7 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့ DKBA နယ်မြေမှာတော့ ရွေးကောက်ပွဲလုပ်ရင် ဖြစ်ဖို့တော့လွယ်ပါ့မလား၊ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကျနော်ပြောလိုက်တာက တကယ်လို့ ငြိမ်းချမ်းရေးရှိမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို ကျနော်တို့က...

“ကျနော်တို့ DKBA နယ်မြေမှာတော့ ရွေးကောက်ပွဲလုပ်ရင် ဖြစ်ဖို့တော့လွယ်ပါ့မလား၊ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကျနော်ပြောလိုက်တာက တကယ်လို့ ငြိမ်းချမ်းရေးရှိမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို ကျနော်တို့က ဝိုင်းဝန်းကူညီပါ့မယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ကူညီဖို့က မလွယ်ပါဘူး” DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် – DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းနှင့် အမေးအဖြေ

ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်ပေါင်းစည်းခြင်းမှ အေးချမ်းသာယာသော နိုင်ငံတော်သစ်ဆီသို့ဆိုပြီး စစ်ကောင်စီအမည်တပ်ထားသည့် ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၅ ကို နေပြည်တော်တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နှင့် ၂၇ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ပွဲအတွင်း နိုင်ငံရေးပါတီအချို့၊ နိုင်ငံခြားသံတမာန်အချို့နှင့် စစ်ကောင်စီနှင့် အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်အချို့လည်းပါဝင်ခဲ့ရာ DKBA ကိုယ်စားတက်ရောက်ခဲ့သည့် စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းအား ဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးအခင်းအကျင်းအပေါ် အမြင်နှင့် အကြံပေးတင်ပြချက်များကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ဗိုလ်မှူးကြီးတက်ရောက်တာရှိတော့ အဲဒီဖိုရမ်မှာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးအတွက် ဘာတွေဆွေးနွေးတာရှိပါသလဲ။

ဖြေ။ ဒီငြိမ်းချမ်းရေးဖိုရမ်မှာက ငြိမ်းချမ်းရေးကို ဘယ်လိုဆက်သွားရင်ကောင်းမလဲ၊ အသိပညာရှင် အတတ်ပညာရှင်၊ NGOအဖွဲ့၊ နိုင်ငံရေးပါတီ၊ မီဒီယာအဖွဲ့တွေရဲ့အကြံပေးမှုတွေကိုယူတာဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဦးဆောင်နေတဲ့အစိုးရအဆင့်ဆင့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စ အခေါက်အခါခါ အဆင့်ဆင့်ပြုလုပ်လာခဲ့တာရှိခဲ့တယ်။ ထာဝရငြိမ်းချမ်းရေးကမရခဲ့ဘူး အဲဒါကြောင့် ဘယ်လိုဆက်သွားမလဲဆိုတာ အကြံအဉာဏ်ယူတဲ့သဘောဖြစ်တယ်။

မေး။ အရေးကြီးတဲ့အချက်တွေက ဘာတွေဆွေးနွေးတာရှိလဲ။

ဖြေ။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးကို ဆွေးနွေးတယ်။ ရွေးကောက်ပွဲမကျင်းပခင်မှာ ဘာတွေလုပ်ဆောင်သင့်လဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ၊ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ဘာတွေလုပ်ဆောင်ရမလဲ၊ ပြီးတော့ ရွေးကောက်ပွဲပြီးသွားရင် ဘာတွေဆက်လုပ်မလဲ၊ အဲဒါတွေကိုဆွေးနွေးခဲ့တာဖြစ်တယ်။ အဓိက သူတို့တွေ့ဆုံဆွေးနွေးတဲ့ရည်ရွယ်ချက်အကြောင်းအရာက အဲဒါတွေဖြစ်တယ်။

မေး။ ဒီပွဲမှာတက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တချို့ နောက်ပြီး နိုင်ငံရေးပါတီတချို့ပြောတာရှိတာက ဒီရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းရေးက ဆက်လာမယ်ဆိုပြီး ပြောတဲ့အပေါ် ဗိုလ်မှူးကြီး အမြင်က ဘယ်လိုရှိလဲ။

ဖြေ။ ခုနက ပြောခဲ့သလို ဒီငြိမ်းချမ်းရေးဖိုရမ်က တတ်သိပညာရှင်တွေရဲ့အကြံတွေကို တောင်းတာဖြစ်တယ်။ ခေတ်အဆက်ဆက် အစိုးရတွေက ငြိမ်းချမ်းရေးဆွေးနွေးတာတွေ လုပ်ပေမယ့်လည်း ငြိမ်းချမ်းရေးက အမြဲပျက်လာတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံအဉာဏ်တွေစုပြီးတော့ ပြီးရင် သူတို့ဘယ်လိုဆက်သွားရင်ကောင်းမလဲ သူတို့ပြန်ဆုံးဖြတ်မှာဖြစ်တယ်။ ဒီပွဲမှာတော့ ဆုံးဖြတ်ချက်တွေချတာ ဆုံးဖြတ်တာမရှိဘူး။ ကျနော်အမြင်ကတော့ တက်ရောက်သူတွေရဲ့ အကြံဉာဏ်ပေးမှုတွေအတိုင်း သေသေချာချာ အကောင်အထည်ဖော်မယ်ဆိုရင် နောက်ပြီး စိတ်သဘောထား အပြည့်အဝ စိတ်ရင်းအမှန်နဲ့ လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးတော့ ရလောက်တယ်လို့ ထင်တယ်။ အဓိက စိတ်ရှင်းရှင်းနဲ့ရှိဖို့လိုတယ်။

မေး။ ပြည်သူထောက်ခံတဲ့ နိုင်ငံရေးပါတီဝင်အများအပြားကို စစ်ကောင်စီက ထောင်ထဲချတဲ့အချိန်မှာ ဒီရွေးကောက်ပွဲကိုလုပ်တာက နည်းလမ်းမှန်ပါ့မလား ဘယ်လိုထင်လဲ။

ဖြေ။ အစိုးရအားလုံးမပါဝင်နိုင်ရင် လူထုအားလုံးလဲ ပါဝင်နိုင်မှာတော့ မဟုတ်ဘူး။ အားလုံးပူးပေါင်းပါဝင်ကူညီနိုင်မှ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပြီး ရွေးကောက်ပွဲကို အားလုံးပူးပေါင်းနိုင်မှ ငြိမ်းချမ်းရေး မျှော်လင့်ချက် အရိပ်အယောင်တွေက ရရှိမှာဖြစ်တယ်လို့ မြင်တယ်။

မေး။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အကျဉ်းချခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒီဆွေးနွေးပွဲမှာ ပြောဆိုတာတွေရှိလား။

ဖြေ။ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အဲဒီမှာ ပြောဆိုတင်ပြတာတွေရှိတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲက တင်ပြလာတဲ့အကြံပေးချက်တွေက စုစည်းတဲ့အနေအထားမှာဘဲရှိတော့ ဆုံးဖြတ်ချက်အဖြေတွေက မရှိသေးဘူး။

မေး။ စစ်ကောင်စီကို တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီပွဲကို မတက်ရောက်တဲ့အတွက် စစ်မှန်တဲ့ဆွေးနွေးပွဲဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ပြောဆိုဝေဖန်တဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ရွေးကောက်ပွဲမတိုင်မီ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အခု စစ်ကောင်စီကို ဆန့်ကျင်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းတွေ့ဖို့ကိုလည်း အကြံပေးတဲ့အပေါ်မှာ စစ်ကောင်စီဘက်က ပြောတာက သူတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သွားတွေ့ဖို့ စီစဉ်ထားတာရှိတယ်။ တက်ရောက်တဲ့သူ၊ အဖွဲ့တွေက အကြံပေးတာလောက်ပဲဆိုတော့ ဆက်လက်အကောင်အထည်ဖော်ဖို့က သူတို့လုပ်ရမှာ။ ဆိုတော့ ငြိမ်းချမ်းရေးရဖို့ သွားပြီးတွေ့ဆုံ ဆွေးနွေးမှုလုပ်ဖို့ အကောင်အထည်ဖော်ရမှာ သူတို့တာဝန်လို့တော့ ပြောတာရှိတယ်။

မေး။ ဒီငြိမ်းချမ်းရေးဖိုရမ် လုပ်တဲ့အတွက် ပြောင်းလဲမှု ဘယ်လိုရှိမယ်လို့ မြင်ပါသလဲ။

ဖြေ။ အခုဖိုရမ်က အကြံအဉာဏ်ပေးတာတွေကိုယူတာပဲဆိုတော့ ဘယ်လို နည်းလမ်းနဲ့ သွားရမလဲ ပြန်ဆက်ဆွေးနွေးရအုံးမယ်။ ပြီးတော့ ဒီဖိုရမ်က သက်ဆိုင်ရာအဖွဲ့တွေထဲက လူကြီးအပိုင်းဘဲ တက်တာများတယ်ဆိုတော့ တိုင်းရင်းသားလူငယ်တွေရဲ့အသံလည်း ထွက်စေချင်တယ်။ တိုင်းရင်းသားလူငယ်ပါတဲ့ ငြိမ်းချမ်းရေးဖိုရမ်တစ်ခုလုပ်သင့်တယ်လို့လည်း အကြံပေးကြတာတွေရှိတယ်။

မေး။ စစ်ကောင်စီဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ DKBA ကူညီသွားမယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် သတင်းတွေက ရေးသားထားတာရှိတဲ့အပေါ် ဗိုလ်မှူးကြီးအနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ပြောရမယ်ဆိုရင် အဲဒါက သူတို့ ဖြတ်ပြီး လိုရာစွဲပြီးရေးလိုက်တာပါ။ ကျနော်ပြောတာက တပ်မဟာ(၆)၊ ကျနော်တို့ DKBA နယ်မြေမှာတော့ ရွေးကောက်ပွဲလုပ်ရင် ဖြစ်ဖို့တော့လွယ်ပါ့မလား၊ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကျနော်ပြောလိုက်တာက တကယ်လို့ ငြိမ်းချမ်းရေးရှိမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို ကျနော်တို့က ဝိုင်းဝန်းကူညီပါ့မယ်။ ဒါပေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးမရရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ကူညီဖို့ကမလွယ်ပါဘူး။

မေး။ ဒီဖိုရမ်မှာ DKBA အနေနဲ့ကဘာတွေ အကြံပေးတင်ပြတာရှိလဲ၊ စစ်ကောင်စီဘက်က ဘယ်လိုပြန်ပြောတာတွေရှိလဲ။

ဖြေ။ ပြောရမယ်ဆိုရင် ဒီဖိုရမ်က ကျနော်ကတော့ ဘာမှ ဝင်ပြောတာမရှိဘူး။ ဒါပေမယ့် ကော်ဖီသောက်တဲ့အချိန်မှာ သတင်းထောက်တွေက ဒီပွဲကို ဘယ်လိုတွေမြင်လဲလာမေးတော့ ဖြေလိုက်တာတွေတော့ ရှိတယ်။ နောက်ပြီး အဲဒီမှာ တက်တဲ့အထဲမှာ ကျနော်တို့ ကရင်လက်နက်ကိုင်တွေထဲမှာအကြံပြုဆွေးနွေးတာက PC ကစောကျော်ညွှန့်တစ်ယောက်ပဲ ပြောတယ်။ သူကတော့ ပြောတာက ငြိမ်းချမ်းရေးမရရှိရင် ဒီရွေးကောက်ပွဲကို လုပ်ဖို့တော့ မလွယ်ဘူး။ ငြိမ်းချမ်းရေးအရင်လုပ်မှရမယ်ဆိုပြီး ပြောတာရှိတယ်။ ပြီးတော့ သူတို့ဘက်ကပြောတာ လုပ်မယ်၊ ဒါပေမယ့် တချို့တက်ရောက်တဲ့သူတွေပြောတာကတော့ အခုလွှတ်တော်လည်း မရှိဘူး။ အဖွဲ့လည်း မစုံတဲ့အတွက် သူတို့က နိုင်ငံရေးအကြောင်း ပြောဆိုဆွေးနွေးလို့ မရဘူး။ အဲဒါကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်တွေရှိလာမှ ငြိမ်းချမ်းရေးအတွက် ပြန်လာပြီးဆွေးနွေးမလား အဲလို စဉ်းစားချက်တွေလည်း ရှိတယ်။

မေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့်လည်း စစ်ကောင်စီက စစ်မှန်တဲ့ ငြိမ်းချမ်းရေး မလိုလားတဲ့အပေါ် ငြိမ်းချမ်းရေးက အကြိမ်ကြိမ်ပျက်ဆီးခဲ့တယ်ဆိုပြီး ပြောဆိုကြတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလုပ်သင့်တယ်လို့မြင်လဲ။

ဖြေ။ အဲဒီမှာ ငြိမ်းချမ်းရေးအတွက် အကြံပေးတာတွေက ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေးလုပ်မယ်လို့ ဆုံးဖြတ်ထားရင် ရတဲ့အထိ လုပ်မယ်။ မရမချင်း ဒီတွေ့ဆုံဆွေးနွေးမှုတွေက မရပ်ဘူးဆိုပြီး အဲလိုစိတ်ထားဖို့ ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းလိုစိတ်ရှိရင်တော့ ရမယ်။ ငြိမ်းချမ်းမှုအစစ်အမှန်မလိုချင်ရင်တော့ ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေးတွေက ရမှာမဟုတ်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော စစ်ကောင်စီဘက်ကရော ကိုယ့်အဖွဲ့ဘက်ကိုယ်ကြည့်ရင်တော့ သူတို့ရပ်တည်ချက်တွေက မှန်တာတွေချည်းပဲ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ လမ်းကြောင်းမမှန်ဘူးပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကြည့်ပြီး နားလည်ပေးကြရင်တော့ တွေ့ဆုံဆွေးနွေးမှုတွေကတော့ ထိရောက်သွားမှာပေါ့။

မေး။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထုအများအပြား ထိခိုက်သေဆုံးရတယ် အဲဒီအပေါ် နောက်ဆုံးအနေနဲ့ ဗိုလ်မှူးကြီးအမြင်လေး ပြောပြပေးပါအုံး။

ဖြေ။ ပြောရမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် ကျနော်ဆိုရင်ငယ်ငယ်ကတည်းက နေရာပြောင်းရွေ့စစ်ရှောင်နေရတယ်။ အခုထိလည်း ငြိမ်းငြိမ်းချမ်းချမ်းမနေရသေးပါဘူး။ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေက လက်နက်ရှိတဲ့လူက လက်နက်နဲ့ အနိုင်ယူတယ်။ အာဏာရှိတဲ့လူက အာဏာနဲ့ အနိုင်ယူတာရှိတယ်။ ဒါပေမယ့် အရေးကြီးဆုံးက တွေ့ဆုံဆွေးနွေးမှုလုပ်ပြီး နှစ်ဖက် အပြန်အလှန်နားလည်ပေးမှ ငြိမ်းချမ်းမှုက ရရှိမှာဖြစ်တယ်။ ဒီတိုက်ပွဲက လက်နက်ကြီးရှိတဲ့လူက လက်နက်ကြီးနဲ့ အနိုင်ယူသုံးတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ လက်နက်ကြီး လေယာဉ်တွေမရှိတော့ ခက်ခက်ခဲနဲ့ ခံနေရတာပေါ့။ အဲဒါကြောင့် ငြိမ်းချမ်းမှုရရှိဖို့ကတော့ ကြိုးစားပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမယ်။ ဒီလိုပဲ တိုက်ပွဲကို ဆွဲဆန့်ရင်တော့ အာဏာရှိတဲ့လူက အာဏာနဲ့ အနိုင်ယူတယ်။ လက်နက်အင်အားအပြည့်ရှိတဲ့လူက လက်နက်နဲ့အနိုင်ယူမှာပဲ။ ဒါကြောင့် ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်းနေသွားနိုင်ဖို့က တွေ့ဆုံဆွေးနွေးမှုက အဓိကပဲလို့ ကျနော်ကတော့ မြင်ပါတယ်။

KIC