ဒီဥပဒေအပေါ် ကန့်ကွက်ရသည့်အကြောင်း၊ ဥပဒေပေါ် အမြင်၊ ဥပဒေ၏ အကျိုးအပြစ်တို့က နွေဦးတော်လှန်ရေးကို အထောက်အကူပြုနိုင်ပါလား။ ဘယ်လိုသက်ရောက်မှုတို့ ဖြစ်စေပါလဲ။ ဒီအခြေအနေများနှင့်ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီဝင် မခင်နီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ CRPH က အတည်ပြုထားတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေအပေါ်မှာ ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ စာထုတ်ထားတာ တွေ့ရပါတယ်။ ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတဲ့အကြောင်းကို အရင်ဆုံးရှင်းပြပေးပါဦး။

ဖြေ။ ။ ကျမတို့ ဒီ CRPH ရဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေကို သေချာဖတ်ကြည့်ပြီးပါပြီ။ သဘောတူတဲ့ဟာတွေ လည်းရှိသလို ကန့်ကွက်ရမှာတွေလည်း ရှိပါတယ်။ ကန့်ကွက်ရမှာကတော့ အခန်း (၄) အရေးယူခြင်း အပိုင်းကနေစပြီးတော့ ဝန်ထမ်းစာမေးပွဲတွေကို အသိအမှတ်မပြုတာတွေ၊ နောက်ပြီး ဒီကာလတွေမှာ အလုပ်ခန့်ထားတဲ့ဟာတွေက အကျုံးမဝင်ဘူးဆိုပြီးတော့ ပြောထားတာတွေရှိတယ်။ အဲ့ဒီဟာတွေနဲ့ ပတ်သက်ပြီး ဒါတွေက အရည်အချင်းမပြည့်မီဘူးလို့ စဉ်းစားတယ်ဆိုရင် ပြန်ပြီးစိစစ်တဲ့ဟာမျိုးတွေ လုပ်လို့ရတယ်။ အကုန်လုံးကို အလုပ်ပြန်ဝင်လာသူတွေရော၊ အရင်တုန်းက အလုပ်ခန့်ထားသူတွေကိုရော ပြန်ပြီးစိစစ်တာတွေ လုပ်နိုင်တယ်။ Non CDM ဖြစ်လို့ ရှုတ်ချထားတဲ့ဟာမျိုးပဲဖြစ်ဖြစ် ဒီဟာကြီးကို ပြစ်မှုတခုလို ကျူးလွန်ထားတဲ့ဟာလိုမျိုး ပြန်ပြီးစိစစ်ရမယ်ဆိုတာမျိုး အဲ့လိုမျိုးကို ပြန်ပြီးလုပ်နေဖို့တော့ မလိုဘူး။ ထပ်တူချထားဖို့ မလိုဘူး။ ကျမတို့ ဒီလိုယူဆတယ်။

ပြန်ပြီးစိစစ်တဲ့ဟာမျိုးကို လုပ်နိုင်ပါတယ်။ နောက်တခုကကြတော့ ဒီမှာအပြစ်လုပ်ထားတဲ့ဟာတွေကို အရေးယူမယ်ဆိုပြီး သူဖော်ပြထားတာရှိတယ်။ ဝန်ထမ်းပိုင်းဆိုင်ရာမှာ အပြစ်လုပ်ထားတာတွေ၊ အပြင်မှာ လာဘ်စားတာပဲဖြစ်ဖြစ်၊ အဲ့ဟာတွေနဲ့ပတ်သက်လို့ ဆိုရင် ဒီလိုပြစ်မှုတွေက အခုမှ စစ်အာဏာသိမ်းမှ ရှိလာတာမဟုတ်ဘူး။ စစ်အာဏာသိမ်းမှ ပိုများလာတာမျိုး ရှိနိုင်တယ်ဆိုပေမယ့် အရင်ကလည်းရှိခဲ့တဲ့ ပြစ်မှုတွေဖြစ်တာကြောင့် ဒါတွေနဲ့ပတ်သက်ပြီး အရှေ့ကဟာတွေကို ပြန်ပြီးစိစစ်တဲ့ဟာမျိုးတွေ လုပ်နိုင် ပါတယ်။ နောက်ဆုံးတခုက ဒီမှာ Non CDM တွေက CDM တွေပေါ်ပဲ ဖြစ်ဖြစ် လူသတ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်ဆိုတဲ့ဟာတွေ၊ ဒီဟာတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဟာတွေဆိုတာမှာ ဒီလိုပြစ်မှု တွေဆိုလည်း ကျမတို့က NON CDM ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အရေးယူတာမျိုးထက် တခြားသော ရာဇဝတ်မှု၊ စစ်တပ်ရဲ့လူသတ်ယန္တရားမှာ ပါဝင်နေတဲ့သူတွေရှိတယ်၊ Non CDM မှ မဟုတ်ဘူး၊ ဘယ်လိုနေရာ အမျိုးအစားမှာမဆို ပါဝင်နေနိုင်တဲ့သူတွေရှိတယ်။ ဒီဟာကြီးကို အရေးယူနိုင်တယ်။

Non CDM ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ အရေးယူလို့တော့မရဘူး။ Non CDM ဖြစ်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကျမတို့ထပ်တူချထားလို့တော့ မရဘူး။ Non CDM ဆိုရင်တော့ လုပ်မှာပဲဆိုတဲ့ ဗိုင်းရပ်စ် တခုကို ဖြစ်သွားစေမယ့်ဟာမျိုးနဲ့ ထပ်တူချလုပ်နေလို့ မရဘူး။ ဒီဟာတွေက လက်ရှိအချိန်မှာရော နောက်နောင်မှာရော အများကြီးဆိုးကျိုးရှိနိုင်တဲ့ဟာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ကျမတို့ ဒါတွေနဲ့ ပတ်သက်ပြီး အများကြီး concern တွေ ရှိတယ်။ နောက်တခုက အခန်း (၇) ပထမဆုံးပိုဒ်မှာဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းထားတဲ့တလျောက်မှာ Non CDM လုပ်ခဲ့တဲ့သူတွေအနေနဲ့ သူတို့ ရပ်တည်ချက်တွေအတွက် အများပြည်သူကို ဝန်ချတောင်းပန်ရမယ်ဆိုတဲ့ဟာ ပါသေးတယ်။ ဒီလိုဝန်ချ တောင်းပန်တဲ့အခါမှာလည်း အစိုးရရဲ့ညွှန်ကြားချက်နဲ့အညီ တောင်းပန်ရမယ်ဆိုတာမျိုးလည်းပါတယ်။

ဆိုတော့ ကျမခုနကပြောသွားတဲ့အချက်တွေအရ ဒီဥပဒေတခုလုံးကို ခြုံပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီ Non CDM တွေ အရပ်သားအစိုးရဝန်ထမ်းတွေအနေနဲ့ ဥပဒေအရ အပြစ်ပေးရမယ့်သူတွေလို့ အကြမ်းဖျင်း ယူဆထားတာကိုတွေ့ရတယ်။ တကယ်တမ်းကြတော့ ကျမတို့အရေးယူရမယ့်သူက သုံးမျိုးပဲရှိတယ်။ အဲ့ဒါက စစ်သုံးစစ်ပဲ။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ထားတဲ့ အုပ်စုသုံးခု။ ဒီလူအုပ်စုသုံးခုသည် စစ်တပ်ရဲ့ပြည်သူတွေကို လူသတ်ဖိနှိပ် အကျဉ်းချနေတဲ့ ယန္တရားထဲမှာ ပါဝင်ပတ်သက် နေသူတွေ။ ဒီလိုလူတွေကို ကျမတို့အရေးယူရမယ်။ ဒါမှန်တယ်။ CDM တွေ အတွက် တရားမျှတမှု ပြန်လည် ရှာဖွေတဲ့အခါကြရင်လည်း ဒီလူတွေသည် အ‌ရေးယူရမယ့်သူတွေ ဖြစ်လာလိမ့်မယ်။ ဒီလိုမျိုး အရေးယူလို့ ရတယ်။ ဒါပေမယ့် ကျမတို့က ဒီလူတွေကို Non CDM ဖြစ်မှုနဲ့တော့ ထပ်တူချထားလို့ မရဘူး။ Non CDM တွေကတော့ဖြင့် ဒီလူတွေဖြစ်ကိုဖြစ်မယ်ဆိုပြီး ထပ်တူချထားလို့ မရဘူး။

Non CDM တွေသည် သူ့ဘာသူ အလုပ်လုပ်နေတဲ့သူရှိမယ်။ ခုနက ယန္တရားထဲမှာ ပါတဲ့သူရှိမယ်။ မပါတဲ့သူ ရှိမယ်။ Non CDM ထဲမှာတောင် မဟုတ်ဘူး CDM ထဲမှာတောင်မှ အဲ့ဒါမျိုးတွေရှိရင် ဒါယေဘူယျအားဖြင့် ဥပဒေအရ အရေးယူရမယ့်ဟာ မျိုးပဲ။ CDM , Non CDM ဆိုပြီး ခွဲခြားပြီး သတ်မှတ်ထားရမယ့်ဟာမျိုး မဟုတ်ဘူး။ Non CDM တွေသည် သူ့ဘာသာအလုပ်လုပ်နေတယ်။ သူတို့ကြောင့် ပြည်သူတစ်ဦး တစ်ယောက် မသေဆုံးခဲ့ရဘူး၊ အကျဉ်းချမခံရဘူး ဖိနှိပ်ခဲ့တာမျိုး မလုပ်ဘူးဆိုရင် ဘာမှအရေးယူစရာမလိုဘူး။ ဒါပေမယ့် ဒီမှာကတော့ ပြောင်းပြန်သဘောမျိုး သက်ရောက်နေတယ်။ ဒီမှာဆိုရင် ကျမခုနကပြောခဲ့သလို တခြားတော်လှန်ရေးအလုပ် တွေမှာ ပါဝင်ခဲ့တယ်ဆိုရင်တောင်မှ သူတို့ရဲ့ Non CDM ဖြစ်မှု ခံယူချက် တွေအတွက် အစိုးရရဲ့ညွှန်ကြားချက်နဲ့ ဝန်ချတောင်းပန်ရမယ်ဆိုတာကို ဥပဒေနဲ့တောင်မှ ပြဌာန်းထား သေးတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် Non CDM တွေသည် ဒီနွေဦးတော်လှန်ရေးကို နှောက်ယှက်တဲ့ သူတွေလို့ ယူဆထားတဲ့ပုံစံမျိုးနဲ့ ဒီဥပဒေကို ထုတ်ပြန်ထားတာဖြစ်တယ်။ ဒါက ခွဲခြားတာထက်ကိုပိုတဲ့ တသီးတသန့် ဖြစ်သွားအောင် လုပ်ထားတဲ့ ခွဲခြားသတ်မှတ်မှုမျိုး။ ဒါတွေက တော်လှန်ရေးရဲ့ စည်းရုံးရေး လုပ်ငန်းတွေကိုပါ ထိခိုက်လာတယ်။ Non CDM တွေထဲမှာဆိုရင် တော်လှန်ရေးအင်အားစုဘက်ကို ပါဝင်အောင် စည်းရုံးလာ နိုင်တဲ့သူတွေ ရှိနိုင်တယ်။ အဲ့လိုမျိုး စည်းရုံးဖို့ဆိုရင် ကျမတို့တွေက သေချာတံခါးဖွင့် ထားဖို့လိုအပ်တယ်။ ကိုယ့်ဘက်ကနေ သေချာကြိုဆိုနေဖို့ လိုအပ်တယ်။ အခုက မကြိုဆိုတဲ့အပြင်ကို ဒီမှာဓါးဆိုင်းပြီးတော့ စောင့်နေသလို ဖြစ်နေတယ်။ ကျမတို့ ကန့်ကွက်တဲ့အခါမှာ ပြန်ပြီးတော့ ပြောကြတာ ရှိတယ်။ ဒါကတော့ အသနားခံစာအပိုင်းမှာ ပါလာတယ်။ ‌တော်လှန်ရေးအတွက် လုပ်တယ်ဆိုရင် ပြစ်ဒဏ် လျော့ပေါ့ပေးမယ် ဆိုတဲ့ဟာမျိုး ပါလာတယ်။ ဒါက တော်လှန်ရေးလုပ်နိုင်အောင် ကြိုဆိုနေတယ်၊ စည်းရုံးရေး တံခါးဖွင့်ထား တယ်ဆိုတဲ့ဟာမျိုးပြောတယ်။

ဒါပေမယ့် ဒီအခန်း (၇) လိုဟာမျိုးမှာ အနည်းဆုံးတော့ဖြင့် အများပြည်သူရှေ့မှာ ဝန်ချတောင်းပန်ရမယ်။ ဒါကိုတော့ဖြင့် အစိုးရရဲ့ညွှန်ကြားချက်နဲ့လုပ်မယ်ဆိုတဲ့ဟာမျိုးက ဒါကိုယ့်ကိုအရှက်တကွဲ အကျိုးနည်း ဖြစ်အောင်လုပ်တဲ့ကိစ္စ။ ဒါဘယ်သူမဆို Non CDM တွေတိုင်းလုပ်ရမယ်ဆိုတဲ့ဟာမျိုး ပြောထားတာရှိတယ်။ ဒီလိုမျိုး Non CDM ခေါင်းစဉ်တပ်ပြီးတော့ ရာဇဝတ်မှုတွေ ပြစ်မှုတွေနဲ့ ထပ်တူချထားတဲ့ဟာက ဒါကလက်ရှိ ကာလမှာတောင်မှ အရမ်းကိုမှ ဗိုင်းရပ်စ်ဖြစ်လာပြီးတော့ လူတွေကိုသတ်မှတ်တဲ့အခါမျိုးမှ Non CDM တွေ ဖြစ်မှုနဲ့ ရာဇဝတ်မှုကို ထပ်တူသတ်မှတ်လာတာမျိုးတွေ ဖြစ်နေနိုင်တယ်။ အဲ့ဒါကြောင့်မို့ ဒါတွေက တော်လှန်ရေးအရ စည်းရုံးတယ်ဆိုတဲ့ဟာမျိုးနဲ့တော့ ဘယ်လိုမှပြောလို့မရဘူး။ ဒါတွေက စည်းရုံးရေးတံခါးကို မဖွင့်ထားတဲ့အပြင် ပိုပြီးတော့ဆိုးသွားစေမှာပဲရှိမှာ။ ကြည့်လိုက်တာနဲ့ကို ထိတ်လန့်စရာ။ ဘယ်လိုမှ စည်းရုံးရေးဆန်တဲ့ဟာ မဟုတ်ဘူး။

နောက်ဆုံးတခုက စည်းရုံးလို့မရတဲ့ အခြေအနေပေါ့။ စည်းရုံးလို့ မရဘူးဆိုရင်တောင် ကျမတို့ကဘာမှတော့ လုပ်လို့မရဘူး။ သေချာတာတခုကတော့ ပြည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်အောင်မလုပ်ထားတဲ့ အရပ်သား Non CDM တွေကို ကျမတို့ကအရေးယူလို့မရဘူး။ ဒီတိုင်းအလုပ်လုပ်နေတဲ့ စာသင်နေတဲ့ ကျောင်းသားတစ်ယောက်ကို အရေးယူတာမျိုး ညွှန်ကြားချက်တွေနဲ့ အညီ တောင်းပန်တာမျိုးကို လုပ်လို့ မရဘူး။ ဒါတွေကသူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်တယ်။ ကျမတို့တွေလည်း တော်လှန်ရေးမှာပါဝင်တာက တော်လှန်ရေးရဲ့ရွေးချယ်မှုဖြစ်တယ်။ သူတို့လည်း သူတို့ရဲ့ ရွေးချယ်မှုပဲ။ ကျမတို့တော်လှန်ရေးမှာ ပါလာတာတောင်မှ ဥပဒေအရ ပြဌာန်းထားလို့ပါလာတာ မဟုတ်ဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ် ပါလာကြတာ။ ဒီရွေးချယ်မှုအတွက်လည်း တချိန်ကြရင် သမိုင်းမှာ မှတ်ကျောက် တင်ပြီး ကျန်ခဲ့လိမ့်မယ်။ မပါလာတဲ့ သူတွေကိုပဲဖြစ်ဖြစ် အခန်းကဏ္ဍတခုစီတိုင်းမှာ မပါလာတဲ့သူတွေကို အားမလို အားမရ ဖြစ်တာတွေက တယောက်ချင်းစီတိုင်းမှာ ဖြစ်နိုင်ပါတယ်။

တော်လှန်ရေးလုပ်တယ် ဆိုကတည်းကိုက တော်လှန်ရေးမှာပါဝင်သူတွေရော မပါဝင်တဲ့သူတွေရော ဒီစစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံရတဲ့သူတွေအားလုံး လွတ်မြောက်အောင် တော်လှန်ရေးလု ပ်ကြတာလေ။ မပါလို့ဆိုပြီးတော့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ လုပ်လို့မရဘူး။ အဲ့လိုလုပ်တာ စစ်တပ်၊ စစ်တပ်က သူ့ကိုမထောက်ခံတဲ့သူ ဆန့်ကျင်တဲ့သူ အကုန်လုံးကို အရေးယူတာတွေ ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေလုပ်နေတာပဲ။ ကျမတို့က ဖက်ဆစ်တွေ မဟုတ်ဘူး။ ကျမတို့က စစ်တပ်ရဲ့ခြေရာကို နင်းလို့မရဘူး။ သူ့ရဲ့ခြေရာကို နည်းနည်းမှကို နင်းလို့မဖြစ်ဘူး။ ဒါတွေက တစတစနဲ့ တဖြည်းဖြည်းနဲ့ တော်လှန်ရေးရဲ့အရှိန်အဟုန်ကို အများကြီးထိခိုက်လာစေလိမ့်မယ်။ ဒီကာလမှာရော နောင်ကာလမှာရော ဆိုးဝါးတဲ့အကျိုးဆက်တွေကို ဖန်တီးလိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့က ဒီဥပဒေကိုကန့်ကွက်နေရတာပဲ။ ပြန်ပြီးချုပ်ရရင် ကျမတို့ဒီဥပဒေကိုကန့်ကွက်ရတာ အချက် သုံးချက် ရှိတယ်။ တချက်က စည်းရုံးရေး မဆန်လို့၊ နောက်တချက်က လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကို ထိပါးနေလို့၊ နောက်တခုကကျ စစ်တပ်ရဲ့ ငါနဲ့မတူင့ါရန်သူဆိုတဲ့ ခြေရာကိုလိုက်ပြီးနင်းနေလို့၊ အဲ့ဒါကြောင့်မို့ ကျမတို့က ဒီCRPHရဲ့ ဥပဒေကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝန်ထမ်း ဆရာ/ဆရာမများဆန္ဒပြနေစဉ်။

မေး။ ။ ဥပဒေရဲ့ အခန်း (၄) မှာ ပါဝင်တဲ့အရေးယူခြင်းအပိုင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်ကြား CDM ပြုလုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုသာ CDM အဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး ဒီကာလနောက်ပိုင်း CDM ပြုလုပ်သူတွေကတော့ အကြောင်းပြချက်ပေးမှသာ စိစစ်ပြီး CDM အဖြစ် သတ်မှတ်မယ်လို့ဆိုထားတော့ ဒီပေါ်မှာရော ဗကသများအဖွဲ့ချုပ်က ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျမတို့က တော်လှန်ရေးမှာ ဘယ်အချိန်ပါပါ ပါလို့ရတယ်မလား။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်လူကို စုစည်းကြားမှာရှိတဲ့လူကိုစည်းရုံး၊ ဘုံရန်သူကို အထီးကျန်အောင်လုပ်ဆိုတဲ့ နည်းဗျူဟာနဲ့ ကျမတို့သွားရမှာပါ။ Non CDM တွေဆိုတာလည်း အဲ့ဒီကြားကဆိုင်တဲ့လူတွေပါ။ ဒီလူတွေကို တော်လှန်‌ရေးဘက်ကို ဝင်လာလို့ရတယ်၊ ဘယ်အချိန်ဝင်လာလာ အကန့်အသတ်မရှိ ဝင်လာလို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမတို့က တံခါးဖွင့်ပြီးစည်းရုံးရမှာ။ အခုက ဒီ CDM တံခါးကြီးတော့ဖြင့် ဘယ်တော့ပိတ်ပြီ ဘယ်တော့ထိပဲ လက်ခံမယ်ဆိုပြီး ပြောနေတာက ဥပဒေနဲ့တောင်ပြောနေတာက ကိုယ့်အင်အားကို သတ်နေ သလိုပါပဲ။ အဲ့လိုမျိုးလုပ်တယ်ဆို ဝမ်းသာတာကရန်သူပဲ။ တကယ်တမ်းလုပ်ရမှာက ရန်သူကိုအင်အား နည်းနိုင်သလောက် နည်းအောင်လုပ်၊ ကိုယ့်ဘက်ကို အင်အားများနိုင်သလောက် များအောင်လုပ်အဲ့လိုမျိုး လုပ်ရမှာ။

နောက်ပြီး‌တော့ CDM တွေဆိုရင်လည်း သူတို့ရဲ့ အသက်အန္တရာယ်ထိ ဖိနှိပ်ခံရတဲ့ပုံစံတွေ ဖြစ်နေသလိုမျိုး တဖက်မှာ Non CDM တွေဆိုရင်လည်း စစ်အာဏာရှင်စနစ်အောက်မှာ တနည်းတဖုံ ဖိနှိပ်ခံရနေရတာပဲ။ နှစ်မျိုးလုံးက ပုံစံတွေကွဲသွားပေမယ့် စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေ ရတာချည်းပဲ။ ဒီအရပ်သား Non CDM တွေအနေနဲ့ စစ်တပ်ကိုလည်းကြောက်ရ ဒီတော်လှန်‌ရေး အင်အားစုဘက်ကိုလည်း ကြောက်နေ ရတဲ့အခြေအနေ။ ဒီလိုမျိုးတော့ မဖြစ်နေဖို့လိုတယ်။ ကိုယ့်ဘက်ကို တတ်နိုင်သမျှ ညင်ညင်သာသာဖြစ်အောင် စည်းရုံးရမယ်။ Non CDM တွေ အပါအဝင် လူထုကနေပြီးတော့ ကိုယ့်ကို ပိုပြီးတော့ ယုံကြည်ကိုးစား လာအောင်လုပ်ရမယ်။ ဒါတော်လှန်ရေးအဖွဲ့အစည်းတွေ လုပ်ရမယ့် တာဝန်ပဲ။ တော်လှန်ရေးအဖွဲ့ အစည်းတွေဆိုတာက ပြည်သူထောက်ခံမှ ရေရှည်တည်တံ့တာပါ။ ဒါကိုကျမတို့က အမြဲတမ်း သတိမူနေဖို့ လိုပါတယ်။

မေး။ ။ ဒီဥပဒေက စွန့်လွှတ်စွန့်စားခဲ့တဲ့ CDM တွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြဌာန်းတာဖြစ်တယ်လို့ ဖော်ပြထားတော့ ဒါဟာတကယ်ပဲ CDM တွေကို ကုစားပေးတဲ့ဥပဒေဖြစ်တယ်လို့ မြင်ပါလား။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဥပဒေကို ကြည့်လိုက်တဲ့အခါမှာ ဥပဒေမှာ ဂုဏ်ပြုတယ်ဆိုတဲ့အပိုင်းတွေ၊ အသိအမှတ်ပြုဖို့ အပိုင်းတွေ၊ ပြန်လည်ကုစားဖို့၊ တရားမျှတမှုရှာဖွေဖို့ဆိုတဲ့ အပိုင်းတွေ တွေ့ရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လည်း ကျမတို့က ကြိုဆိုတယ်။ CDM တွေ ဒီကာလမှာ ဆုံးရှုံးသွားတဲ့ သိမ်းခံလိုက်ရတဲ့ အခက်အခဲတွေ အမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ဆိုတာမျိုးတွေ ဒါမျိုးတွေ လုပ်မှာကို ဥပဒေမှာပြဌာန်းလာတဲ့အတွက်ကြောင့် ကြိုဆိုတယ်။ တကယ်လုပ်နိုင်ရင် တကယ် အကောင်အထည်ဖော်နိုင်ရင် ဒါတွေကကောင်းတဲ့ကိစ္စပဲ။ တော်လှန်ရေးအလွန်ကာလဆိုတာထက်ကို ဒီတော်လှန်ရေးကာလမှာ လုပ်ရမယ့် ကိစ္စတွေအများကြီးပါပဲ။ CDM တွေရဲ့ အခက်အခဲတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြဖို့။ လက်ရှိမှာဆိုရင် CDM အင်အားစုတွေက ပြန့်ကြဲနေတယ်။

ဒီပြန့်ကြဲနေတာတွေကို သေချာ စုစည်းပြီးတော့ ထုနဲ့ထည်နဲ့အင်အားကောင်းမွန်တဲ့ CDM အင်အားစုအဖြစ် တော်လှန်ရေးဘက်မှာ အဆင့်တက်ပါဝင်နိုင်အောင်လို့ ကျမတို့တွေက ဖန်တီးပေးရဦးမယ်။ တော်လှန်ရေး ဘက်မှာ သေချာပါဝင် နိုင်အောင် ယန္တရားတွေတည်ဆောက်ပေးရမယ်။ ဒီလိုဟာမျိုးတွေကို သေချာ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် CDM တွေရဲ့ အခက်အခဲကို ဝိုင်းဝန်းအဖြေရှာပြီးသား ဖြစ်သလိုမျိုး CDM တွေကို ပြန်လည်ကုစားဖို့ လုပ်တဲ့အခါမျိုးမှာလည်း သေချာအကောင်အထည်ဖော်နိုင်ဖို့လိုတယ်။ အဲ့ဒါကြောင့်မို့ ဒီဥပဒေမှာပါဝင်တဲ့ ကိစ္စတွေကို သေချာအကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ကိစ္စပဲ ကျမတို့ဘက်ကဘာမှ ငြင်းဆိုကန့်ကွက်စရာ မရှိဘူး။ တခုပဲ လက်စားချေတာနဲ့ ပြန်လည်ကုစားတာက မတူညီဘူးဆိုတာကိုတော့ သေချာသိနားလည်ဖို့လိုတယ်။

ဒီဥပဒေမှာက အခက်အခဲ ဖြေရှင်းပေးဖို့ကိစ္စတွေအပြင် ဆုံးရှုံးသွားတာတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည် ဖြည့်ဆည်းပေးဖို့ဟာအပြင်ကို လက်စားချေတဲ့ကိစ္စရပ်တွေပါ အများကြီး ပါဝင်နေတာ တွေ့ရတယ်။ အဲ့ဒါတွေကတော့ ကုစားပေးနိုင်တဲ့ဟာတွေတော့ မဟုတ်ဘူး။ ကျမတို့တွေက ဒီတော်လှန်ရေးကာလမှာရော တော်လှန်ရေးအလွန်ကာလမှာရော လုပ်စရာကိစ္စတွေကအများကြီးပါ။ အဲ့လိုအခြေအနေမှာ ကိုယ့်တော်လှန်ရေး အင်အားစုတွေရဲ့ အခက်အခဲတွေကိုပဲ ဖြေရှင်းပေးဖို့ကိစ္စတွေကိုပဲ သေချာအားစိုက်ပြီး လုပ်သင့်တယ်။ အဓိက လိုအပ်တဲ့ကိစ္စကိုပဲ လုပ်သင့်တယ်။ မလုပ်လည်းမလုပ်သင့်တဲ့ Non CDM တွေကို အရေးယူမယ်ဆိုတဲ့ဟာမျိုးတွေကို လုပ်နေတာတွေ လက်စားချေဖို့ စဉ်းစားနေတဲ့ဟာမျိုး တွေကတော့ CDM တွေအတွက်လည်း ဘာမှကုစားပေးနိုင်တဲ့ရလဒ်မျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကလမ်းလွဲ နေတယ်လို့ပဲ ကျမတို့ယူဆပါတယ်။

မေး။ ။ ဒီဥပဒေရဲ့ နောက်ဆက်တွဲအကျိုးဆက်အရလည်း တော်လှန်ရေးဒေသတွေက Non-CDM နဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံခံရတာတွေ ပိုဆိုးရွားလာနိုင်တယ်လို့ ဗကသများအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ သတိပေးထားလည်းတွေ့ရတော့ ဒီနောက်ဆက်တွဲအခြေအနေဆိုတာ ဘယ်လိုမျိုးကို ဆိုလိုချင်တာပါလဲ။

ဖြေ။ ။ လက်ရှိကာလမှာဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်ကနေပြီးတော့ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ဟာတွေ ဖိနှိပ်တဲ့ဟာတွေ အဆိုးဆုံးအခြေအနေမှာဆိုရင် သတ်ဖြတ်တဲ့ဟာမျိုးတွေ ဒီလိုအခြေအနေတွေ ကျမတို့မြင်နေရတာပဲ။ Non CDM တွေကိုဆိုရင်လည်း တရားမဲ့သတ်ဖြတ်တဲ့ ဟာမျိုးတွေ။ အရပ်သား Non CDM တွေကို အလုပ်လုပ်နေရုံနဲ့ ကျောင်းတက်နေရုံနဲ့ သတ်ဖြတ်တဲ့ ဟာမျိုးတွေ၊ ခြိမ်းခြောက်တဲ့ဟာမျိုးတွေ ဒီလိုဟာမျိုးတွေ ကျမတို့တွေ့နေရတာပဲ။ ဆိုတော့ ဒီလိုမျိုး Non CDM တွေကို အရေးယူမယ်ဆိုတဲ့ ဥပဒေတရပ် ထုတ်ပြန်လိုက်မယ်ဆိုရင် လက်ရှိမှာ ပိုပြီးတော့မှ အဲ့ဒီဟာတွေက ဆိုးလာတော့မှာ။ အခုတောင်မှ ဘယ်လိုမျိုးစီရင်ရမလဲ ဆိုတဲ့ဟာမျိုးတွေ၊ Non CDM တွေနဲ့ ရာဇဝတ်မှု ပြုလုပ်တဲ့ဟာမျိုးတွေအနေနဲ့ Non CDM တွေဖြစ်မှုနဲ့ ထပ်တူချမှုနဲ့ထုတ်ထားတာ။ အဲ့လို အခြေအနေမျိုးမှာ စစ်ဘုရင်ဝါဒအရမ်းကိုမှ ထောင်လွှားနေတဲ့သူတွေဟာ ပိုပြီးတော့မှ သူ့စိတ်ကြိုက် စီရင်မှုတွေ ပိုပြီးတော့မှ ဖြစ်လာနိုင်တယ်။ Non CDM တွေအပေါ် ရမ်းကားတာမျိုးတွေ ဖြစ်လာနိုင်တယ်။

ဒါဟာတော်လှန်ရေးအတွက်လည်း မကောင်းဘူး။ နောက်ပြီး ပြည်သူလူထုအပေါ်လည်း မကောင်းဘူး။ ဒါဟာ တော်လှန်ရေးအတွင်း ကာလတွေမှာပဲ ရှိသေးတယ်။ နောက်နောင်ကာလတွေမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျမတို့ဘယ်လိုမှ မမှန်းဆနိုင်ဘူး။ တကယ်တမ်းက အခုချိန်မှာဆိုရင် Non CDM တွေကို အရေးယူမယ့် မူဝါဒတွေအစား လူတွေကို တရားမဲ့သတ်ဖြတ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကိုကိုင်တွယ်ဖို့၊ Non CDM တွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေကို မလုပ်ဖို့ အဲ့လိုဟာမျိုးတွေ ဥပဒေထုတ်ရမှာ။ ဒီလိုမျိုး မဖြစ်နိုင်တဲ့ဟာ အကြာကြီးလိုဦးမယ့် တော်လှန်‌ရေး အလွန်ကာလလိုဟာမျိုးအတွက် ထုတ်ပြန်နေရမှာ မဟုတ်ဘူး။ လက်ရှိအခြေအနေမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာကိုဖြေရှင်းရမှာ။ Non CDM တွေကို အကြောင်းမဲ့ သတ်ဖြတ်နေတာ၊ ခြိမ်းခြောက်နေတာတွေကို တော်လှန်‌ရေးအင်အားစုတွေကိုကိုင်တွယ်ဖို့ ဒီလိုမလုပ်သင့်ဘူးဆိုတဲ့ဟာတွေ ဒီလိုဟာတွေကို ကိုင်တွယ်ဖြေရှင်းနေရမှာ။ အဲ့ဒါကြောင့် ကျမတို့က ပြောထားတာပါ။ ဒီဥပဒေရဲ့ နောက်ဆက်တွဲတွေဖြစ်လာရင် CRPH အနေနဲ့ တာဝန်ခံရမယ်ဆိုတာ ကျမတို့ ထည့်သွင်းပြောထားတာဖြစ်တယ်။

မေး။ ။ ဆိုတော့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒီအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေက နွေဦးတော်လှန်ရေးကို အထောက်အကူဖြစ်မယ်လို့ ထင်ပါလား။ ဒီဥပဒေ ရှိသင့်တယ်လို့ ထင်ပါလား။ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဒီဥပဒေကြောင့် ဒီကာလမှာရှိနေတဲ့ ပြည်သူလူထု နှစ်ခြမ်းကွဲအောင်လုပ်နေတယ်လို့ပဲ ကျမတို့က ယူဆတယ်။ ရှေ့မှာပြောထားတဲ့ နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ၊ ဒီဟာတွေကလည်း တော်လှန်‌ရေးရဲ့ စည်းရုံးရေးအရှိန်ကိုရော ပြည်သူလူထုကိုရော သင်းသတ်နေသလိုဖြစ်နေတယ်။ ဒီဥပဒေမှာပါဝင်တဲ့ အနှစ်သာရတွေဖြစ်တဲ့ စည်းရုံး‌ရေး မဆန်တာတွေ၊ လက်စားချေဖို့အတွက် တိုက်တွန်းနေတဲ့ပုံစံမျိုး ဖြစ်နေတာတွေ၊ စစ်တပ်ရဲ့ခြေရာကိုနင်းနေတာတွေက တော်လှန်ရေးအတွက်တော့ဘာမှ ကောင်းကျိုး မဖြစ်နိုင်ပါဘူး။ ဆိုးကျိုးပဲ ဖြစ်လာနိုင်ပါတယ်။

မေး။ ။ ဒီဥပဒေဟာ NUCC ရဲ့ CDM မူဝါဒကနေ အခြေခံပြီး ဖြစ်လာတယ်လို့ဆိုထားတော့ အခုဒီဥပဒေ အပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေလည်းရှိနေတော့ ဒီပေါ်မှာ NUCC က တစုံလုံးအနေနဲ့ ပြန်ပြီးသုံးသပ် အကြံပြုကြတာမျိုး လုပ်ဖို့လိုမယ်လို့ ထင်ပါလား။ NUCC ကိုရော ဘယ်လိုမျိုး အကြံပြုချင်ပါလဲ။

ဖြေ။ ။ ဒီဥပဒေဟာ NUCC ရဲ့ CDM မူဝါဒကနေ အခြေခံပြီး ဖြစ်လာတယ်လို့ သူတို့ဘက်ကနေပြီးတော့ ပြောထားတာတော့ ရှိတယ်။ အဲ့ဒါတော့ ဟုတ်တယ်။ ဒါပေမယ့် ပြဿနာက ဒီဥပဒေက JCC-CDM ဆိုတဲ့ ကွန်ရက်တခု၊ နောက် NUCC ကနေပြီး‌‌တော့ အခြေခံပြီးတော့ ဆွဲထားတဲ့ဟာတွေကနေပေါ်လာတာ ဟုတ်ပေမယ့် အဲ့ဒီဟာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြတယ်။ JCD CDM မှာရော NUCC မှာရော။ ကန့်ကွက်တဲ့ထဲမှာ ကျမတို့လည်းပါတယ်။ ကျမတို့က ဗကသများအဖွဲ့ချုပ်အနေနဲ့ ပါတာမဟုတ်ဘဲနဲ့ ဗကသများအဖွဲ့ချုပ် ပါဝင်တဲ့ GSC ကနေပြီးတော့ ကိုယ်စားလှယ်ကလည်း ကန့်ကွက်ခဲ့တာရှိတယ်။ တခြားတခြားသော အဖွဲ့တွေကလည်း ကန့်ကွက်ကြတယ်။ JCC- CDM မှာရော NUCC မှာရော ကန့်ကွက်ကြတယ်။ ကန့်ကွက်သူတွေ ရှိနေတဲ့အခါကြတော့ ဒီဥပဒေက ရှေ့မဆက်နိုင်ဘူးဖြစ်နေတာပေါ့။

အဲ့ဒီတော့ ဘယ်လိုလုပ်လဲဆိုတော့ သူတို့ဘက်ကနေ ဒီရှိနေပြီးသား ဒီဥပဒေမူကြမ်းကို CDM ဝန်ထမ်းထု ညီလာခံမှာ သွားပြီးသဘောထားတွေ တောင်းကြတဲ့ဟာမျိုးတွေ လုပ်တယ်ဆိုပြီး ကျမတို့သိရတယ်။ အဲ့ဒီသဘောထားတွေကြတော့ ဒီ NUCC ဘက်ကိုရော JCC- CDM ဘက်ကိုရော ပြန်ပြီးရောက်လာတာမျိုး မဟုတ်တော့ဘဲနဲ့ သူတို့ဘာသာသူတို့ အတည်ပြုလိုက်ကြတယ်ဆိုတဲ့ဟာမျိုး ဖြစ်သွားတယ်။ အဲ့တော့ ပြောရရင်တော့ ဒီ NUCC မူဝါဒကနေ အခြေခံပြီးဖြစ်လာတယ်ဆိုပေမယ့် အဲ့ဟာက ကန့်ကွက်ကြတဲ့ဟာမျိုး ရှိနေတဲ့အတွက်ကြောင့် သူတို့ဘာသာသူတို့ ဟိုဘက်မှာ လုပ်လိုက်ကြတယ်ဆိုတဲ့ဟာမျိုး တခုဖြစ်သွားတယ် ပေါ့နော်။ ဒီဘက် NUCC က နေပြီးတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှဆုံးဖြတ်ပေးနိုင်တဲ့ အနေအထား မရှိတော့ဘဲနဲ့ သူတို့ဘာသာသူတို့ NUGနဲ့ CRPH က ဆုံးဖြတ်လိုက်ကြတယ်ဆိုတဲ့ဟာတခု ဖြစ်သွားတယ်။

မေး။ ။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ်က ဖြည့်စွက်ပြောချင်တာများရှိပါလား။

ဖြေ။ ။ တော်လှန်ရေးကတော့ ခရီးရှည်သွားရမှာပါ။ တော်လှန်ရေးက မအောင်သေးဘူး။ ရှေ့ဆက်ရမှာတွေ ရှိသေးတယ်။ အဲ့ဒီအချိန်မှာ တဖက်ကမပါဝင်တဲ့သူတွေကိုတော့ မပါလို့ ဘယ်လိုမျိုးအရေးယူလိုက်မယ် တောင်းပန်ခိုင်း လိုက်မယ်ဆိုတဲ့ဟာမျိုးတွေက လက်ရှိမှာ စဉ်းစားနေရမယ့်ဟာမျိုးတွေ မဟုတ်သေးဘူး။ ဒါတွေက ကိုယ့်အင်အားကို နည်းစေတာပဲရှိတယ်။ နောက်ပြီးတော့ ကိုယ်တိုင်လည်းဖက်ဆစ်ဆန်တဲ့ သ‌ဘောမျိုး ဖြစ်လာတယ်။ ဒါကို ဦးဆောင်တဲ့အခန်းကဏ္ဍမှာရှိနေတဲ့သူတွေက ဥပဒေအနေနဲ့ ထုတ်ပြန်တာမျိုးကတော့ ဝမ်းနည်းစရာပဲ။

ဗကသအနေနဲ့ကလည်း CDM လုပ်နေတဲ့ ကျောင်းသားထုအတွက်ရော မလုပ်တဲ့ သူတွေအတွက်ရော အရပ်သားဝန်ထမ်းတွေရော ဒီနှစ်ဖက်စလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံရတာတူတူဖြစ်တဲ့ အတွက်ကြောင့် ကျမတို့အနေနဲ့ကတော့ နှစ်ဖက်စလုံးရဲ့ အခွင့်အရေးအတွက် ရပ်တည်တယ်။ CDM တွေ အတွက်လည်း တိုက်ပွဲဝင်တယ်။ တဖက်မှာလည်း တော်လှန်ရေးမှာမပါတဲ့ အရပ်သားဝန်ထမ်းတွေ Non CDM တွေကို ပြစ်ဒဏ်တွေနဲ့ ခွဲခြားနေတာမျိုးမလုပ်ဘဲနဲ့ ကိုယ့်ဘက်ကို လူများများပါနိုင်အောင် စည်းရုံးပြီးတော့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ဘုံရန်သူကို အထီးကျန်အောင် တတ်နိုင်သမျှလုပ်ရင်းနဲ့ တိုက်ပွဲဝင်သွားပါမယ်လို့ ကျမတို့ကတော့ ပြောချင်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။