တရုတ်ရဲ့ ကြားဝင်ပေးမှု၊ တိုက်တွန်းပေးမှုတွေကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြတဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့လို့ အများသိကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဇွန်လ ၁ ရက်နေ့ ကနေ ၂ ရက်နေ့ အထိ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။
အဲ့ဒီလို တွေ့ဆုံဆွေးနွးမှု ရှိနေတဲ့ အချိန်မှာပဲ တစ်ဖက်က စစ်ကောင်စီတပ်ဖွဲ့ဟာ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြင်းထန်လာပါတယ်။
စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ ကြားက ပစ်ခတ်တိုက်ခိုက်မှုတွေ ဘာကြောင့် ပစ်ခတ်တိုက်ခိုက်ကြတာလဲ၊ လက်ရှိ မြေပြင်အခြေအနေ ဘယ်လိုရှိလဲ ဆိုတဲ့ အကြောင်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ သတင်းပြန်ကြားရေး အဖွဲ့ဝင် ဉီးရန်ရန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ယခုရက်ပိုင်းအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အခြေအနေကို ပြောပြပေးပါအုံး။
ဖြေ။ ။ ဟုတ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ကျနော်တို့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ တချို့နေ့တွေဆို တိုက်ပွဲ သုံး လေး နေရာ ဖြစ်ပွားတာလည်း ရှိနေပါတယ်။ မြေပြင် အခြေအနေအရ စစ်ကောင်စီက ကျနော်တို့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ တိုက်ခိုက်မှုတွေ ပြုလုပ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာပေါ့။
မေး ။ ။ တိုက်ပွဲက ဘယ်နေရာတွေမှာ ဖြစ်တာလဲ။ ထိတွေ့ပစ်ခတ်မှုက ဘယ်နှစ်ရက်ရှိပြီလဲ။
ဖြေ။ ။ ကျနော်တို့က ၆ လပိုင်း ၂ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့က ကျနော်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာတယ်။ အဲ့ ၂ ရက်နေ့မှာက တိုက်ပွဲက စဖြစ်ခဲ့တယ်ပေါ့။ ၃ ရက်နေ့မှာလည်း တိုက်ပွဲ ထပ်ဖြစ်ခဲ့တယ်။ အဲ့နေရာကတော့ ကျနော်တို့အခေါ် ကျင်းဆန်းဒေသမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ရတယ်။ အဲ့ဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က တစ်ယောက်ကျတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ ပြီးတော့ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာလည်း နှစ်ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ခဲ့တယ်။ စစ်ကောင်စီက ကျနော်တို့ တပ်ဖွဲ့ဆီကို စစ်အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာ။ အဲ့ဒီ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ နှစ်ရက်လုံးမှာ တစ်နေရာတည်း တိုက်ပွဲဖြစ်ခဲ့တယ်။ အဲ့နား တစ်ဝိုက်မှာပဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်။
၅ ရက်နေ့မှာပဲ နောက်ထပ် တိုက်ပွဲ တစ်နေရာ ထပ်ဖြစ်ခဲ့တယ်။ အဲ့ဒါကတော့ ကျိုထိုဆန်း ဆိုတဲ့ တောင်ကုန်းမှာပဲ။ လောက်ကိုင်မြို့နယ်ထဲမှာ ရှိတယ်။ အဲ့မှာလည်း ၄ ရက်နေ့ နဲ့ ၅ ရက်နေ့ နှစ်ရက်ပေါင်းမှာ ရန်သူ့ဘက်က ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော် ရှိအောင် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့ လက်နက်ခဲယမ်းတွေကို ကျနော်တို့ သိမ်းဆည်းရမိတယ်။ နောက်ထပ် တစ်ခုက ၅ ရက်နေ့ ညနေပိုင်းလောက်မှာ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ကျနော်တို့ တိုင်းရင်းသား တပ်မဟာ ၆၁၁ တို့က ထိတွေ့မှုလည်း ဖြစ်ပွားခဲ့သေးတယ်။ ၆ ရက်နေ့ တိုက်ပွဲ အခြေအနေတော့ ကျနော့်ဆီကို သတင်းအချက်အလက်တွေ မရောက်လာသေးဘူး။
မေး။ ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ MNDAA ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီးတဲ့နောက် အခုလို ထိတွေ့ပစ်ခတ်မှုတွေ ပြင်းထန်လာတာ ဘာကြောင့်လဲ ။
ဖြေ။ ။ ဆွေးနွေးပွဲကို ကျနော်ကိုယ်တိုင် တက်ရောက်ခဲ့တာ မရှိပါဘူး။ ပြီးတော့ ဘာတွေ ဆွေးနွေးသွားလဲ ဆိုတာ အသေးစိတ်လည်း မသိရဘူး။ ဒါပေမယ့် မီဒီယာတွေမှာ ရက္ခိုင့်တပ်တော်ရဲ့ ပြောဆိုချက်အရရယ်၊ ပြီးတော့ ကျနော့်အထက်အကြီးအကဲ အထက်လူကြီးတွေ ပြောပြအရ ဒီဆွေးနွေးပွဲကို ပြေပြေလည်လည် ပေါ့ပေါ့ပါးပါးနဲ့ ပြီးဆုံးသွားတယ်ပေါ့။ မပြေလည်တာတွေ မရှိဘူးလို့တော့ အထက်လူကြီးတွေက ကျနော့်ကို ပြောပါတယ်။
အဲ့ဆိုတော့ အစဉ်အလာအရပေါ့နော်။ အာဏာမသိမ်းခင်ကတည်းကလည်း ဒီဆွေးနွေးပွဲက အကြိမ်ကြိမ် ရှိခဲ့တာပဲ။ ဒါပေမဲ့ အဲ့လိုတွေ ဆွေးနွေးပွဲ ရှိနေတုန်းမှာပဲ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်တာတွေ အကြိမ်ကြိမ်ရှိခဲ့ ဖူးတယ်။ အဲ့ကြောင့် ဒီဆွေးနွေးမှုတွေ နဲ့ ထိုးစစ်ဆင်မှုတွေက အဲ့လောက်ထိ မသက်ဆိုင်ဘူးလို့တော့ ကျနော် ထင်တယ်။ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုကတော့ ၂၀၁၅ ခုနှစ် အချိန်ကနေ အခုချိန်ထိ ဖြေလျှော့သွားတာ မရှိခဲ့ပါဘူး။ တချိန်လုံး တင်းမာလာတာပဲ ရှိတယ်။
မေး။ ။ အခုလို ထိတွေ့တိုက်ပွဲဖြစ်တာကရော MNDAA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိခဲ့လား။
ဖြေ။ ။ ကျနော်တို့ အနေနဲ့တော့ အမြဲတမ်း ခုခံကာကွယ် အနေနဲ့ပဲ ရှိပါတယ်။ တကယ်လို့ ကျနော်တို့ဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိခဲ့သော်ငြား ဒါက ကျနော်တို့ စစ်ရေး နဲ့ မြေပြင်လိုအပ်ချက်အရ လုပ်ရတာပါ။ များသောအားဖြင့်ကတော့ စစ်ကောင်စီဘက်ကနေ ကျနော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုခဲ့တာ များပါတယ်။

မေး။ ။ အခုလိုမျိုး စစ်ကောင်စီကနေ MNDAA တပ်ဖွဲ့အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာက ဘာကြောင့်လို့ ထင်လဲ။ တစ်ဖက်ကလည်းသူတို့က တစ်နှစ် အပစ်ရပ် ကြေညာထားတယ်ဆိုတော့လေ။
ဖြေ။ ။ အဓိက ကတော့ ကျနော်တို့ရဲ့ တိုးတက်မှု၊ ကျနော်တို့ လှုပ်ရှားနယ်မြေတွေကို သူတို့က ဟန့်တားချင်လို့ပဲ ထိုးစစ်ဆင် လာတယ်လို့ မြင်မိပါတယ်။
မေး ။ ။ MNDAA တပ်ဖွဲ့ အနေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ မဟာမိတ် တပ်ဖွဲ့တွေနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာ ပြောပြပေးလို့ ရနိုင်မလား။
ဖြေ ။ ။ အသေးစိတ်ကိုတော့ ကျနော့် အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့တော့ ညီနောင်မဟာမိတ်ပီပီ စစ်ရေးအရရော၊ နိုင်ငံရေးအရရော ရည်မှန်းထားတဲ့ ပန်းတိုင် ရောက်အောင် သွားကြမယ်လို့ပဲ ပြောနိုင်ပါတယ်။
မေး။ ။ စစ်ကောင်စီ တပ်ဖွဲ့ကနေ အခုလိုမျိုး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုရင် MNDAA တပ်ဖွဲ့ အနေနဲ့ ဘယ်လို တုန့်ပြန်သွားဖို့ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ အနေနဲ့တော့ ဆက်လက် ခုခံမယ်၊ ကာကွယ်သွားမှာပဲ။ စစ်ရေး ၊ နိုင်ငံရေး ရပ်တည်ချက်၊ မျှော်မှန်းချက်တွေကို အောင်မြင်တဲ့တိုင် ဆက်လက်တိုက်ပွဲ ဝင်သွားမှာပဲ။
သျှမ်းသံတော်ဆင့် – ပေးပို့သည်