“ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှု မတူခြားနားသူတွေ သာမက အမျိုးသားရဲဘော်တွေမှာပါ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခံရမှုကို ပုံစံမျိုးစုံနဲ့ ရင်ဆိုင်ခံစားနေရပါတယ်။ ဒီမှာ သေချာတဲ့အရေးယူမှုတွေ အရေးယူမှုလုပ်ပြီး နောက်ဆက်တွဲ ပြစ်ဒဏ်ပေးမှုတွေမှာ ချမှတ်ထားတာနဲ့ ကိုင်တွယ်ဆောင်ရွက်နေတာ မတူညီနေပါဘူး” မခရစ္စတင်း/ တော်လှန်လူငယ်မျိုးဆက်တွေ့ဆုံပွဲပြောရေးဆိုခွင့်ရှိသူ

0
479

တော်လှန်လူငယ်မျိုးဆက်တွေ့ဆုံဆွေးနွေးပွဲ အကြောင်းအရာများနှင့်ပတ်သတ်ပြီး ထိုတွေ့ဆုံပွဲ ပြောရေးဆိုခွင့်ရှိသူ မခရစ္စတင်းနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အစိုးရ၊ စစ်အုပ်စုနှင့် စစ်ဗျုရိုကရေစီယန္တရားဆိုသည့် စစ်သုံးစစ် တိုက်ဖျက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ CDM အင်အားစုများ၊ လူမျိုးစု လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂ၊ အမျိုးသမီးအဖွဲ့အစည်း စသည့် မတူညီသည့်နောက်ခံနယ်ပယ် ၁၃ ခုထဲက အဖွဲ့အစည်း ၆၇ ခုတွင် ပါဝင်သည့် လူငယ်တော်လှန်ရေးသမား ၈၀ ကျော်က ဒီဇင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲအပြီး တော်လှန်ရေးမှာ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို ဦးဆောင်နေသော အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ဖက်ဒရယ်ကောင်စီများ၊ လူမျိုးစုတော်လှန်ရေး အင်အားစုများကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သလို အချက် ၁၁ ချက်ပါ တောင်းဆိုချက်တွေနဲ့ အကြံပြုစာကိုလည်း ပေးပို့ခဲ့ကြသည်။

NUG အပါအဝင် တော်လှန်ရေးဦးဆောင်အဖွဲ့များကို တောင်းဆိုအကြုံပြုချက်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေသည့်လူငယ်များ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး တော်လှန်လူငယ်မျိုးဆက်တွေ့ဆုံပွဲ ပြောရေးဆိုခွင့်ရှိသူ မခရစ္စတင်းကို ဆက်သွယ်မေးမြန်ထားပါသည်။

မေး။ ။ တော်လှန်လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲကို သုံးရက်ပြုလုပ်ခဲ့တယ်ဆိုတော့ ဒီဆွေးနွေးပွဲ ရည်ရွယ်ချက်ကို အရင်ဆုံး ရှင်းပြပေးပါဦး။

ဖြေ။ ။ တော်လှန်ရေးအရှိန်မြှင့်လာနေတာနဲ့အတူ အထူးသဖြင့် နိုင်ငံရေးရေချိန်က စစ်ရေးရေချိန်နဲ့ ဟန်ချက်ညီအရွေ့ ရှိနေဖို့လိုပါတယ်။ ဒါမှသာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကိုသာမက အနာဂတ်ကာလမှာ ဖြစ်လာနိုင်တဲ့ တော်လှန်ရေးအလွန် ပြဿနာတွေကို ကောင်းကောင်းထိန်းညှိကိုင်တွယ်နိုင်မယ် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် တော်လှန်ရေးအတွင်း ပါဝင်နေတဲ့ လူငယ်တော်လှန်ရေးသမားတွေ (အထူးသဖြင့် တော်လှန်ရေးရဲ့ နယ်ပယ်ကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှားနေကြတဲ့လူငယ်တွေ) တွေ့ဆုံဆွေးနွေးကြဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်ဖြစ်ခဲ့ပါတယ်။

နောက်တချက်ကတော့ လူငယ်တွေက စကားတွေအများကြီး မပြောချင်ပါဘူး။ ပြဿနာတွေများပြီး စကားတွေသိပ်ပြောရတဲ့ နေရာတွေကနေဖယ်ပြီး လက်တွေ့အလုပ်လုပ်တဲ့ နေရာတွေမှာ လုပ်စရာရှိတာ လုပ်ဖို့ကိုပဲ စိတ်ရှိကြပါတယ်။ သို့ပေမယ့် ဖြစ်နေတဲ့ အခြေအနေတွေ၊ သွားနေတဲ့ အရွေ့တွေမှာ ကိုယ့်အမြင် သူ့အမြင်နဲ့ စဥ်းစားချက် ကြုံတွေမှုတွေကို အပြန်အလှန်ဖလှယ်တာကလည်း အခြေခံကျတဲ့အလုပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကနေ လူငယ်တွေစုပြီး အမြင်တွေနဲ့ စဥ်းစားချက်တွေ ဖလှယ်ကြမယ်။ ကွဲပြားတဲ့ရှုထောင့်တွေ ကြားက ဘုံသဘောတူညီချက်တွေကိုထုတ်ပြီး ကွဲပြားခြားနားမှုတွေကို ပေါင်းစပ်နိုင်ကြအောင် ကြိုးစားကြည့်တာ ဖြစ်ပါတယ်။

မေး။ ။ ဆွေးနွေးပွဲကရလာတဲ့ ရလဒ်တွေကို NUCC, NUG နဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေကို အိတ်ဖွင့်ပေးစာပေးတယ်လို့ သိရတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာမှာ ဘယ်အချက်တွေ အဓိက ပါဝင်တောင်းဆိုထားလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ဆွေးနွေးပွဲမှာ အကြောင်းအရာခေါင်းစဥ်တွေအလိုက် ဆွေးနွေးခဲ့ကြပါတယ်။ တော်လှန်ရေးအတွင်း ကြုံတွေ့နေတဲ့ တစုံလုံးဆိုင်ရာ အကျပ်အတည်းတွေ၊ လူငယ်တွေ ကြုံတွေ့နေရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍအသီးသီးက စိန်ခေါ်ချက်တွေနဲ့ အခက်အခဲတွေ၊ ရေချိန်မြင့်လာတဲ့ တော်လှန်ရေးအတွင်း ဆက်လက်ကိုင်စွဲသွားရမယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေအပြင် ဒီတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ပါဝင်မှု အခြေအနေနဲ့ အသိမှတ်ပြုခံရမှု၊ လူငယ်တွေရဲ့ အတွေးအမြင် စဥ်းစားချက်တွေကို ထည့်သွင်းစဥ်းစားခံရမှု အခြေအနေ၊ ဒါတွေကို ကဏ္ဍခွဲဆွေးနွေးခဲ့ပြီး အိတ်ဖွင့်ပေးစာမှာ ဒီကဏ္ဍတွေထဲကနေ ထုတ်နှုတ်တောင်းဆိုခဲ့ပါတယ်။

မေး။ ။ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့တွေဆီကို အိတ်ဖွင့်ပေးစာပို့တဲ့အခါမှာ လူငယ်တွေနဲ့ပတ်သက်ပြီး အဓိက တောင်းဆိုထားတာကိုတွေ့ရတယ်။ လက်ရှိတော်လှန်‌ရေးမှာ ကိုယ်တိုင်လည်းပါဝင်နေသူဖြစ်တော့ တော်လှန်ရေးမှာ လူငယ်တွေရဲ့အခန်းကဏ္ဏက ဘယ်လိုရှိနေတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဒီတော်လှန်ရေးမှာ လူငယ်တွေဟာ အာဏာသိမ်းစ ၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့ဒီအချိန်ထိ ကျရာနေရာ အခန်းကဏ္ဍကနေ နိုင်ရာဝန်ကိုထမ်းပြီး ပါနေကြပါတယ်။ ဒီနေရာမှာ ဘာကိုလိုချင်လို့ မျှော်မှန်းလို့ မဟုတ်တဲ့ “ ငါတို့ကိုမတရားလုပ်ပြီး ဒါမျိုးတော့မခံနိုင်ဘူး” ဆိုတဲ့ ယုံကြည်ချက်တခုတည်းနဲ့ ဒီလမ်းခရီးမှာ ပါဝင်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရင်ရှိပြီးသားရာထူး၊ နေရာနဲ့ အခြေအနေတခုကို ဖန်တီးပြီး လျှောက်လှမ်းနေတဲ့သူတွေနဲ့ လုံးဝမတူဘဲ ခြားနားတဲ့ကိစ္စဖြစ်ကြောင်း အသေအချာပြောချင်ပါတယ်။ သို့ပေမယ့်တော်လှန်ရေးက အချိန်တခုကြာလာတာနဲ့အမျှ လူတွေ၊ အခြေအနေတွေ၊ ဖြစ်စဥ်တွေ ရောထွေး လာတာနဲ့ ရှေ့မှာဖော်ပြခဲ့တဲ့ လူအမျိုးအစားတွေဟာ သူတို့လိုချင်တာကို ဒီလူငယ်တွေလိုချင်ပြီး လုပ်နေတယ် ဆိုတာမျိုး ထင်လာပါတယ်။

ဒါဟာ ဒီတော်လှန်ရေးထဲက တကယ့်ကိုလမ်းကြောင်းလွဲလာတဲ့ အရွေ့လို့ သုံးသပ်ပါတယ်။ လူငယ်တွေရဲ့ စိတ်ဆန္ဒက ဒီတော်လှန်ရေးကြီး အမြန်ပြီးချင်တယ်။ အချင်းချင်းကြား ပြေလည်လို့ရတဲ့ ပြဿနာတွေကို ညှိနှိုင်းလို့ ရသမျှ ခိုင်မာတဲ့ သဘောတူညီချက်တွေကိုပေးပြီး ကိုယ်လုပ်စရာရှိတာကို လုပ်ချင်ကြပါတယ်။ ဒီလောက်ရိုးရှင်းတယ်လို့ ကျွန်မတို့မြင်နေတဲ့ အတွေးအခေါ်၊ စဥ်းစားချက်နဲ့ ပြဿနာတွေကို ဦးဆောင်ကိုင်တွယ် နေသူတွေကြားမှာ ဒီလောက်မရိုးရှင်းနေတာ တွေ့ရသလို ဆုပ်ကိုင်မှုတွေရှိနေပြီး လူငယ်အင်အားစုတွေရဲ့ ဆွေးနွေးချက်တွေ၊ မေးခွန်းထုတ်မှုတွေကို ထည့်သွင်းစဥ်းစားနေပုံ မရပါဘူး။ သို့ပေမယ့် ကျွန်မတို့လူငယ်တွေ လုပ်စရာရှိတာ ဆက်လုပ်နေမှာဖြစ်သလို မေးခွန်းထုတ်ပြီး မေးစရာရှိနေတာတွေနဲ့ ကျွန်မတို့ရဲ့ စဥ်းစားချက်တွေကိုလည်း ထည့်သွင်းစဥ်းစားနေအောင် ဆက်တိုက်တွန်းလုပ်ဆောင်သွားမှာပါ။

မေး။ ။ လူငယ်တွေ ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ စိန်ခေါ်ချက်တွေထဲမှာ အမျိုးသမီးရဲမေတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားနေသူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှု မရှိနေတာတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေအပေါ် ပြတ်သားတဲ့ အရေးယူမှု မရှိနေခြင်း၊ အကာအကွယ် မရနေခြင်းဆိုပြီး ဖော်ပြထားတာ တွေ့ရတယ်။ လက်ရှိမှာ အမျိုးသမီးရဲမေတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားနေသူတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးတွေ အများဆုံး ကြုံတွေ့နေရပါလဲ။ ကျူးလွန်ခံရမှုတွေအပေါ် ပြတ်သားတဲ့အရေးယူမှု မရှိဘူးဆိုတာက ကျူးလွန်သူတွေက လွတ်မြောက်နေတယ်လို့ ဆိုလိုချင်တာပါလား။ ကျူးလွန်သူတွေကရော ဘယ်လိုလူမျိုးတွေ အများဆုံးဖြစ်နိုင်ပါလဲ။

ဖြေ။ ။ ဒီကိစ္စက အခုမြေပြင်မှာ အထူးသဖြင့် ကြုံတွေ့နေရတဲ့ကိစ္စ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှု မတူခြားနားသူတွေ သာမက အမျိုးသားရဲဘော်တွေမှာပါ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခံရမှုကို ပုံစံမျိုးစုံနဲ့ ရင်ဆိုင်ခံစား နေရပါတယ်။ ဒီမှာ သေချာတဲ့အရေးယူမှုတွေ အရေးယူမှုလုပ်ပြီး နောက်ဆက်တွဲ ပြစ်ဒဏ်ပေးမှု တွေမှာ ချမှတ်ထားတာနဲ့ ကိုင်တွယ်ဆောင်ရွက်နေတာ မတူညီနေပါဘူး။ လူချင်းရင်းနှီးရင် ရင်းနှီးသလို ပြုမူနေတာတွေ၊ လူအရင်းအမြစ် မလုံလောက်လို့ဆိုပြီး ပြစ်မှုကျူးလွန်သူတွေကို မျက်နှာလွှဲပေးနေတာတွေ ဖြစ်နေပါတယ်။ ဒါကို သေချာကိုင်တွယ်ဖြေရှင်းမှပဲ ပိုပြီးအင်အားကောင်းတဲ့ ရဲဘော်တပ်သားတွေအဖြစ် ဆက်ဆောင်ရွက်နိုင်သူတွေ ဖြစ်လာပါလိမ့်မယ်။

မေး။ ။ NUG ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေမှုမှာ လူမှန်နေရာမှန်ရှိဖို့နဲ့ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုထားတာလည်း တွေ့ရတယ်။ ဒါကရော အခုလက်ရှိမှာ ဘယ်လိုပုံစံမျိုး မြင်တွေ့နေရလို့ တော်လှန်လူငယ်တွေက တောင်းဆိုထားတာပါလဲ။

ဖြေ။ ။ ဒါကတော့ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုနဲ့ စီမံခန့်ခွဲမှု စနစ်တကျရှိဖို့ လိုနေတယ်လို့ ဆွေးနွေးကြတယ်။ မြေပြင်မှာလည်း တချို့ထိန်းဖို့လိုတဲ့ အခြေအနေတွေကို ဆွေးနွေးဖြစ်ကြတယ်။ လူမှန်နေရာမှန်ကိစ္စကတော့ အဓိက အလုပ်တွေနဲ့ကိုက်ညီတဲ့ အရည်အချင်းရှိတဲ့လူတွေကို ခန့်အပ်ရေးပါပဲ။ အခုကနီးစပ်ရာနဲ့ ကိုယ့်လူကိုယ်ခန့်ရေးအပါအဝင် အင်အားစုတစုတဖွဲ့ကသူတွေ လွှမ်းမိုးပါဝင်ရေး ဦးတည်နေတယ်ဆိုတာတွေ ဖြစ်နေလို့ပါ။ တော်လှန်ရေးအရှိန် အခုထက်ပိုပြီး မြန်မြန်နဲ့ဆက်သွားဖို့၊ တချို့ဖြေရှင်းရမယ့် ပြဿနာတွေကို ပိုပြီးအလုပ်ပုံစံကျ ပြေလည်စေဖို့မှာ ဒီလူမှန်နေရာမှန်ကိစ္စလည်း ပါနေပါတယ်။

မေး။ ။ တော်လှန်လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲသုံးရက်ပြုလုပ်ခဲ့တော့ လက်ရှိတော်လှန်ရေးမှာ လူငယ်တွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါဦး။

ဖြေ။ ။ လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲကို တလုံးတည်းပြောပါဆို “ လူမှုဖူလုံရေး” ပါပဲ။ လူငယ်တွေက ပညာရေး၊ ကျန်းမာရေးကိစ္စလို ဒုတိယအဆင့်ရရှိမှု အခြေအနေကို ခဏထားရင်တောင် နေ့စဥ်စားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်ရေးအတွက်တောင် ရုန်းကန်နေကြရပါတယ်။ ဒါကတော့ အားလုံးနဲ့တပြေးညီ ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ ဒါတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေရင်း ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေကြတာပါ။ သို့ပေမယ့် အခုလိုနေနေတာကို အဆင်ပြေနေတာကြောင့်လို့ စဥ်းစားပြီး (တနည်း) လျစ်လျူရှုလို့ရသ၍ လျစ်လျူရှုပြီး အစိုးရတာဝန်ယူထားသူတွေရဲ့ စီမံခန့်ခွဲမှုတွေမှာတော့ လျှော့ပေါ့အလုပ်လုပ်နေရမယ်လို့ မဆိုလိုပါဘူး။

NUG အနေနဲ့ မပြည့်မစုံနဲ့ စီမံဆောင်ရွက်နေရတာတွေ ရှိတယ်လို့ဆိုပေမယ့် လူငယ်တွေရဲ့ လတ်တလော ပြဿနာ၊ နောင်လာမယ့် ပြဿနာတွေအတွက် စနစ်တကျ စီမံပေးနိုင်ဖို့၊ အခုထက်ပို သေချာအလုပ်လုပ်ဖို့ ကျွန်မတို့တိုက်တွန်းတာ ဖြစ်ပါတယ်။ လူငယ်တွေ ဒီတော်လှန်ရေးအတွင်းမှာ တော်လှန်ရေးအမည်ခံ အဖွဲ့အစည်းတွေရဲ့ လုပ်အားနဲ့လုပ်အားခ ခေါင်းပုံဖြတ်ခံတာကစလို့ အခြေအနေ အမျိုးအမျိုးနဲ့ ကြုံတွေ့နေကြ ရပါတယ်။ ဒီနေရာမှာ တော်လှန်ရေးလုပ်နေလို့ တချို့အသံတွေကို တိတ်ထားကြဆိုတဲ့ စကားတွေ၊ အခြေအနေတွေနဲ့ပဲ ကျော်လွှားနေကြပါတယ်။ တကယ်သာ ဦးဆောင်နေသူတွေ၊ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တွေလို့ ခံယူပြီး ဆောင်ရွက်နေကြတယ်ဆိုရင်တော့ ဒီကိစ္စတွေကို လျစ်လျူရှုနေလို့ မရသလို တပြေးညီကိုင်တွယ်ရမယ့် ကိစ္စတွေထဲမှာ ထည့်သွင်းလုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။

နောက်တခုက ကျန်းမာရေးအတွက် အရေးပေါ်ဘဏ္ဍာငွေ သီးသန့်ထားဖို့ဆိုတာလည်း ကျွန်မတို့ ထည့်သွင်းတောင်းဆိုထားပါတယ်။ လွတ်မြောက်နယ်မြေ၊ တောတွင်းနဲ့ ပြည်တွင်းစွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ရွေ့ပြောင်းသွားရတဲ့ လူငယ်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အထူးလိုနေပါတယ်။ ဒီတော်လှန်ရေး ကာလအတွင်းမှာ ကျွန်မတို့အင်အားစုတွေဟာ စကားလုံးအကြီးကြီးတွေကို သုံးလေ့ရှိပါတယ်။ ဖယ်ဒရယ်ပညာရေးတို့၊ ဖယ်ဒရယ် ကျန်းမာရေးတို့လို အသုံးအနှုန်းတွေပါ။ တကယ့်တကယ်မှာ ဒီအသုံးအနှုန်းတွေနဲ့ ကိုက်ညီတဲ့ အဆင့်အတန်းစီရောက်ဖို့ အဝေးကြီးလိုနေပါသေးတယ်။

ကိုယ့်ထိန်းချုပ်ဒေသအတွင်းမှာ ရှိနေတဲ့ CDM ကျောင်းသားတွေရဲ့ ရှိပြီးသား ပညာရေးအရည်အချင်းကို ဆက်ထိန်းသိမ်းထားပြီး ပြန်အသုံးချဖို့၊ ပညာဆက်သင်ပေးဖို့ ကဏ္ဍမျိုးကိုတောင် ပြင်ဆင်ဖို့ အားနည်းနေ သေးတာကို တွေ့ရပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အခုကြုံတွေ့နေရတဲ့ အခြေအနေတွေကို အရေးကြီးတဲ့ ဖြစ်စဥ်တွေအနေနဲ့ မစဥ်းစားဘူး၊ မကိုင်တွယ်ဘူးဆို တော်လှန်ရေးအလွန် ကာလမှာ ကျွန်မတို့ရဲ့ လူသားအရင်းအမြစ်၊ အရည်အသွေး ပြည့်ဝတဲ့ အနာဂတ်လောင်းတွေဟာ အနာအဆာနဲ့ လူသားတွေဖြစ်ပြီး အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာ ထပ်ပြီး ရှည်ကြာစွာ ရုန်းကန်ရပါလိမ့်မယ်။

မေး။ ။ အခုအိတ်ဖွင့်ပေးစာကို တော်လှန်ရေးဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ပေးပို့လိုက်တော့ အဲ့ဒီကနေတဆင့် တော်လှန်လူငယ်တွေအတွက် ပြောင်းလဲမှုတွေ ရှိလာနိုင်မယ်လို့ ယုံကြည်ပါလား။

ဖြေ။ ။ ကျွန်မတို့ လူမျိုးက အနည်းငယ်တော့ အချိန်ယူရပါတယ်။ အာဏာသိမ်းမယ်လို့ ကြိုသိခဲ့တာတောင် ကြိုတင်ပြင်ဆင်မှု လုပ်နိုင်ခဲ့တဲ့သူတွေ မဟုတ်တော့ ပြဿနာပါလို့ ချပြလိုက်ရုံ၊ ဒါလုပ်ပေးပါလို့ ပြောလိုက်တာနဲ့ ချက်ချင်းမြင်ပြီး ဒါကို တကယ်ကောင်းဖို့ ငါတို့အတူလုပ်ရမယ့် ကိစ္စပဲလို့ ချက်ချင်းလက်ခံသွားမယ်လို့ ကျွန်မတို့ မမျှော်လင့်ပါဘူး။ အခုတောင် ကျွန်မတို့တွေကို ဘယ်ကကောင်တွေ တော်လှန်ရေးအောင်တော့မှာမလို့ အာဝင်ချောင်နေတာလဲဆိုတဲ့ ဖြစ်စဥ်ကို လိုင်းတင်ပြီး မှတ်ချက်တွေ ပြုနေကြပါတယ်။ ဒါကို အရှိတရားလို့ ကျွန်မတို့ လက်ခံထားပါတယ်။ သို့ပေမယ့် မပြောတာထက် ပြောတာ၊ထောက်ပြတာက စဥ်းစားဖို့အစ ဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒီကနေတဆင့် ပိုကောင်းတဲ့ အရွေ့တွေဖြစ်အောင် တွန်းနိုင်၊ အလုပ်လုပ်နိုင်မယ်လို့တော့ အသေအချာ ယုံကြည်ပါတယ်။ အချိန်တော့ ယူရမှာပေါ့။

မေး။ ။ တော်လှန်လူငယ်တွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

ဖြေ။ ။ ဒီတော်လှန်လူငယ်တွေ့ဆုံပွဲဟာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ ကျွန်မတို့ ဒီပွဲကနေ သဘောတူ ဆုံးဖြတ်ချက်ချခဲ့တာ “ ၆” လတခါ တွေ့ဆုံကြပြီး ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ ဖြစ်ပါတယ်။ အခု အိတ်ဖွင့်ပေးစာပို့ပြီး အိတ်ပိတ်ပေးစာ ထပ်မံပေးပို့ရင်းနဲ့ အင်အားစုတွေကို ကျွန်မတို့ လိုက်လံတွေ့ဆုံ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

ဒီနေရာကနေ ကျွန်မ တခုထပ်ဖြည့်ပြောချင်တာက ကျွန်မတို့တွေဟာ တော်လှန်ရေးအပေါ် ယုံကြည်တယ်၊ အာဏာရှင်ကို ရွံမုန်းတယ်၊ အာဏာရှင်ကို အမြစ်ဖြတ်တိုက်ဖို့ သန္နိဌာန်ချထားသူတွေ ဖြစ်တယ်။ ဒီသူတွေရဲ့ ပြောဆိုမှုတွေဟာ ဘယ်အဖွဲ့အစည်းကိုတော့ နှောင့်ယှက်လိုလို့ ဆိုတာမျိုးကတော့ အတော်လွဲမှားတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်း ရှိသမျှ အနာအဆာတွေဟာ ဒီအချိန်တွင်းမှာပဲ တခါတည်း ဖြေရှင်းဖောက်ထုတ်ပစ်ဖို့ လိုပါတယ်။ ဒါတွေကို လုပ်တာကိုက ကျွန်မတို့ မျှော်မှန်းလျှောက်လမ်းနေတဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here