“ကျမတို့ ဒီဘက်တွေမှာက အမြဲတမ်းစစ်ရှောင်နေရတာ။ စစ်ရှောင်က ပြတ်သွားတယ်ရယ်လို့ကို မရှိဘူး။ အခုအိမ်မှာရှိပေမယ့် ခဏနေ ပြေးရချင်ပြေးရတာ။ ပြီးတော့ ဒီဘက်ကိုဝင်တဲ့ ဘီလူးစစ်ကြောင်းဆိုတာလည်း အရမ်းကို ရက်စက်တဲ့စစ်ကြောင်းဆိုတော့ ဒေသခံတွေကတော့ နေ့နေ့ညည ကြောက်လန့်နေရတာပါပဲ” ရွှေဘိုဒေသခံမမိုးအေး

0
393
ပုံစာ - တန့်ဆည်၊ ကံထူးမရွာ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း အရေးပေါ်စစ်ဘေးရှောင်လာကြသူများ။

ရွှေဘိုခရိုင်ထဲက လက်ရှိစစ်ရေး ဒေသတွင်းအခြေအနေတွေနှင့် ပတ်သက်ပြီး ရွှေဘိုဒေသခံမမိုးအေးအား ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တွေကို ယခုဖေဖော်ဝါရီလထဲ၌ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး တန့်ဆည်မြို့၊ ကံထူးမရွာရဲစခန်းကိုလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲ ဝင်ရောက်တိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေက ယခင်ကထက် မြင့်တက်လာပါသည်။

ရွှေဘိုခရိုင်ထဲက လက်ရှိစစ်ရေး ဒေသတွင်းအခြေအနေတွေနှင့် ပတ်သက်ပြီး ရွှေဘိုဒေသခံမမိုးအေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရွှေဘိုခရိုင်အတွင်းမှာ အခုလက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ အခုက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း နယ်ဘက်တွေကို စစ်ကြောင်းထိုးနေတာက အမှတ် ၇၀၈ ခြေမြန်တပ်ရင်း၊ အမှတ် ၁၁ ခြေလျင်တပ်ရင်းနဲ့ ရွှေဘိုမြို့က အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ပေါင်းပြီး စစ်ကြောင်းထိုးနေတာပေါ့နော်။ သူတို့ဝင်လာတော့ လူတွေကတော့ ရှောင်နေကြရတာပေါ့။ မရှောင်ရင်လည်း မြင်တာနဲ့ သူတို့ကပစ်သတ်တယ်၊ မုဒိမ်းကျင့်တယ်၊ သတ်ရင်လည်း ရက်ရက်စက်စက်သတ်တာဆိုတော့ အကုန်လုံးကတော့ ဝင်လာတယ်ဆိုတာ အသံကြားတာနဲ့ ပြေးကြရတာပဲ။

မေး။ ။ ရွှေဘိုခရိုင်ထဲမှာ အခုလက်ရှိ စစ်ဘေးရှောင်နေတဲ့ အရေအတွက်ကိုရော သိရပါလား။

ဖြေ။ ။ အဲ့ဒါက အရင်ထဲက စစ်ရှောင်နေရသူက နှစ်သောင်းကျော်လောက်ရှိတယ်။ အဲ့ဒီသူတွေက ဟိုးအရင် စစ်တပ်ကအာဏာသိမ်းကတည်းက ရွာပြန်မဝင်ရဲဘဲ တောက်လျောက်ရှောင်နေရသူတွေပေါ့။ အခု ဒီနှစ် (၂၀၂၄) မှာကြတော့ ဇန်နဝါရီလမှာ စစ်တပ်က စစ်ကြောင်းတကျော့ပြန်ဝင်လာတော့ အဲ့ဒီမှာလည်း ရှောင်နေရသူတွေက နှစ်သောင်းကျော်လောက်ရှိတယ်။ နောက်ပြီး အခုလတ်တလောဖြစ်တဲ့ ကံထူးမရွာ ရဲစခန်းသိမ်းတိုက်ပွဲမှာကြ တော့ ရှောင်လိုက်ရတာက တန့်ဆည်ဘက်က ရွာ ၄၀ ကျော်လောက်က နှစ်သောင်းကျော်လောက်ရှိတယ်။ အဲ့ဒီတော့ ရွှေဘိုနယ်ထဲမှာပဲ စစ်ရှောင်က ၆ သောင်းကျော် ၇သောင်းနီးပါးလောက် ရှိပါတယ်။

မေး။ ။ ကံထူးမရွာ ရဲစခန်းသိမ်းတိုက်ပွဲကရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ သူ (ကံထူးမရွာ) က အခု ၂၁ ရက် မနက်အစောကြီး ၂ နာရီလောက်မှာ တိုက်နယ်ရဲစခန်းကို PDF တွေက ဝင်တိုက်တာပေါ့။ အဲ့ဒီစခန်းမှာက ရဲနဲ့ပျူအင်အား ၅၀ လောက် ရှိတယ်။ တိုက်တော့ စခန်းကိုတော့ မီးရှို့ဖျက်ဆီး လိုက်နိုင်တယ်။ အဲ့ဒီမှာ စစ်ကောင်စီတပ်တွေက အထိနာတော့ လေကြောင်းကနေလာတိုက်တယ်။ ထိတဲ့သူနဲ့ သေတဲ့သူလည်း ရှိတယ်လို့တော့ ကျမတို့ကြားထားပေမယ့် လက်ရှိမှာတော့ ဒါကအတည်ပြုဖို့ ခက်နေသေးတယ်ပေါ့နော်။ လေယာဉ်နဲ့တိုက်တာက မနက် ၄း၃၀ လောက်ကနေ စတိုက်တာ ညနေအထိပဲ။ ၁၀ ကြိမ်ကျော်ရှိတယ် လာပစ်တာက။ ပြီးတော့ အဲ့ဒီတိုက်ပွဲဖြစ်တော့ ရေဦး–တန့်ဆည် အစပ်ရွာတွေကို စစ်ကြောင်း ထိုးနေတဲ့စစ်ကြောင်းက ကံထူးမစံပြရွာကို ညနေပိုင်းမှာ ရောက်လာတယ်။ နောက်ပြီး ကန့်ဘလူဘက်ကနေ ကူးလာတဲ့ စစ်တပ်နဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းကလည်း တန့်ဆည်မြို့ပေါ်ကို ရောက်လာတယ်။

မေး။ ။ ရွှေဘိုတိုက်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ စစ်ဘေးရှောင်နေရတာလည်း အချိန်ကြာလာပြီ ဆိုတော့ စားဝတ်နေရေးရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျမတို့အညာဘက်က ဒေသခံတွေအနေနဲ့ ကိုယ့်အိမ်မှာကိုယ်နေရတဲ့ရက်ထက် ပြေးရတဲ့ရက်က ပိုများတော့ အလုပ်ပျက်အကိုင်ပျက်ပေါ့။ ပြီးတော့ ပြေးရတဲ့ကာလကလည်း နှစ်ချီကြာလာတော့ စားဝတ်နေရေး ကလည်း ခက်ခဲလာကြတယ်။ အခုဆို နွေစပါးစိုက်ချိန် ရောက်ပြီ၊ ဒါပေမယ့် မစိုက်နိုင်သေးဘူး။ ဘယ်အချိန် စစ်ကြောင်းဝင်လာမလဲဆိုပြီး အမြဲတမ်း တထိတ်ထိတ်နဲ့နေရတော့ အိပ်ရေးလည်းဝဝ အိပ်ကြရတယ် မရှိတော့ ကျန်းမာရေးလည်း ထိခိုက်ကြတာပေါ့။ အခု အညာဘက်မှာက ဆောင်းကလည်း မကုန်သေးတော့ အေးသေးတယ်။ တောထဲတောင်ထဲ စစ်ရှောင်ရတော့ စောင်တွေ လိုအပ်နေတာမျိုးတော့ ရှိပါတယ်။ ပြီးတော့ စားသောက်ဖို့ ရိက္ခာတွေလည်း လိုအပ်ပါတယ်။ ကူညီလှူဒါန်းမှုတွေကလည်း ရှိတဲ့အခါလည်းရှိ မရှိတဲ့အခါ ကြတော့လည်း ကိုယ့်ဘာသာ ရှာဖွေစားသောက်ကြရတာပေါ့။

မေး။ ။ ရွှေဘိုခရိုင်ထဲက စစ်ဘေးရှောင်တွေအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျမတို့ ဒီဘက်တွေမှာက အမြဲတမ်းစစ်ရှောင်နေရတာ။ စစ်ရှောင်က ပြတ်သွားတယ်ရယ်လို့ကို မရှိဘူး။ အခုအိမ်မှာရှိပေမယ့် ခဏနေ ပြေးရချင်ပြေးရတာ။ ပြီးတော့ ဒီဘက်ကိုဝင်တဲ့ ဘီလူးစစ်ကြောင်းဆိုတာလည်း အရမ်းကို ရက်စက်တဲ့စစ်ကြောင်းဆိုတော့ ဒေသခံတွေကတော့ နေ့နေ့ညညကြောက်လန့်နေရတာပါပဲ။ ဒီကောင်(စစ်ကောင်စီတပ်)တွေ မြန်မြန်ထွက်သွားမှ ဒေသလည်း ငြိမ်းချမ်းမှာဆိုတော့ အညာဒေသတိုက်ပွဲဝင် တပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ကူညီကြပါဦးလို့ ပြောချင်ပါတယ်။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်တပ်၊ စစ်အာဏာရှင်စနစ် မြန်မြန်ကျဆုံးပါစေလို့လည်း ဆုတောင်းပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here