“ကျနော်တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဆိုတဲ့နေရာမှာ တရားဝင်အစိုးရ အဖွဲ့အစည်းအားလုံးနဲ့ ကျနော်တို့ဟာ စကားပြောပိုင်ခွင့်လည်းရှိတယ်။ ပြောလို့လည်းရတယ်” ALP ပါတီ အတွင်းရေးမှူး ခိုင်သူရိန်

0
360
ပုံစာ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲတပ်ဖွဲ့ဝင်များ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲရဲ့ လက်ရှိအခြေအနေရပ်ရပ်နဲ့ပတ်သက်ပြီး ၎င်းအဖွဲ့ရဲ့ အတွင်းရေးမှူး ခိုင်သူရိန်နှင့် အမေးအဖြေ

စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Forces – BGF) အဖြစ် အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ဆွေးနွေးနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်နေမှုနဲ့အတူ ဒီ ALP အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ ဒီနှစ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေလည်း ရှိလာပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင် ၁ ရက် မှာပဲ အဲဒီအဖွဲ့ရဲ့ ပါတီ ဒု-ဥက္ကဋ္ဌခိုင်နီရောင်အပါအဝင် ALA အမှတ် (၁ဝ၁) တပ်ရင်းက တပ်ရင်းမှူးခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ဟာ စစ်တွေမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ ရပါတယ်။ နောက်ထပ်လည်း ALP ဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အခြေစိုက်ပြီး စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် စစ်တွေမြို့၊ ဘုမေကျေးရွာနားမှာလည်း စစ်ကောင်စီက နောက်ထပ် ALP ကို နောက်ထပ် မြေကွက် တစ်ကွက်ပေးပြီး အဲဒီမှာ ပါတီရုံးဆောက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ALP ပါတီရဲ့ အတွင်းရေးမှူး ခိုင်သူရိန်ကို ဇူလိုင် ၆ ရက်က အခုလို ဆက်သွယ်မေးမြန်ခဲ့ပြီး တင်ပြလိုက်ပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ALP ကို နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ ဆွေးနွေး နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတို့ဘက်က ဘာများတုံ့ပြန်ပြောချင်ပါလဲ။

ဖြေ။ ။ အဲလိုကိစ္စမျိုး တခါမှ မရှိဖူးဘူး။ ကျနော်တို့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တိုင်လည်းမတိုင်ပင်၊ ဆွေးနွေးထားတာ စစ်ကောင်စီနဲ့ ဘာမှမရှိဘူး။

မေး။ ။ နောက်တစ်ခုက ဟိုတစ်နေ့က စစ်တွေမှာ ပါတီဒုဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် ၃ ဦး ပစ်ခတ်သတ်ဖြတ် ခံရမှုနဲ့ပတ်သက်လို့ လက်ရှိ ဘာတွေ ဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ တရားခံတွေကို ဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးနဲ့ပါ တပ်ရင်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး။ ။ အဲဒီမှာ သံသယဖြစ်စရာ ဘယ်နှစ်ယောက်လောက်ကိုများ ဖမ်းဆီးခေါ်ယူ စစ်ဆေးနေတာတွေရှိပါလဲ။

ဖြေ။ ။ ဒါတော့ ကျနော်တို့ ပြောလို့မရဘူး။ ကျနော် ပြောပြလို့ရနိုင်တာကတော့ ကျနော်တို့ ဒီဟာတွေနဲ့ ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေ ရှိနေတယ်။ ဒါပဲ ပြောပြနိုင်ပါတယ်။

မေး။ ။ ဒီလုပ်ကြံသတ်ဖြတ်မှုကိစ္စနဲ့ ပတ်သက်လို့ ဆရာတို့ဆီမှာ တချို့ဖမ်းဆီးခံထားရတဲ့သူတွေကို ညှဉ်းပမ်း နှိပ်စက်တာတွေ ရှိမှာကို မိသားစုဝင်တွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိသားစုတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ သူတို့ အပြစ်မရှိဘူးဆိုရင်တော့ ပြန်လွှတ်ပေးမှာပါ။ အပြစ်လုပ်ထားရင်တော့ ပြည်ထဲရေးတို့၊ စစ်တပ်က ဆက်လက် ဆောင်ရွက်တာတွေ လုပ်ပါလိမ့်မယ်။

မေး။ ။ တစ်ဆက်တည်းမှာပဲ အဲဒီနေ့ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော် (AA) လက်ချက် ဖြစ်တယ်လို့ ဆရာတို့ဘက်က ပြောထားတာတွေလည်း ရှိတယ်။ နောက်ပြီး ဇန်နဝါရီလ ၄ ရက်က ထိပ်ပိုင်းခေါင်းဆောင် ၃ ယောက် ပစ်ခတ်ခံရမှုမှာလည်း AA လက်ချက်လို့ ပြောထားတာတွေ ရှိတယ်ဆိုတော့ ဘာကြောင့် AA ရဲ့လက်ချက်လို့ ဆရာတို့ဘက်က တိတိကျကျ ပြောနိုင်တာပါလဲ။

ဖြေ။ ။ ကျနော်တို့မှာ သက်သေတွေ ရှိပါတယ်။ သူတို့လုပ်ထားတာတွေနဲ့ ပတ်သက်ပြီးတော့၊ ဒါတွေက ကျနော်တို့က ပြောပြလို့ မရတာတွေ ရှိပါတယ်။ မီဒီယာကို ပြောပြသင့်တာကိုတော့ ကျနော်တို့ ပြောပြပါ့မယ်။

မေး။ ။ ဒါနဲ့ပတ်သက်လို့ကော AA ဘက်နဲ့ တစုံတရာ ပြောဆိုဆွေးနွေးသွားဖို့ ရှိမလား။

ဖြေ။ ။ လောလောဆယ်တော့ ဆွေးနွေးဖို့တော့ ဘာမှထွေထွေထူးထူး မရှိပါဘူး။

မေး။ ။ ဒီလိုဖြစ်ပျက်နေမှုနဲ့ ပတ်သက်ပြီးတော့ ဘာများပြောပြချင်ပါလဲ။

ဖြေ။ ။ ကိုယ့်ရခိုင်အချင်းချင်း ဒီလိုတိုက်ခိုက်နေတာတော့ ဘယ်မှာကောင်းမလဲ။ ဒါတွေကတော့ ကိုယ့်ရခိုင်သား အချင်းချင်း စဉ်းစားရမှာပဲလေ။ ကိုယ့်ရခိုင်ပြည် ကောင်းစားစေချင်လို့၊ ကိုယ့်ရခိုင်ပြည် တိုးတက်စေချင်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့တွေ လက်နက်ကိုင်ထားကြတယ်။ တော်လှန်ရေး လုပ်ခဲ့ကြတယ်။ အခု ကိုယ့်ရခိုင်အချင်းချင်း သတ်တာ၊ ဖြတ်တာတွေ ဖြစ်နေကြတယ်ဆိုတော့ လူကြားလို့လည်း မကောင်းဘူး။
ရှင်းရှင်းပြောရရင် ရှက်ဖို့ကောင်းပါတယ်။ တော်လှန်ရေးသမိုင်းမှာ ဒီလိုမျိုးတွေ ဖြစ်ပေါ်နေတာတွေလေ။ ဒါကို ပြောချင်ပါတယ်။ သူတို့တွေမှာလည်း လူကြီးပိုင်းတွေမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့သူတွေ အများကြီး ရှိတယ်လေ။ သူတို့အနေနဲ့ စဉ်းစားဆင်ခြင် ရမယ့်ဟာတွေ ဖြစ်နေတယ်၊ ငါတို့လုပ်တာတွေဟာ မှန်နေလား၊ မှားနေလားဆိုတာ သူတို့လူကြီးပိုင်းတွေ ဆင်ခြင်သုံးသပ်ကြပါတော့။ ဒီဟာကတော့ ကျနော် ဝေဖန်စရာ အကြောင်း မရှိဘူး။

မေး။ ။ တဘက်မှာလည်း ဒေါ်မြရာဇာလင်း ဦးဆောင်တဲ့ ဆရာတို့ ALP ဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အခြေစိုက်ပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်းခံတာတွေ ရှိတယ်လို့ ပြည်သူတွေကြားမှာ ပြောဆိုနေတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ အဲလိုကိစ္စမျိုးတွေ မရှိဘူး။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လေ၊ ဒီလို တရားလက်လွှတ် ပြောဆို နေတာတွေကတော့ သူတို့ဘာသာသူတို့ ပြစ်မှုတွေကို လုပ်ပစ်ခဲ့ပြီးတော့ သူတို့ဖြေရှင်းလို့ မနိုင်ဘူး၊ သူတို့ ပြစ်မှုတွေ ပေါ်လာကြတဲ့အပေါ်မှာ ဒီလိုသိက္ခာကျအောင် စွပ်စွဲတာတွေက ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ALP က စစ်တပ်နဲ့ ပူးပေါင်းနေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဆိုတဲ့ နေရာမှာ တရားဝင်အစိုးရ အဖွဲ့အစည်းအားလုံးနဲ့ ကျနော်တို့ဟာ စကားပြောပိုင်ခွင့်လည်း ရှိတယ်။ ပြောလို့လည်း ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ပြောကြ၊ ဆိုကြတာပဲ ရှိတယ်။ ဒီအပေါ်မှာ စစ်တပ်နဲ့ပေါင်းလို့ ပြည်သူကို နှိပ်စက်တယ်ဆိုတဲ့ စကားလုံးတွေကတော့ ဘယ်လို ပြောရမလဲ။ ဘောင်မဝင်တဲ့ စကားလုံးတွေပဲလို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။

မေး။ ။ နောက်တစ်ခုက စစ်တွေမြို့နားက ဘုမေ မွတ်ဆလင်ကျေးရွာနားမှာ ဆရာတို့ ALP ပါတီရုံး ထပ်ဆောက်ဖို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်ပါလဲ။

ဖြေ။ ။ အဲဒီဟာတွေကတော့ ဒီလုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်နေကြတာပဲလေ။ ဒါတွေဟာလည်း သူတို့မှာလည်း မြေပြင်က တချို့အဖွဲ့တွေမှာလည်း ကိစ္စဝိစ္စတွေရှိလို့ လုပ်နေတာတွေ ရှိမှာပေါ့။

မေး။ ။ ဘုမေမှာ ပါတီရုံး ထပ်ဆောက်မယ့်ဟာ ရှိတယ်လို့ ပြောချင်တာလား။

ဖြေ။ ။ ဒါတွေကတော့ ကျနော်တို့ ဒီအချိန်မှာ ဘာမှ မပြောနိုင်သေးဘူး။ အဲဒီသတင်းတွေဟာလည်း ဘယ်ကနေ ထွက်လာမှန်းလည်း မသိဘူး။ အဲဒါတွေ ပြောနေဆိုနေကြတာတွေလည်း၊ ဒါ့ကြောင့် တချို့ ကိစ္စတွေဟာ ကျနော်တို့လည်း ဖြေရှင်းဖို့ မလိုတဲ့ကိစ္စတွေကို ကျနော်တို့လည်း ခေါင်းထဲ အရေးတယူလုပ်လို့ ဖြေရှင်းနေမှာ မဟုတ်ဘူး။ ဒါပဲ ပြောချင်ပါတယ်။

မေး။ ။ နောက်တစ်ခုက ALP ဘက်မှာ အခုနောက်ပိုင်း စစ်တပ်ယူနီဖောင်းတွေနဲ့ တူလာတွေရှိတယ်လေ။ အဲဒီအပေါ် ဝေဖန်နေတဲ့အပေါ် ဘာတွေပြောချင်ပါလဲ။

ဖြေ။ ။ စစ်တပ်ယူနီဖောင်းနဲ့တူတာတော့ မဟုတ်ဘူး။ ဒါတွေက ဘယ်လိုပြောမလဲ။ တော်လှန်ရေးမှာတော့ ယူနီဖောင်းတွေကတော့ ဝတ်ကြတာပဲ။ အဆင်ပြေသလို ဝတ်ကြတာ ရှိတယ်။ ပြီးတော့ အဲဒီယူနီဖောင်း ကိစ္စကလည်း ရှင်းရှင်းပြောရရင် ကျနော်တို့ အရမ်းကြာနေပြီ။ ဗိုလ်ချုပ်စောမြတို့ လုပ်ကြံခံရမှု မဖြစ်ခင်ကတည်းက ဒီယူနီဖောင်းကိစ္စ ဖြစ်လာတာလေ။ ပြီးတော့ အခုဝတ်နေတဲ့ ယူနီဖောင်းကိုပဲ ပြန်ဝတ် နေတာတွေ ရှိတယ်။ ဒါတွေကတော့ အမြင်တွေအပေါ်မှာ စွပ်စွဲကြတာလို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ဒီလိုမျိုး ALP အပေါ်မှာ ပြောဆိုဝေဖန်မှုတွေ ကြီးကြီးမားမား ရှိနေသလို အဖွဲ့အတွင်းမှာလည်း ကွဲပြဲနေတဲ့ အတွက် ALP ကို ဘယ်လိုမျိုး ရှေ့ဆက်တည်ဆောက်သွားဖို့ ရှိနေလဲ။

ဖြေ။ ။ ဒီလို လုပ်ကြံမှုတွေ၊ ထိုးနှက်မှုတွေ အတွက်နဲ့တော့ ALP ရဲ့ သွားနေတဲ့လမ်းကြောင်း အပေါ်မှာတော့ ယိုင်နဲသွားတာ တစ်ခုမှ မရှိဘူး။ အားလုံး ပုံမှန်အတိုင်းပဲ သွားနေပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ ရခိုင်ပြည်သူတွေကို ပြောချင်တာကတော့ ဒီ “မိုခါ” ကိစ္စတွေနဲ့လည်း ရခိုင်ပြည်ဟာ အရမ်းထိခိုက် နေကြပြီ။ ရှင်းရှင်းပြောရင် နဂိုကတည်းကလည်း ကျနော်တို့ဟာ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက်ကျတဲ့ ဒေသထဲမှာ ပါတယ်။ ဒါကြောင့်မို့ ရခိုင်အချင်းချင်းသွေးကွဲနေဖို့၊ ရန်ဖြစ်နေဖို့၊ အငြင်းပွားနေကြဖို့ အစား ရခိုင်အချင်းချင်း မသင့်မြတ်တာတွေကို ညှိနှိုင်းကြပါ၊ ဆွေးနွေးကြပါ။ ကျနော်တို့တွေ ဘာလုပ်ပေးနိုင်မလဲ။ ပြည်သူတွေဘက်ကလည်း ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ တောင်းဆိုလို့ရတာတွေ ရှိတယ်။ ပြောဆိုပါ။ အားလုံးဟာ ရခိုင်တွေဟာ ဒီအချိန်မှာ တက်ညီလက်ညီနဲ့ ခရီးတစ်ခုကို သွားရဖို့အချိန် ဖြစ်နေပြီ။ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်ပြီးတော့ ဒီလိုမျိုး ဖြစ်နေရမယ့် အချိန်လည်း မဟုတ်တော့ဘူးပေါ့လေ။ အဲဒါပဲ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here