အာရက္ခတပ်တော် (AA) ၏ စစ်ရေးအောင်မြင်မှုနှင့်အတူ တွေ့မြင်ကြရမည့် ရခိုင် နိုင်ငံရေးအခင်းအကျင်းများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကော်နဲလ်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်နှင့် ပါရဂူဘွဲ့ တက်ရောက်သင်ကြားနေသူ ရခိုင်လူငယ် ကိုကျော်ဆန်းလှိုင်နှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အပါအဝင် မြို့နယ် (၁၅) ခုကို စစ်ရေးအရ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲသည့် ၂၀၂၄ ခုနှစ် ရခိုင်စစ်ရေးအခြေနေကို ပြန်ကြည့်ပါက အာရက္ခတပ်တော် (AA) စစ်ရေးအောင်မြင်မှု သည် အလွန်ကြီးမားသည်ဟု ပြောဆိုရမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအောင်မြင်နှင့်အတူ ရခိုင် နိုင်ငံရေးသက်ရောက်မှု အပြောင်းအလဲက ဘယ်လိုရှိလာပါလဲ။ ယခု ၂၀၂၅ ခုနှစ် အတွင်းမှာလည်း ရခိုင်နိုင်ငံရေး အပြောင်းအလဲက ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်ပါလဲ။
လက်ရှိ ၂၀၂၅ ခုနှစ် ရခိုင်နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်ပြီး ရခိုင်အရေးကျွမ်းကျင်သူလည်းဖြစ် နိုင်ငံတကာသတင်းဌာနများတွင် မကြာခဏ ဆောင်းပါးများရေးသားနေပြီး အမေရိကန်ပြည်ထောင်စု ကော်နဲလ်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်နှင့် ပါရဂူဘွဲ့တက်ရောက်သင်ကြားနေသည့် ရခိုင်လူငယ် ကိုကျော်ဆန်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အာရက္ခတပ်တော်ရဲ့ စစ်ရေးအရ အောင်ပွဲတွေရရှိနေတဲ့ ရခိုင်ပြည် စစ်ရေးအခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ လက်ရှိရခိုင်ပြည်ရဲ့စစ်ရေးနိုင်ငံရေး အခင်းအကျင်းပေါ့။ အာရက္ခတပ်တော်ရဲ့ လက်ရှိစစ်ရေးမှာ ဆိုရင် ပလက်၀အပါအဝင် ရခိုင်ပြည် ၁၇ မြို့နယ်ရှိတဲ့ အထဲက ၁၄ မြို့၊ စုစုပေါင်း ၁၅ မြို့ကို အာရက္ခ တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားတာ တွေ့ရတယ်။ စစ်တွေကိုလည်း အာရက္ခတပ်တော်က ထိုးစစ် ဆင်ပြီး စတင်ဝင်နေတာကို တွေ့ရတယ်။ ဆိုတော့ အနှစ်ချုပ်နဲ့ပြန်ကြည့်ရရင် လက်ရှိအချိန်မှာ အာရက္ခ တပ်တော်ရဲ့ အာရကန်ဒေသမှာ အာရက္ခတပ်တော်တစ်ခုရှိရမယ်ဆိုတဲ့ စစ်ရေးရည်မှန်းချက်က ၈၀ ရာခိုင်နှုန်း ကျော်ကျော်ထိအောင် လက်ရှိအခြေအနေမှာ ရောက်နေတယ်ပေါ့။
လက်ရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အာရက္ခတပ်တော်အနေနဲ့ ဘယ်လိုထိန်းသိမ်းမလဲ။ ဒီဟာကို ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အခြေအနေတစ်ခုဖြစ်အောင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အခါ ခုခံနိုင်စွမ်းရှိအောင် သူတို့ဘယ်ပြင်ဆင်မလဲဆိုတာက တပိုင်းပေါ့လေ။ ဒါကလည်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ဆိုရင် အာရက္ခတပ်တော်က မကြာခင်ကပဲ statement တစ်စောင် ထုတ်လာတဲ့ဟာမှာဆိုရင် နိုင်ငံရေးအရ open လုပ်ထားတယ်ပေါ့။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အာရက္ခ တပ်တော်ကဘာလဲဆိုတော့ စစ်ရေးနိုင်ငံရေးနှစ်ခုစလုံးကို တပြိုင်နက်တည်း ကစားကွက်ဖော်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ရော၊ စစ်ရေးရည်မှန်းချက်ရော တပြိုင်နက်တည်း အောင်မြင်အောင် လုပ်ဆောင်နေတဲ့သဘောကို တွေ့ရပါတယ်ဗျာ။
မေး။ ။ ဒီစစ်ရေးအောင်ပွဲနဲ့အတူ ရခိုင်ပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲက ဘယ်အထိမျှော်မှန်းလို့ရနိုင်ပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ မြန်မာနိုင်ငံရေး အခြေအနေပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် လက်ရှိ အထူးသဖြင့်ပေါ့၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးရည်မှန်းချက်က အရေးကြီးတယ်ပေါ့။ စစ်ရေးရည်မှန်းချက်တွေ ဘာကြောင့်အရေးကြီးလည်းဆိုတော့ နယ်မြေစိုးမိုးမှုမရှိဘဲနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ တည်ဆောက်လို့ မရဘူး။
အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်လို့မရသေးတဲ့ ကာလပတ်လုံး တော်လှန်ရေးဆိုတာ ပိုတာရှည် လာရင်တော့ ပိုပြီးတော့ပဋိပက္ခတွေ ပိုများလာတယ်။ အုပ်စုဖွဲ့မှုတွေ ပိုများလာတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် အာရက္ခတပ်တော်အနေနဲ့ သင်ခန်းစာယူပြီးတော့ လုပ်နေတဲ့သဘောပေါ့။ ဒါကြောင့် လက်ရှိရခိုင်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို စလုပ်ဖို့အတွက် လုပ်နေတာတွေ၊ ဒီစစ်ရေးတွေကို ကြိုတင်ပြီးတော့ ပြင်ဆင် နေတဲ့ဟာတွေကို ကြည့်ခြင်းအားဖြင့် ဒါကိုတွေ့နိုင်ပါတယ်။
မေး။ ။ ၂၀၂၄ အလွန်၂၀၂၅ မှာ ရခိုင်ပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး ဘယ်လိုဖြစ်လာနိုင်မလဲ။ စစ်ရေးအရ အောင်မြင်မှုရနေတဲ့အပေါ် နိုင်ငံရေးအားဖြင့် ဘယ်လောက်အထိ မျှော်မှန်းလို့ရပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါ။
ဖြေ။ ။ ကျနော်တို့ ၂၀၂၅ ကို မကြည့်ခင် ပြီးခဲ့တဲ့ ၂၀၂၄ ပေါ့၊ ၂၀၂၃ နိုဝင်ဘာလကစပြီးတော့ ၂၀၂၄ တစ်နှစ်ပေါ့။ ရခိုင်ပြည်မှာ မနားတမ်းနားရက် မရှိပေါ့လေ၊ တောက်လျှောက် အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေ၊ သူတို့ရဲ့အောင်မြင်မှုတွေ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေပေါ့။ တမြို့စီကို တကယ်မရပ်မနားတမ်း ထိုးစစ် ဆင်မှုတွေကို ကျနော်တို့ကြည့်ခြင်းအားဖြင့် ၂၀၂၅ မှာ သူတို့မျှော်လင့်နေတဲ့ အပြောင်းအလဲကြီး တစ်ခုခု ဆိုတာ ရုပ်လုံးပေါ်လာတယ်။ ဆိုတဲ့သဘောကို ကျနော်တို့တွေ့မြင်ရတယ်။ နောက်တခုက ၂၀၂၅ အလယ်ပိုင်း လောက်မှာဆိုရင် အာရက္ခတပ်တော်က ရခိုင်ပြည်တစ်ပြည်လုံးကို ထိန်းချုပ်နိုင်တဲ့ ထိန်းသိမ်းနိုင်တဲ့ အတိုင်းအတာ ရှိလာမယ်။ ဒီလိုပုံစံမျိုးရှိလာရင် သူတို့အနေနဲ့ ဘာစပြီးတော့ လုပ်ရမှာလဲဆိုတော့ အစိုးရတရပ် အနေနဲ့ပေါ့၊ အစိုးရတရပ် အနေနဲ့ဆိုတဲ့နေရာမှာ ဥပမာပေါ့၊ မြန်မာနိုင်ငံက ရခိုင်ခွဲထွက်မှာလားတို့ ဖက်ဒရေးရှင်းတို့ ဒါတွေကို လောလောဆယ်ဖယ်ထားလိုက်ပြီးတော့ အာရက္ခတပ်တော်အနေနဲ့ အစိုးရတရပ်လို ထူထောင်ပြီးတော့ ဥပမာ- နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတရပ်လို ပြုမှုဆောင်ရွက်ရမှာကို သူတို့ စပြီးတော့ လုပ်ဆောင်ရပါမယ်။ အဲဒါတွေကို ကျနော်တို့ ၂၀၂၅ အလယ်ပိုင်းလောက်မှာ တွေ့ရမယ်ပေါ့။ ကျနော်ဆိုလိုချင်တာက စီးပွားရေး၊ နိုင်ငံရေးပေါ့။ အဓိကတော့ စီးပွားရေးနဲ့ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကအစ နိုင်ငံတစ်ခုမှာရှိတဲ့ အစိုးရအနေနဲ့ ဦးမော့လာအောင်ဆောင်ရွက်ရမယ်။ ဥပမာ -လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်က အစပေါ့။ ပညာရေး၊ ကျန်းမာရေး ဒီဟာတွေအကုန်လုံးကို အာရက္ခတပ်တော်ရဲ့ ပြည်သူ့အစိုးရပေါ့၊ အာရက္ခပြည်သူ့အစိုးရရဲ့ လက်အောက်မှာရှိပြီးတော့ ဒါတွေကို ကျနော်တို့ တွေ့မြင်ရမယ်။ ဆိုလိုချင်တာက ကျနော်တို့ ၂၀၂၄ တစ်နှစ်လုံး မနားတမ်း စစ်ရေးအခြေအနေတွေကို တွေ့ခဲ့ရတယ်။ ၂၀၂၅ မှာကြတော့ စစ်ရေးမဟုတ်ဘဲနဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ အုပ်ချုပ်ရေးယန္တရားတွေ စီးပွားရေး၊ လူမှုရေး တွေ အာရက္ခတပ်တော်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးပေါ့။ အစိုးရတရပ်အနေနဲ့ရော ဘယ်လိုပုံစံမျိုး လုပ်ဆောင်လာ မှာလဲဆိုတာကို ကျနော်တို့တွေ့မြင်လာနိုင်ရတယ်လို့ သုံးသပ်မိပါတယ်။
မေး။ ။ ရခိုင်ပြည်က မွတ်ဆလင်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဖြေရှင်းရင် ရနိုင်လဲ။ ဒီအပေါ်မှာ ကိုကျော်ဆန်းလှိုင်ရဲ့အမြင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့လက်ရှိ ရခိုင်မှာရှိနေတယ်။ အဓိက ဒီကိစ္စက ရခိုင်အရေးဆိုတာထက် ကမ္ဘာအရေးလို ဟာမျိုးဖြစ်နေတဲ့ ဒေသပေါ့နော်။ ဒေသဆိုင်ရာ regional အရေး ဖြစ်နေတာပေါ့။ ဆိုတော့ ဒီကမ္ဘာကြီးထိ ရောက်နေတဲ့ ဒီရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရှုထောင့်ကတော့ နှစ်မျိုးကြည့်ရမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့အုပ်စုပေါ့။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေပြီး နေရပ်ပြန်ဖို့အတွက် အဓိကပြောနေတဲ့ လူအုပ်စုတွေရှိမယ်။ ဒုတိယတခုက လက်နက်ကိုင် ပြီးတော့ အဓိက စကစနဲ့ပူးပေါင်းပြီးတော့ တိုက်နေတဲ့ဟာတွေ၊ စကစ ဦးဆောင်ပြီးတော့ သူတို့ကို လက်နက် တပ်ဆင်ပေးတဲ့ဟာတွေ တချို့ကတော့ မလိုလားဘဲပါဝင်ရတာပေါ့။ Forced recruitment ပေါ့လေ။ Conscription ခေါ်တဲ့ အတင်းအဓ္ဓမ တပ်သားသစ်စုဆောင်းတာတွေရှိမယ်။ တချို့ကတော့ လိုလိုလားလား ပူးပေါင်းပါဝင်ပြီးတော့ အာရက္ခတပ်တော်ကို တိုက်ခိုက်တာတွေရှိမယ်။ ဒီအုပ်စုနှစ်ခုပေါ့။
နောက်တစ်ခု ရခိုင်ပြည်တွင်းမှာရှိနေတဲ့ အုပ်စုပေါ့။ အဲလိုပုံစံမျိုး သုံးခုကြည့်ပြီးတော့ မြင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဘူးသီးတောင်၊ မောင်တောကို အလုံးစုံသိမ်းပိုက်ထားသိတိုင်အောင် ကျနော်တို့ မကြာမကြာတွေ့မြင်ရမှာက ARSA၊ RSO သူတို့နဲ့ဆိုင်တဲ့အုပ်စုတွေ အာရက္ခတပ်တော်ကို မကြာမကြာ တိုက်ခိုက်တာတို့ အဲလိုပုံစံမျိုး တွေ့မြင်ရမယ်။ ဒုတိယတချက်က ပြည်တွင်းမှာရှိတဲ့ ဒေသခံမွတ်ဆလင်တွေနဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ရဲ့ သူတို့စီမံကိန်းတွေ၊ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေမှာ ဘယ်လို ပူးပေါင်းပါဝင်ပြီးတော့ ဘယ်လိုပုံစံမျိုး ခေါင်းဆောင်ပိုင်းကရော Decision Making ပိုင်းမှာရော ဘယ်လို ပူးပေါင်းဆောင်ရွက်လာမှာလဲဆိုတာကို ကျနော်တို့ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါတွေကလည်း ဘာကို ပြောချင်သလဲဆိုတာက ကျနော်တို့လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် အာရက္ခ တပ်တော်ရဲ့ နိုင်ငံရေးဆန္ဒတွေ လုပ်ဆောင်နေတဲ့ဟာတွေ လက်ရှိအချိန်မှာလည်း သူတို့လုပ်ဆောင်နေတဲ့ ဟာတွေ အများကြီးရှိတယ်ပေါ့လေ။ ဒါတွေကလည်း ဒီပြဿနာကိုဖြေရှင်းမယ့် နည်းလမ်းပေါ့။
နောက်တစ်ခုက နေရပ်ပြန်လာရေးကိစ္စပေါ့။ ဘင်္ဂလားဒေ့ရှ်ရောက်နေကြတဲ့ နေရပ်ပြန်လာရေးကိစ္စမှာလည်း ကျနော်ပြန်ကြည့်ရရင် လက်ရှိရခိုင်ပြည်အတွင်းမှာရှိနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ စစ်ပွဲကြောင့် ပြေးလာတဲ့ သူတွေကို အရင်ဆုံး နေရပ်ပြန်မပို့ဘဲနဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ဆိုတာကလည်း အာရက္ခတပ်တော်အနေနဲ့ မဖြစ်နိုင်သေးဘူးပေါ့။ အဲလိုပုံစံမျိုးလည်း ရှိမယ်။ ဒုတိယတချက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကရော အာရက္ခ တပ်တော်ကို ဘယ်လောက်အထိ တရားဝင်ပူးပေါင်းဆောင်ရွက်မှုရှိလာမလဲ။ UN တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ဒေသဆိုင်ရာအစိုးရအဖွဲ့တွေရော ဒီအပေါ်မှာ ဘယ်လောက်အထိ အာရက္ခတပ်တော်ကို အစိုးရတရပ်အနေနဲ့ တကယ်အသိမှတ်ပြုပြီးတော့ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတဲ့ဟာက ဒီပြဿနာတွေရဲ့ အဖြေတွေဖြစ်လာမယ်လို့ ကျနော်ကသုံးသပ်မိပါတယ်။
မေး။ ။ ၂၀၂၄ ရခိုင်စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲအပေါ် သုံးသပ်ပေးပါဦး။
ဖြေ။ ။ ၂၀၂၄ ကတော့ ကျနော်တို့ အာရကန်ဒေသပေါ့လေ။ ရခိုင်ပြည်ရဲ့ စစ်ရေးအခြေအနေကို အဓိက ပြောရမှာပေါ့။ ကျနော်တို့ ဒီမှာနိုင်ငံရေးအရထိုးနှက်မှုတွေ၊ လူမျိုးရေးပဋိပက္ခဖန်တီးမှုတွေ တောက်လျှောက် ၂၀၂၄ မှာ အများကြီးတွေ့ရတယ်။ ဒါကို လိမ္မာပါးနပ်စွာနဲ့ ရခိုင်ပြည်ဒေသမှာရှိနေတဲ့ လူမျိုးစုအသီးသီးကပေါ့ ဒါကို ဖြေရှင်းနိုင်တယ်။ ရပ်တည်နိုင်တာကိုကလည်း တကယ်ကိုလေးစားစရာကောင်းတယ်လို့ ကျနော်အနေနဲ့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်ရဲ့ တောက်လျှောက်စစ်ရေးတစ်ခုတည်းကို ကြည့်ရင် စစ်ရေးဆိုရင်လည်း အာရက္ခတပ်တော်ရဲ့ ပထမရည်မှန်းချက်၊ ဒုတိယရည်မှန်းချက်၊ တတိယရည်မှန်းချက် ပေါ့။ ဥပမာ- ပလက်ဝ ကစပြီးတော့ မြောက်ဦး၊ မင်းပြားတို့ ကျောက်တော်တို့ကို ပထမရည်မှန်းချက်အနေနဲ့ သိမ်းပိုက်တယ်။
ဒုတိယလည်း နောက်က မောင်တော၊ အမ်း၊ တောင်ကုတ်နဲ့ ဂွ တို့ကို သိမ်းပိုက်မှု လုပ်လာ တယ်။ တတိယက ကျောက်ဖြူတို့ စစ်တွေတို့ နောက်မာန်အောင်ပေါ့။ ဒီသုံးခုပဲကျန်တဲ့အချိန်မှာ ဒါစစ်ရေး အခြေအနေ အောင်မြင်နေတဲ့အချိန်မှာ ဒီဟာကိုအောင်မြင်ဖို့အတွက်လည်း ပြည်သူလူထုရဲ့ နိုင်ငံရေးအရ စိတ်ဆန္ဒရှိတဲ့ လိမ္မာပါးနပ်စွာ ကြံကြံခံနိုင်တဲ့ လူထုရော တကယ်ကို အရေးကြီးပါတယ်။ အခုထိအောင်လည်း အင်တာနက် မရတဲ့ဟာတွေ၊ ဖုန်းလိုင်းမရသေးတဲ့ဟာတွေ ဒါတွေတစ်ခုတည်း မဟုတ်ဘူး။ ဥပမာ-ကျနော်တို့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့က ကုန်စျေးနှုန်းတစ်ခုဆိုရင် တစ်ထောင်ပဲ ကျတယ်ဆိုပါစို့။ အခုတစ်သောင်းနဲ့ မရတော့ဘူး။ ဆယ်ဆလောက်ဖြစ်သွားတဲ့ ဒီကုန်စျေးနှုန်းတွေရော အကုန်လုံးကို ကြံ့ကြံ့ခံပြီးတော့ ခါးစည်းခံ ပြီးတော့ ဒီတော်လှန်ရေးအရွေ့တစ်ခုအတွက် လုပ်နေတာတွေကို အများကြီး တွေ့မြင်ရတယ်။ အများကြီးလည်း လေ့လာသင်ယူရတယ်လို့ ကျနော်က အဲလိုသုံးသပ်မိပါတယ်။
မေး။ ။ ရခိုင်ပြည်သူတွေမျှော်လင့်နေကြတဲ့ အာရက္ခအိမ်မက်နောက်ဆုံးပန်းတိုင်ဟာ နီးလာပြီလို့ ပြောလို့ရလား။ ဘယ်လိုအတိုင်းအတာမှာ ရှိနေပြီလို့ သုံးသပ်ပါလဲ။
ဖြေ။ ။ ရက္ခိတအိမ်မက်က ရောင်နီသန်းလာတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ ဆိုတော့ ရက္ခတိ အိမ်မက်လို့ ပြောလိုက်တဲ့အချိန်မှာ ရခိုင်မှာအာရက္ခတပ်တော်တစ်ခုတည်း ရှိရမယ်ဆိုတဲ့ဟာ ရက္ခိတ အိမ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ရက္ခိတအိမ်မက် လုံးလုံးချာချာပြည့်စုံတာ မဟုတ်သေးဘူး။ ဒီရှိပြီးသား လက်ရှိအာရက္ခတပ်တော်ရဲ့ တိုက်ပြီးတော့ ရလာတဲ့ ဘယ်လိုမျိုးအုပ်ချုပ်မှာလဲ။ ဘယ်လို စီမံခန့်ခွဲမှာလဲ။ ဒါတွေကို လူထုကရော တကယ်နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ၊လူမှုရေးအရရော ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုဖြစ်လာအောင် အုပ်ချုပ်ရေးတွေ ယန္တရားတွေ အများကြီးတည်ဆောက်ဖို့ လိုသေးတာပေါ့။
ကျနော်ကတော့ လက်ရှိရခိုင်လူထုပြောနေတဲ့ ရက္ခိတလမ်းစဉ် ရက္ခိတအိမ်မက်က ရောင်နီသန်းနေပြီပေါ့။ ဆိုလိုချင်တာက ဖောင်ဒေးရှင်းတွေကောင်းကောင်းရှိနေပြီ။ ဒီလိုဖောင်ဒေးရှင်းတွေ ရဖို့အတွက်လည်း ဒီနှစ်ဆိုရင် နှစ်ပေါင်း ၂၄၀ ထိအောင် ရခိုင်တွေရဲ့မျိုးဆက်တစ်ခုချင်းစီ အလိုက်ပေါ့ ။ဒီဖောင်ဒေးရှင်းတွေ ရဖို့အတွက်ကြိုးစားခဲ့ကြတာတွေကို ကျနော်တွေ့ရတယ်။ ဒီကနေတဆင့် တကယ်ရခိုင်ပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းရေးတို့ကို ဘယ်လို ဆက်သွားမှာလဲ။ ဒီဖောင်ဒေးရှင်းကတဆင့် တွေ့မြင်ရဖို့ရှိတယ်လို့ ကျနော်သုံးသပ်မိပါတယ်။
မေး။ ။ တဖက်က ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပြီး ပြည်သူတွေကို လေကြောင်းကဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအပေါ် ဘယ်လောက်အထိ ယုံကြည်မျှော်လင့်လို့ရနိုင်ပါလဲ။
ဖြေ။ ။ စစ်ကောင်စီက ငြိမ်းချမ်းရေး ဖိတ်ခေါ်တာက သူတို့နိုင်ငံရေးအရ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပါတယ်ဆိုတဲ့ အပြောသက်သက်လောက်သာ ရှိပါတယ်။ ရခိုင်မှာစစ်ရှုံးနေတဲ့ဟာတွေ ၊မြန်မာနိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ ဟာတွေကို တကယ်စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေက ဒါတွေလက်ခံလားဆိုတော့၊ လက်မခံနိုင်သေးဘူး ဖြစ်နေတယ်။ တကယ်စစ်ရှုံးနေပြီဆိုတာကို လက်မခံသေးဘူး။ သူတို့ရဲ့ ယုံကြည်မှု တွေက အခုထိအောင် ရှိနေတဲ့သဘောပေါ့။ ဒီဘက်မှာ အာရက္ခတပ်တော်အနေနဲ့လည်း ကြေညာချက် ထုတ်တယ်ဆိုတဲ့ဟာက ရခိုင်ပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လို့ ပြောလို့ရတယ်။ သူတို့လက်ထဲမှာရှိနေတဲ့ လုံးဝရခိုင်ပြည်ရဲ့ အဓိကအချက်အချာကျတဲ့ နေရာတွေရော ရခိုင်မှာပါ အခုဆိုရင် မြို့သုံးမြို့သာ ကျန်တဲ့ အခြေအနေထိတောင်ရှိလာပြီးဆိုရင် အာရက္ခတပ်တော်အနေနဲ့ ဒါကိုသူတို့ရဲ့ နိုင်ငံရေးအရ ကမ်းလှမ်းတယ်။ ဒီနိုင်ငံရေးအရ ကမ်းလှမ်းတယ်ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံညှိုနှိုင်းမှုတွေ လုပ်မှာလဲပေါ့။
အာရက္ခတပ်တော် ဘက်ကတော့ သေချာတယ်ပေါ့။ အာရက္ခတပ်တော်တစ်ခု ရခိုင်ပြည်မှာရှိရမယ်။ အုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာကို စစ်တပ်ဘက်ကတော့ လက်ခံနိုင်မယ်လို့ ကျနော်ကမထင်ဘူးပေါ့လေ။ သို့သော်လည်းနိုင်ငံရေးအရ စိတ်ဆန္ဒရှိတဲ့ဆိုတာကို ပုံဖော်ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီရခိုင်မှာကြတော့ ရခိုင်နဲ့စစ်ကောင်စီနဲ့ တိုက်ပွဲသက်သက် မဟုတ်ဘူး။ ရခိုင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ အိန္ဒိယတို့လို၊ တရုတ်တို့လို ရင်းနှီးမြှုပ်နှံမှု ရှိသလို့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ဒေသလိုပုံစံမျိုး နယ်မြေနယ်စပ်ရေးရာ ပြဿနာတွေအများကြီး ရှိတယ်ပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် နိုင်ငံရေးအရ စိတ်ဆန္ဒရှိတဲ့ဟာကိုလည်း ဖော်ပြရမယ်။ ဒီဟာကို အစိုးရတရပ်လို့ရပ်တည်ဖို့ အာရက္ခ တပ်တော်က နည်းတစ်ခုခုပေါ့လေ။ အသွင်အပြင်တစ်ခုခုနဲ့ပေါ့လေ။ ကြိုးစားလုပ်ဆောင်ဖို့ အစပြုတယ် သဘောကိုလည်း ကျနော်တို့နားလည်ပါတယ်။
မေး။ ။ ရခိုင်နိုင်ငံရေး၊ မြန်မာနိုင်ငံရေးကို လေ့လာနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၅ မှာ ရခိုင်ပြည်အနာဂါတ်ကို ဘယ်လိုမျိုးမျှော်မှန်းထားပါလဲ။
ဖြေ။ ။ ကျနော်မြင်တာက နှစ်ပေါင်း ၂၄၀ တိုင်ထိအောင်ပေါ့။ ဒီလိုမျိုးအခင်းအကျင်းကို ကျနော်မတိုင်ခင် မျိုးဆက်အဆက်ဆက်က မမြင်ဖူးခဲ့တဲ့ အခင်းအကျင်းတစ်ခု လက်ရှိရခိုင်ဒေသမှာ မြင်တွေ့နေရတယ်။ ဒီကတဆင့် ကျနော်တို့ဘယ်လောက်အထိ ဆက်သွားနိုင်မှာလဲဆိုတဲ့ဟာကို လက်ရှိကျနော်တို့မျိုးဆက်ရယ်၊ ကျနော်တို့အထက်ကမျိုးဆက်ပေါ့။ ဒီမျိုးဆက်တွေကို ကျနော်အနေနဲ့ပြောရရင် အကြွင်းမဲ့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနှံ့ကို ကြည့်လိုက်ပေါ့။ ကျနော်တို့ရဲ့မျိုးဆက်တွေကပဲ ဒီနိုင်ငံရေးတွေ၊ တော်လှန်းရေးတွေကို ဦးဆောင်ပြီးတော့လုပ်နေတာတွေကို တွေ့ရတယ်။ ဆိုတော့ လက်ရှိအာရက္ခ တပ်တော်ရဲ့ ခေါင်းဆောင်ပိုင်းရော လူငယ်ပိုင်းရော ပူးပေါင်းပါဝင်မှုအရဆိုရင် ပြောရရင် လက်ရှိရခိုင်ရဲ့ လုံးဝနိုင်ငံတစ်ခု အနေနဲ့အုပ်ချုပ်ရေး ယန္တရားတွေ၊ နိုင်ငံတစ်ခုဆိုတာက နိုင်ငံတစ်ခုလို ပြုမှုနိုင်တဲ့ အခြေအနေမျိုးရောက်ဖို့အတွက် ကျနော်တို့အများကြီး ကြိုစားရအုံးမယ်။ ကျနော်တို့ လူသားအရင်းအမြစ် Human Resources တွေပေါ့။ လူသားအရင်းအမြစ်တွေ အများကြီးလိုအုံးမယ်။
ဒါပေမဲ့ ဘာမှရှိဘဲနဲ့ပေါ့လေ၊ ဒီလူ ၂၆ ယောက်နဲ့နေပြီးတော့ အခုသိန်းနဲ့ချီတဲ့လူတွေ၊ သောင်းနဲ့ချီတဲ့ လူတွေပေါ့လေ။ ရခိုင်ရဲ့နေရာတွေကို သိမ်းပိုက်နိုင်တဲ့ဟာက လျော့တွက်လို့ မရဘူးလို့ ကျနော်မြင်တယ်။ ဆိုတော့ အခု ၂၀၂၅ ပေါ့၊ ၂၀၃၀ ပေါ့၊ ၂၀၃၅ ဆိုရင် ရခိုင်ဒေသရဲ့ အခြေအနေက လက်ရှိမြန်မာနိုင်ငံတဝန်းလုံး မှာရှိတဲ့ အခြေအနေ တရပ်လုံးထက် ပြုပြင် ပြောင်းလဲတာလည်း ဖြစ်နိုင်တယ်။ ဖွံ့ဖြိုးတာလည်း ဖြစ်နိုင်တယ် အခြေအနေ တရပ်ပေါ့လေ။ ကျနော်က အဲလိုပုံစံမျိုး အမြဲတမ်းစဉ်းစားမိတယ်။ ကျန်းမာရေး၊ ပညာရေးက အစပေါ့။ ဥပမာ- နိုင်ငံတကာအဆင့်မီတဲ့ Institution တွေ ဖြစ်လာမယ်။ ဒီလိုပုံစံမျိုး ဖြစ်လာအောင်လည်း ကျနော်တို့ ရခိုင်ဒေသ အာရက္ခဒေသပေါ့လေ၊ ရခိုင်ဒေသမှာရှိတဲ့ လူငယ်တွေ အားသွန်ခွန်စိုက်နဲ့ ကြိုးစားနေ တာတွေ ပြောဆိုနေတာတွေ တွေ့ရတယ်။ တကယ်ဖြစ်လာမယ်ပေါ့။ ဒါအတွက်လည်း achieve ဖြစ်လာမယ် ပေါ့။ ၂၀၃၅၊ ၂၀၄၅ အခင်းအကျင်းတစ်ခုက ရခိုင်မှာနေကြတဲ့ လူထုတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့ ရခိုင်လူထုတွေအတွက်ကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။ ရင်ခုန်စရာ ကောင်းတဲ့ အခြေအနေတရပ်လို့ သုံးသပ်မိပါတယ်။
မေး။ ။ နောက်ထပ်ဘာများဖြည့်စွက်ပြောချင်ပါလဲ။
ဖြေ။ ။ လက်ရှိရခိုင်ပြည်ရဲ့အခြေအနေကို ပြောရရင် အဆိုးရွားဆုံးလို့ ပြောလို့ရတယ်။ သို့သော် အဆိုးဝါးဆုံးအခြေအနေရဲ့နိဂုံးဟာ အတောက်ပဆုံးအခြေအနေရဲ့နိဒါန်းလို့ ကျနော်ကတော့ သုံးသပ်တယ်။ ဒီလိုပုံစံမျိုး အခြေအနေရဖို့အတွက် နောက်တဆင့်သွားဖို့အတွက်လည်း ရခိုင်လူထအနေနဲ့ ပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ဖို့ လိုသေးတယ်။ ဒီဟာတွေကို ပူးပေါင်းပါဝင်ပြီးတော့ ပညာရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် တကယ်ကိုကျွမ်းကျင်တဲ့လူတွေရော ဒီအခြေအနေကနေပြီးတော့ ရှေ့ကိုတစ်လှမ်းတိုးဖို့အတွက် အများကြီး ပူးပေါင်းပါဝင်ဆောင်ဖို့ လိုသေးတယ်လို့ ကျနော်ကသုံးသပ်တယ်။ ဒါပေမဲ့ရောင်နီသန်းတဲ့ အခြေအနေမှာတော့ ကျနော်တို့ရဲ့ရက္ခိတအိမ်မက်ပေါ့နော်၊ အဓိကရခိုင်ဒေသမှာရှိတဲ့ လူတွေရဲ့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတွေကို ရှေ့မှာတော့ ပိုတွေ့မြင်ရဖို့ရှိသေးတယ်လို့ ကျနော်အနေနဲ့ ဒီလိုပဲသုံးသပ်ပါတယ်။
နိရဉ္စရာ ပေးပို့သည်။