ကချင်ဒေသက ကျောက်စိမ်းမှော်နှင့်ရွှေမှော်ဒေသတို့ကို စစ်ကောင်စီကပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတချို့၏ အမြင်သဘောထားစကားသံများ။

0
162
ပုံစာ - ဇန်နဝါရီ ၁၁ ရက်နေ့ တနိုင်းမြို့နယ်၊ ရွှေမှော်ဒေသ လပူခမှော်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်း။

ကချင်ပြည်နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အဓိက ဝင်ငွေစီးဆင်းနေသော ကျောက်စိမ်းမှော်နှင့် ရွှေမှော်ဒေသတို့ကို ပစ်မှတ်ထားပြီး လေကြောင်းနှင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် အပြစ်မဲ့ပြည်သူများပါ အသက်သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေသည်။

အဆိုပါကျောက်စိမ်းမှော်နှင့် ရွှေမှော်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့သည့်ဖြစ်စဉ်အတွင်း အရပ်သားပြည်သူသေဆုံးသူဦးရေ ၂၀ ခန့်အထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ခန့်မှန်းချေ ၃၀ ဝန်းကျင်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖားကန့်ကျောက်စိမ်းမှော်ဒေသဖြစ်သည့် ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့် ရှိသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း တနိုင်းမြို့နယ်ရှိ ရွှေမှော်ဒေသဖြစ်သည့် လပူမှော်ဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တနိုင်းဒေသခံတို့က ပြောသည်။

ထိုသို့စစ်ကောင်စီ၏လုပ်ရပ်က ကချင်ပြည်အတွင်း ၂၀၂၅ နှစ်ဦးပိုင်းအစတွင် ဆိုးရွားသည့်အရပ်သား သတ်ဖြတ်မှု ဖြစ်စဉ်ဟု ဆိုရမည်ဖြစ်သည်။ ကချင်ပြည်နယ်ထဲက ကျောက်စိမ်းမှော်နှင့် ရွှေမှော်ဒေသတို့ကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုက လက်ရှိကချင်ပြည်နယ်၏ စစ်ရေးအခြေအနေနှင့် ဘယ်လောက်အထိ ဆက်စပ်မှု ရှိနေပါလဲ။ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတချို့၏ အမြင်သဘောထားစကားသံများကို စုစည်း ဖော်ပြထားပါသည်။

ပုံစာ – ဇန်နဝါရီ ၁၃ ရက်နေ့က ဖားကန့်ဒေသကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်စဉ် ထိခိုက်သေဆုံးသူတစ်ဦး။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီးတစ်ဦး

ကျောက်စိမ်းမှော်နဲ့ ရွှေမှော်ဒေသကရရှိတဲ့ ဝင်ငွေတွေက တော်လှန်ရေးလုပ်ငန်းတွေမှာ အဓိက အသုံးပြုနေ တယ်လို့သဘောနဲ့ တိုက်ခိုက်နေတယ်လို့ မြင်ပါတယ်။ ကျောက်စိမ်းတူးတာပဲဖြစ်ဖြစ်၊ ရွှေတူးတာပဲဖြစ်ဖြစ် ဝင်တွေက KIO/KIA တွေဆီမှာ တိုက်ရိုက်စီးဆင်းနေတယ်လို့ သဘောနဲ့ KIO/KIA ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖျက်ဆီးလာတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အခု ဗန်းမော်၊ မံစီတွေမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်ကနေ ထိခိုက်သေဆုံးမှုလည်းများတော့ သူတို့အနေနဲ့ တဖက်ကို KIO/KIA ရပ်တည်လာလို့မရအောင် ပိတ်ဆို့ပေးတဲ့သဘောလို့ မြင်ပါတယ်။

ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ KIO နှင့် နီးစပ်သူ အမျိုးသားတစ်ဦး

အဓိကတော့ KIO/KIA ရဲ့ ဝင်ငွေစီးဆင်းနေတဲ့ နေရာတွေကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ မြင်ပါတယ်။ KIO/KIA ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ လုပ်လာတယ်လို့ပဲ ပြောရမယ်။ အခုဗုံးကြဲ တိုက်ခိုက်နေတဲ့ နေရာတွေကလည်း ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေက KIO/KIA ကိုယ်တိုင်ဝင်ငွေရရှိနေတဲ့ နေရာတွေ ဖြစ်တယ်။ တခြားနေရာတွေမှာက အဲလောက်ထိ ရရှိမှာမဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲလိုပဲ လုပ်လာမယ်လို့ ထင်တယ်။

ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တနိုင်းဒေသခံ အမျိုးသားတစ်ဦး

စစ်တပ်အနေနဲ့တော့ သူတို့ရဲ့စစ်ရေးဗျူဟာ လှည့်ကွက်တွေက အများကြီးရှိမယ်လို့ ထင်ပါတယ်။ အဓိကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာဒေသတွေမှာ ပြည်သူလူထုတွေကို မရှိစေချင်ဘူး။ ဘာလို့လဲ ဆိုတော့ ပြည်သူတွေရှိနေရင် အဲဒီပြည်သူတွေကပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အထောက်အကူ ဖြစ်စေတယ်။ ဥပမာ – ငွေရေးကြေးရေးအရရော၊ လူအင်အားအရရော ပြောရမယ်။ ပြီးရင် အဲဒီဒေသတွေမှာရှိတဲ့ ပြည်သူတွေ လည်း လုံးခြုံမှုမရှိဘူးဆိုတဲ့အခြေအနေကို ပြချင်တာလည်းပါမယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗုံးပေါက်ကွဲတာတို့၊ လေယာဉ်လာပစ်တာတို့က အထူးအဆန်းမဟုတ်ဘူး။ အခုလို တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘဲ လေကြောင်း အသုံးပြုပြီး လာပစ်တာဆိုကတည်းက အဲမှာရှိတဲ့ပြည်သူတွေကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်လို့ မရအောင် တမင်လုပ်နေတယ်လို့ မြင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here