ကရင်နီစစ်ရှောင်တွေရဲ့ နှစ်သစ်ဆုတောင်းနှင့် မျှော်လင့်ချက်စကားသံများ
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေလာကြရတာ သုံးနှစ်နီးပါး ရှိလာပြီဖြစ်သည်။ လက်ရှိအချိန်ထိလည်း နေရပ်ပြန်လို့ မရသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာပဲ ဆက်လက်နေထိုင်ရဆဲပါ။
အခက်အခဲတွေကြားမှာ ရှင်သန် နေထိုင်ရင်း စစ်ရှောင်ပြည်သူတချို့ရဲ့ ၂၀၂၄ နှစ်သစ်ဆုတောင်းနှင့် မျှော်လင့်ချက်စကားသံတွေကို မေးမြန်းဖော်ပြ ပေးလိုက်ပါသည်။
ဒေါ်ဖလော်ရာ (အသက် ၄၃ နှစ်)
“နှစ်သစ်ဆုတောင်းစကားအနေနဲ့ကျတော့ ကျမတို့ ဒီနှစ်ဟောင်းက တစ်နှစ်တာ ကုန်ဆုံးပြီပေါ့နော်။ အဲ့ဒီထဲမှာမှ အသက်ပေးဆပ်သွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိတယ်။ သူတို့ခမျာ ဘာခံစားခွင့်မှ မရှိဘူး။ ဒါပေမဲ့လည်း အသက်ပေးပြီးတော့ တိုက်ခဲ့တယ်ပေါ့နော်။ ဒီ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ ဝိညာဉ်အားလုံး ပထမဦးဆုံးပေါ့ သူတို့အတွက် ကျမတို့က အမြဲတမ်းဆုတောင်းပေးတယ်ပေါ့။ ကောင်းကင်နိုင်ငံကို ဝင်ရောက် ခံစားနိုင်အောင် အဲ့ဒီတွက်ဆုတောင်းပေးတယ်။ နောက်ပြီးတော့ နှစ်သစ်မှာ အောင်ပွဲတိုင်း သူတို့ (ရဲဘော်တွေ) ဆက်ပြီးတော့ ဆင်နွှဲနိုင်ပါစေလို့ ကျမတို့က ပြည်သူအနေနဲ့ ဆုတောင်းပေးတယ်။ နောက်တစ်ချက်ကျတော့ စကစ (စစ်ကောင်စီ) က သူတို့လျော့သင့်တဲ့ မာန်မာနတွေပေ့ါနော် ပြည်သူကို တကယ်သနားတယ်၊ တကယ်လေးစားတယ်၊ တကယ်ချစ်တယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဓမ္မနဲ့ အဓမ္မ ကွဲကွဲပြားပြား နားလည်နိုင်အောင်၊ အသိတရားတွေ ရဖို့အတွက် ကျမတို့ အများကြီးဆုတောင်းပေးတယ်။ တိုင်းရင်းသား နယ်ပယ်တွေမှာ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က စကစ (စစ်ကောင်စီ) က ကျရှုံးနေပြီလို့ ကျမတို့က အမြဲတမ်း ကြားနေရတယ်ပေါ့နော်။ ဆိုတော့ အောင်မြင်ဖို့အလားလာက တော်တော်ကောင်းတယ်။ ဆက်လက်ပြီးတော့မှ အောင်မြင်ဖို့အတွက် ကျမတို့က ဆုတောင်းပေးမယ်။”
ဒေါ်ဖရားရှာ (အသက် ၄၄ နှစ်)
“နှစ်သစ်မှာခါကျတော့ ကျမတို့ နှစ်ဟောင်းမှာ ခံစားရရှိတဲ့ဟာတွေ စိတ်ဒုက္ခ၊ လူဒုက္ခ ခံစားတာတွေအားလုံး မလိုချင်တော့ဘဲနဲ့ နှစ်သစ်မှာ ကျမတို့မျှော်လင့်နေတဲ့ အရေးတော်ပုံ ကျမတို့အားလုံး အိမ်ပြန်ချင်တဲ့စိတ်၊ ကျမတို့အားလုံး ကျမတို့သော်လည်းကောင်း ပြည်သူ့တပ်ဖွဲ့ဝင် အားလုံးသော်လည်းကောင်း ကျမတို့အားလုံး အောင်ပွဲခံနိုင်ပြီးမှ နှစ်သစ်ကို ကြိုဆိုပြီးမှ ကျမတို့ အကောင်းအတိုင်း အားလုံးကောင်းမွန်စွာနဲ့ ရွာပြန်နိုင်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ အဲ့လိုလည်း ဆုတောင်းတယ်။”
ဒေါ်ကနန်း (အသက် ၄၈ နှစ်)
“ ဒီနှစ်သစ်မှာ မျှော်လင့်တာကတော့ လာမယ့် နှစ်သစ်နှစ်သစ်တိုင်းမှာပေါ့နော ကျမတို့အရင်ကလို ဒီမိုကရေစီ စနစ်နဲ့ အဲ့လိုမျိုးတွေ ပြန်ရချင်တာပေါ့နော။ ဖြစ်ခဲ့တဲ့ ၅ နှစ်အတွင်း ဒေါ်စုလက်ထက် ဒီ ၅ နှစ်တာအတွင်း လွတ်လပ်ခွင့် အဲ့ဒါတွေကို ပြန်ရချင်တယ်။ ပြီးတော့ ကျမတို့ ဒါမျိုးစစ်ပွဲ မဖြစ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဲဒီလိုမျိုး နေထိုင်ချင်တာပေါ့နော။ ဒီစစ်ကောင်စီကိုလည်း သူတို့အာဏာကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့ ပြီးတော့မှ အထက်မှာရှိနေတဲ့ စာပွဲဝိုင်းလူကြီးတွေလည်း အမြန်ဆုံးဖြေရှင်းပေးပါလို့ ကျမပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီကနေလည်း ဝိုင်းပြီးဆုတောင်းပေးမှာပေါ့နော”
ဒေါ်ထူးမေရီ (အသက် ၃၉ နှစ်)
“ဘယ်လိုအရာကို မျှော်လင့်ထားလည်းဆိုရင်တော့ နိုင်ငံရေးပြန်ကောင်းလာဖို့ပေါ့နော။ ကျမတို့ပြည်သူ လူထုတွေအားလုံး ကျမတို့တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးပေါ့။ ကျမတို့တောင်းဆို လိုအပ်နေတဲ့ အရာတွေပေါ့နော တောင်းဆိုနေတဲ့အရာတွေကို ကျမတို့ကို ကူညီပေးဖို့ပေါ့နော ပြောပြပေးချင်ပါတယ်။ ဘယ်လိုပုံစံ ဖြစ်ချင်လည်းဆိုရင်တော့ ကျမတို့အရင်တုန်းကအတိုင်းပေါ့နော ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေချင်တယ်။ ကျမတို့ဘယ်နေရာပဲ သွားသွားပေါ့နော ကျမတို့ရဲ့အိုးအိမ်ကို မြန်မြန်ပြန်ရောက်နိုင်ပါစေပေါ့နော။”
ဒေါ်ဖောဝါး (အသက်က ၆၇ နှစ်)
“အဖွားစိတ်ထဲမှာကတော အဓိကအချက်က အရေးတော်ပုံအောင်ဖို့ပဲ၊ အိမ်ပြန်ဖို့ပဲ။ ဘာဖြစ်လည်းဆို တောထဲမှာနေတာ ဒီအချိန်ကတော့ တအားအေးလွန်းတယ်။ အခက်ခဲမျိုးစုံ ဖြစ်ကြတယ်။ ဘာဖြစ်လည်းဆိုတော့ လာမယ့် တစ်ရက်နဲ့တစ်ရက်ဆို ဘုရားသခင်ပြင်ဆင်ပေးလို့ စားဖို့သောက်ဖို့ နေရဖို့နေရသေးတယ်။ ဒါပေမယ့် အိမ်အိုးနဲ့ မတူသေးဘူး။ ဘာဖြစ်လည်းဆို အဓိကအချက်က အရေးတော်ပုံအောင်ဖို့ပဲ ဒီတစ်ခုပဲ။”
ဦးပေါလ် (အသက် ၄၂ နှစ်)
“ကျနော်တို့ရဲ့ ကရင်နီပြည်ကြီးကို ဘယ်လိုဖြစ်ခိုင်းချင်လဲဆိုတော့ ကရင်နီပြည် တစ်ပြည်နယ်လုံးမှာရှိနေတဲ့ ပြည်သူ၊ပြည်သားအားလုံး နောက်ပြီးတော့ တကယ့်ပေါ်ထွက်လာမယ့် ကျနော်တို့ရဲ့ လုပ်နေတဲ့ ကျနော်တို့ရဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်တွေ ကျောသားရင်သားမခွဲခြားဘဲ အခြားသောပြည်နယ်တွေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ၊ ပြည်သူ့ကာကွယ်ရေး တကယ့်ဖက်ဒရယ်တပ်မတော် တကယ့်နိုင်ငံကိုကာကွယ်နိုင်တဲ့ တပ်မတော်တစ်ရပ် ပေါ်ထွန်းရေး အဲ့ဒီအပိုင်းမှာလည်း ထက်ညီအောက်ညီ တစ်နိုင်ငံလုံးနဲ့လည်း စည်းလုံးညီညွှတ်မှုရှိရမယ်။ ပြီးတော့ ပြည်နယ်တွင်းထဲမှာလည်း စိတ်ဝမ်းမကွဲဘဲနဲ့ ငါသည်မင်းထက်ဆိုတဲ့ စိတ်ကိုမထားဘဲ အတူတူအကျိုးဆောင်သော အရပ်သား၊ ပြည်သူတစ်ရပ်များလည်းဖြစ်ဖို့ ကျနော် မျှော်လင့်ပါတယ်။”
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။