“ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့အစိတ်အပိုင်းပဲ ဖြစ်တယ်။ ပြည်ထောင်စု မလွတ်မြောက်ဘဲ အစိတ်အပိုင်း လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံး လွတ်မြောက်တဲ့ အထိ ပူးပေါင်းဆောင်ရွက်မယ်” ရဲဘော်လော်ရင်းစိုး- ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ပြောခွင့်ရသူ

0
419
ပုံစာ - ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုး။

“၁၁၀၇ စစ်ဆင်ရေး” စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး “၁၁၀၇ စစ်ဆင်ရေး” ကို ဖော်ဆောင်လိုက်ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြည်ထောင်စု လွတ်မြောက်ရေးအတွက် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေပါ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

ဒါကြောင့် “၁၁၀၇ စစ်ဆင်ရေး” စတင်ရတဲ့ အခြေအနေ၊ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ထားမှု၊ ကယားပြည်နယ် အတွင်း ဖော်ဆောင်သွားမယ့် စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ကယားပြည်နယ်အတွင်း “၁၁၀၇ စစ်ဆင်ရေး” ဖော်ဆောင်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့အစည်းက “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုထောက်ခံပြီးတော့ စစ်ရေးအရ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက် တိုက်ခိုက်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက်ထုတ်ထားပြီး ဖြစ်တယ်။ ဟန်ချက်ညီညီချိတ်ဆက်ပြီး တိုက်ခိုက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၁၁၀၇ စစ်ဆင်ရေး” ကို စတင်လိုက်တာ ဖြစ်ပါတယ်။

မေး။ ။ “၁၁၀၇ စစ်ဆင်ရေး” ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စတင်ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ကယားပြည်နယ်တစ်ခုတည်း လွတ်မြောက်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်က ကျွန်တော်တို့အဖွဲ့အစည်းက ဒီတိုင်းပြည်က ကျွန်တော်တို့ ပြည်ထောင်စုဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ရင် ကျွန်တော်တို့ပြည်နယ် မလွတ်မြောက်ဘူးဆိုတာ လုံးဝလက်ခံထားတာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်နယ်တစ်ခုတည်း လွတ်မြောက်ဖို့ဆိုတာထက် ရည်ရွယ်ချက်မျိုးတော့ ကျွန်တော်တို့မှာ မရှိဘူး။

ကျွန်တော်တို့နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိတယ်။ ပထဝီအနေအထား အရလည်း ကျွန်တော်တို့က ဆက်စပ်နေတယ်။ ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့အစိတ်အပိုင်းပဲ ဖြစ်တယ်။ ပြည်ထောင်စု မလွတ်မြောက်ဘဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံး လွတ်မြောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်ဆိုတာ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အဓိက ရည်မှန်းချက်ပဲဖြစ်တယ်။

မေး။ ။ “၁၁၀၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှုအခြေအနေနဲ့ ဆက်လက် ဖော်ဆောင်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ မနေ့ (နိုဝင်ဘာ ၇ ရက်)က ကျွန်တော်တို့တိုက်တဲ့ တပ်ရင်းစခန်းကိုတော့ တိုက်နေတာ ဒီနေ့အထိပဲ။ အဲဒီစခန်းကို လုံခြုံဖို့အတွက်ဆိုပြီး အပြင်ကိုထုတ်ထားတဲ့ ကားဂိတ်စခန်းတွေရှိတယ်။ စခန်းပတ်ချာလည်မှာ ကျေးရွာတွေရှိတယ်။ ကျေးရွာတွေကလည်း လူသူမရှိတော့ဘူး။ ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာရှိတယ်။ အဲဒီတပ်စွဲထားတဲ့ စခန်းနှစ်ခုကို ကျွန်တော်တို့ မနေ့ကဝင်တိုက်တာ ဖြစ်တယ်။ အဲစခန်းနှစ်ခုကို ကျွန်တော်တို့သိမ်းလိုက်တယ်။ လက်နက်မျိုးစုံ ၁၆ လက်ရတယ်။ ကျည်ဆန်မျိုးစုံ ရတယ်။ ရန်သူကတော့ ၂၀ ကျော်လောက်ကျတယ်။

မေး။ ။ “၁၁၀၇ စစ်ဆင်ရေး”ကို ကယားပြည်နယ်မှာ စတင်ပြီးနောက် စစ်ကောင်စီဘက်က ပြည်နယ်အတွင်းမှာ ဘာတွေလုပ်ဆောင်လာတာတွေ့ရပါလဲ။

ဖြေ။ ။ စစ်ကောင်စီကတော့ သူကလုပ်နိုင်သမျှသူလုပ်မှာပါ။ ပြည်နယ်နဲ့တင်မကဘူး အခုစစ်ဆင်ရေးက တစ်နိုင်ငံလုံးနဲ့ ပက်သက်နေတဲ့ကိစ္စဖြစ်တာမို့ တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ရတော့မယ်။ ကျွန်တော်တို့ ဘက်မှာတော့ ထူးထူးခြားခြားလှုပ်ရှားမှုတော့ သိပ်မရှိဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ “၁၀၂၇၊ ၁၁၀၇ စစ်ဆင်ရေး” တွေဟာ ဒီတော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ ဒီ “၁၀၂၇ စစ်ဆင်ရေး” ကို ကြည့်လိုက်ရင် ရက်ပိုင်းပဲရှိသေးတယ်။ ရလာတဲ့ နယ်မြေစခန်းတွေ သိမ်းထားတာကြည့်လိုက်ရင် ဘယ်လောက်ထိရောက်လဲဆိုတာ သိသာပါတယ်။ ဒါကငြင်းလို့မရတဲ့ အချက်ပေါ့။ ကျွန်တော်တို့က ဒီစစ်ဆင်ရေးမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက စကတည်းက သဘောတူထားတာ မဟုတ်ရင်တောင် ကျွန်တော်တို့အားလုံး ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် မြန်မာပြည်မှာ ပပျောက်ရေး ဖြစ်တယ်။ ပြည်သူ့လွတ်မြောက်ရေး၊ တိုင်းပြည်လွတ်မြောက်ရေးဖြစ်တယ်။

အဲဒီရည်ရွယ်ချက်က အကုန်လုံးတူညီကြတာ ဖြစ်တယ်။ တူညီကြတဲ့ ရည်ရွယ်ချက်အပေါ်မှာ အခု ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု၊ စစ်ဆင်ရေးက ဟန်ချက်ညီညီနဲ့ တစ်နိုင်ငံလုံးသွားဖို့အတွက် အလားအလာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့လက်နက်ကိုင်အင်အားစုနဲ့အတူ ဒီကနေ့ကျွန်တော်တို့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် ကျွန်တော်တို့အားလုံးက ချီတက် နေတယ်ဆိုတာ ပြောလိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here