“အနည်းဆုံးရွာကို ရွာလုံးကျွတ် ရှောင်ရရင် လူ ၅၀၀ နဲ့ တွက်ကြည့်တယ်ဆိုရင်တောင်မှ ကျနော်တို့ရွာပေါင်း ၇ ရွာလောက် ဆိုရင်တော့ ကျနော်တို့ အနည်းဆုံး ၃,၅၀၀- ၄,၀၀၀ လောက်တော့ ရှောင်ကြရတဲ့ ပြည်သူတွေ ရှိတယ်” ကိုနွေဦး-မြောင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)

0
512
ပုံစာ- မြင်းမူမြို့နယ်၊ခြေရာတော်ကျေးရွာအနီး PDF တပ်ဖွဲ့ဝင်၂၆ ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

မြင်းမူမြို့နယ်ထဲ PDF အများဆုံး သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီး အခြေအနေနှင့်ပတ်သတ်ပြီး မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီး စက်တင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

ယခုဖြစ်စဉ်မှာ မြင်းမူမြို့နယ်ထဲ PDF အများဆုံးသတ်ဖြတ်ခံရသောဖြစ်စဉ် ဖြစ်ပြီး မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပလဖ)၂ ဦး၊ မြင်းမူ Black Eagle အဖွဲ့က ၁၈ ဦးနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က ၆ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးနောက် ဒေသအတွင်းအခြေအနေ၊ အသတ်ခံခဲ့ရတဲ့ဖြစ်စဉ် အခြေအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်း ဘယ်မှာရှိနေလဲစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးအား ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ PDF တပ်ဖွဲ့ဝင် ၂၅ ယောက်ပြောပြော၊ ၂၆ ယောက်ပဲပြောပြောပေါ့နော် သူတို့အသတ်ခံရပြီးနောက် ဒေသတွင်း နောက်ဆုံးအခြေအနေလေးကို အရင်ပြောပြပေးပါ။

ဖြေ။ ။ နောက်ဆုံးအပ်ဒိတ်က ဘာတွေများဖြစ်မလဲဆိုတော့ ၂၅ ယောက် မဟုတ်ပါဘူးဗျာ၊ စစ်ကောင်စီက ကြေညာထားတာက၂၅ ယောက် ကျနော်တို့တွေ့တဲ့အလောင်းက နှစ်ဆယ်နဲ့ခြောက်လောင်းပါဗျာ၊ အဲဒီအလောင်း တွေနားမှာလည်း ကျနော်ရှိတယ်။ ပြီးတော့ အဲဒီအလောင်းတွေ မြေချခါနီးအချိန်အထိ ကျနော်အဲဒီအနားမှာ ရှိခဲ့တယ်။ ပြီးလို့ရှိရင် အဲဒီအလောင်းတွေ ရှာတဲ့ဖွေတဲ့အချိန်မှာလည်း ကျနော်တို့အဖွဲ့တွေက ညအိပ်ပြီးတော့ အဲဒီအနားတဝိုက်မှာပဲ ရှိနေခဲ့ပြီးတော့ ရှာဖွေပြီးသယ်ခဲ့တဲ့နေရာမှာလည်း ပါခဲ့တယ်ပေါ့လေနော၊ ပါခဲ့တယ်ဆိုတာ ကျနော်တို့က လုပ်ငန်းလုပ်ဖို့အတွက် မြေချတဲ့အချိန်အထိ မစောင့်တော့ပဲ လုပ်ငန်းလုပ်ရမယ့် နေရာကိုသာ ဆက်သွားလိုက်တာ၊ ဒါပေမယ့် သူတို့ကြေညာထားသလို ၂၅ ယောက် မဟုတ်ဘူး ၂၆ ယောက်။

မေး။ ။ စစ်ကောင်စီကအခုလိုမျိုး PDF တပ်ဖွဲ့ဝင်၂၆ ယောက်ကို သတ်သွားတဲ့အပေါ်မှာရော ဘယ်လိုမျိုး သုံးသပ်ပြောဆိုချင်ပါလဲ။

ဖြေ။ ။၂၆ ယောက်က ပြောချင်တဲ့ဟာကဘာလဲဆိုရင် ကျနော်တို့ ဒီလိုမျိုးတချို့ဟာတွေက မဖြစ်သင့်တဲ့ကိစ္စ တွေ ရှိတယ်။ ကျနော်တို့ PDF တွေဆိုတာက ပေါ်လာတဲ့ဟာက ၂၀၂၁ နောက်ပိုင်းမှာ ပေါ်လာတာ ဒီ PDF တွေ ဆိုတဲ့ဟာက ကျနော်တို့ နိုင်ငံတကာ ဒီကုလသမဂ္ဂပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို OIM နဲ့ ပတ်သက်ပြီး ဂျနီဗာကွန်ဗားရှင်းတွေ ဘာတွေဆိုပြီးတော့ လက်မှတ်ထိုးထားတာ မဟုတ်ဘူး။ လက်မှတ်ထိုးထားတဲ့ဟာက ဒီစစ်ရေးအရဆိုရင် စစ်ကောင်စီပဲ ရှိတာလေနော။ ဒါပေမယ့် လက်မှတ်ထိုးထားတဲ့ဟာတွေက ဒီဟာတွေကို မလိုက်နာဘူး။

မလိုက်နာဘဲနဲ့ အကြောင်းတစ်ခုခုဖြစ်လို့ ကျနော်တို့ကသာ ဒီစစ်ကောင်စီနဲ့ ပတ်သက်တဲ့လူပဲ ဖြစ်ဖြစ် စစ်ကောင်စီကိုပဲ ကျနော်တို့က မိသွားတာပဲဖြစ်ဖြစ် ဒီဂျနီဗာကွန်ဗားရှင်းဆိုတဲ့စကားကို တအားပြောပြီးတော့ ကိုယ်တွေကလက်လွန်ခြေလွန် ဖြစ်သွားတယ်ဆိုရင် စစ်ကောင်စီကမှ မဟုတ်ဘူး။ ဒီလက်ရှိ တာဝန်ပေးခံထားရတဲ့ NUG အသိုင်းအဝိုင်းက လူတွေကစပြီးတော့ အရေးယူချင်တာလိုလို ဘာလိုလို မလိုက်နာတဲ့ COC မလိုက်နာတဲ့ ပုံစံမျိုးတွေနဲ့ ပြောကြဆိုကြ လုပ်ကြတဲ့အပိုင်းတွေ တွေ့တယ်ပေါ့နော်။

အဲဒီအချိန်မှာတော့ ဒီအချိန်ဒီကာလမှာက သူတို့ကိုယ်တိုင် လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေအတိုင်း လိုက်နာရမယ့်သူတွေတောင်မှ မလိုက်နာဘဲနဲ့ လူကိုရက်ရက်စက်စက်နဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့ဟာတွေကိုပေါ့ နော် ကျနော်တို့အနေနဲ့လည်း စစ်ကိုပဲ စစ်ရေးကိုစစ်ရေးလိုပဲ မြင်ပြီးတော့ အဲဒီအတိုင်းပဲ လုပ်သင့်တဲ့ ကာလ တခုလို့ မြင်တဲ့အတွက်ကြောင့်မို့ တချို့အရာတွေမှာက မပါသင့်တဲ့အရာတွေမှာ မပါဘဲနဲ့ ပါဖို့အရည်အချင်း မရှိတဲ့လူတွေကို တအားနေရာ ကွက်ကွင်းပြီးတော့ ဘောင်တွေအတွင်း တအားထည့်လွန်းရင်တော့ ကျနော်တို့ စစ်ရေးပိုင်းအရ ကြာရင်ထိခိုက်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာတွေကိုတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်ပေါ့ဗျာ။ အဲ့လိုမျိုးတော့ မြင်တာပေါ့။

မေး။ ။ အခု PDF အဖွဲ့ဝင်တွေက စစ်ရှောင်တွေကို သွားကယ်ရင်း နေရာပြောင်းရွှေ့ဖို့ သွားလုပ်ရင်း သတ်ခံလိုက်ရတယ်လို့ အကြမ်းဖျင်းသိထားတယ်။ အဲ့ဒါဟုတ်ပါလား။ ဘယ်လိုပုံစံမျိုး ဖြစ်သွားတာပါလဲ။

ဖြေ။ ။ အဲဒီအခြေအနေက အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ တချို့ကိစ္စတွေမှာက တကယ်ဖြစ်သွားတဲ့ ကိစ္စနဲ့ အပြင်မှာပြန့်သွားတဲ့သတင်းတွေဟာ လွဲတဲ့ကိစ္စတွေဆိုတဲ့ဟာလည်း ရှိတတ်တယ်ပေါ့နော။ ရှိတတ်တယ် ဆိုတဲ့အခါကျတော့ ဒီအဲဒီအခြေအနေမှာက ဘယ်လိုလဲဆိုတဲ့အခါကျတော့ ရှောင်ကြတယ် အားလုံး ရှောင်ကြတယ်။ ရှောင်ကြတဲ့အချိန်မှာ ကိုယ့်ရှောင်လိုက်တဲ့နေရာက စစ်ကောင်စီ ကြိုရောက်တဲ့နေရာ သွားဖြစ်နေတယ်။ သွားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ထိပ်မှာပိတ်မိပြီးတော့ အဖမ်းခံရတယ်။

မေး။ ။ ဖမ်းခံရပြီးနောက်မှ သတ်လိုက်တာလား၊ ဒါမှမဟုတ် ပစ်ရင်းခတ်ရင်းနဲ့ အသတ်ခံလိုက်ရတာပါလား။

ဖြေ။ ။ ပစ်ရင်းခတ်ရင်းနဲ့ မဟုတ်ဘူး။ သူတို့က ထိပ်ကနေပိတ်ပြီးတော့ စစ်ရှောင်တွေကိုလည်း သူတို့က စစ်တယ်ပေါ့ဗျာ၊ စစ်တယ်၊ စစ်ပြီးတော့ သူတို့ဟိုဟာပေါ့ မသင်္ကာစရာမဖြစ်တဲ့လူဆိုရင် လွတ်တယ်ပေါ့၊ လွတ်တဲ့အချိန်မှာ ကျနော်တို့ ဒီကာကွယ်ရေးအဖွဲ့တွေကလည်း ကားနဲ့လာတာပေါ့၊ ကားနဲ့လာတော့ ဒီစစ်ကောင်စီက ယူနီဖောင်းဝတ်ထားတာ မဟုတ်ဘူးလေ၊ အရပ်ဝတ်တွေလည်း ဝတ်ထားတာဆိုတဲ့အခါကျတော့ အခုအချိန်မှာက စစ်ကောင်စီက ယူနီဖောင်းမဝတ်ထားဘဲနဲ့ လက်နက်ကိုင်ထားတယ်ဆိုရင် အခြေနေက ဘာလဲဆိုတော့ နေရာတိုင်းရွာတိုင်းမှာက လက်နက်ကိုင်ပြီးတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ရှိနေကြတာပေါ့။

တချို့ကျတော့လည်း မြို့နယ်အလိုက် အင်အားကြီးတဲ့အဖွဲ့တွေရှိတယ်။ တချို့ကျတော့လည်း ကိုယ့်ကျေးရွာအလိုက် ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ရှိကြတယ်။ အဲလိုမျိုးဆိုတဲ့အခါကျတော့ စစ်ကောင်စီက ယူနီဖောင်း မဝတ်ထားတဲ့အခါကျမို့လို့ အားလုံးက သူလိုလိုကိုယ်လိုလို PDF ပဲ ထင်ကြတာပေါ့နော။ ထင်ကြတဲ့အချိန်မှာ ကိုယ်ကသွားပြီးတော့ ကျနော်တို့က ဘယ်အဖွဲ့က ညာအဖွဲ့ကပါဆိုပြီးတော့ သွားပြောတဲ့အခါမှာ အေ အဲဒါဆိုလို့ရှိရင် အဲဒီအဖွဲ့ မင်းတို့အဖွဲ့ဆိုလို့ရှိရင် ဆင်းခဲ့ဆိုပြီးတော့ အဲလိုမျိုးနဲ့ ဖမ်းပစ်လိုက်တယ်။

မေး – လက်ရှိမြောင်မြို့ထဲက အခြေအနေကရော ဘယ်လိုရှိနေပါလဲ။ PDF တွေကို သတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကရော ရှိနေတုန်းပဲလား။

ဖြေ။ ။ ဘယ်လိုအခြေအနေ ရှိနေသလဲဆိုတဲ့အခါကျတော့ လက်ရှိမှာကြတော့ အဲဒီကောင်တွေက အခု မြောင်မြို့ထဲကို ရောက်နေတယ်။ အဲဒီဘေးပတ်ဝန်းကျင်ရွာက ဟာတွေကတော့ အကုန်လုံးရှောင်တိမ်း နေကြရတယ်ပေါ့ဗျာ၊ အဲဒီအခြေအနေရှိတယ်။ ဒါပေမယ့် ပြန်လည်ပြီးတော့ တုံ့ပြန်ဖို့အတွက်ကြတော့ သူတို့က ဒီလိုမျိုးလုပ်ပြီးတော့ ချက်ချင်းပြန်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ပြန်မယ့်လမ်းကို ကာကွယ်ရေးအဖွဲ့တွေကလည်း ခန့်မှန်းထားပြီးတော့ လုပ်ငန်းလုပ်ဖို့လုပ်မှာ သေချာသလောက်ရှိတယ်ဆိုတဲ့ဟာကိုလည်း သူတို့က တွေးမိထား တယ်ပါ့နော။ ဒါကြောင့်မို့လို့ သူတို့က ချက်ချင်းမပြန်ဘဲနဲ့ ပြန်မယ်ဆိုရင်တောင်မှ အလစ်အငိုက်ကိုပဲ ပြန်လိမ့်မယ်။ အလစ်အငိုက် ပြန်မယ်ဆိုရင်လည်း သူတို့ လာလမ်းအတိုင်းပြန်မှာ မဟုတ်ဘဲနဲ့ မထင်မှတ်တဲ့ လမ်းကနေ ပြန်သွားဖို့ ရှိတယ်ပေါ့။

မေး။ ။ ရွာသားတွေရှောင်နေရတယ်လို့ ပြောသွားတယ်ဆိုတော့ လူဦးရေဘယ်လောက်၊ ဘယ်နှစ်ရွာက ရှောင်နေရတာပါလဲ။

ဖြေ။ ။ ရှောင်နေရတဲ့ဟာဆိုတဲ့ဟာက ကျနော်တို့ ဒီနေ့မနက်မှာဆိုလို့ရှိရင် မြောင်နယ်၊ သရကုန်းရွာကို အဲဒီကောင်တွေ ရောက်တယ်။ မြောင်ရဲ့ တောင်ဘက်ရောက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ သရကုန်းနဲ့ ပတ်သက်တဲ့ သရကုန်းတစ်ရွာလုံး ပြီးလို့ရှိရင် ကျနော်တို့ အဲဒီသရာကုန်းနားမှာနေတဲ့ရွာတွေ ပြီးလို့ရှိရင် အခု စစ်ကြောင်းဖြတ်လာတဲ့ ရွာတွေဟာလည်း ပြန်မကပ်ရဲသေးဘူး။ ဘယ်ရွာတွေလဲဆိုလို့ရှိရင် ကျနော်တို့ မြင်းမူနယ်ထဲက ရွာတွေဆိုလို့ရှိရင် ခြေရာတော်ရှိမယ်၊ ရွာသစ်ရှိမယ်။ ပြီးလို့ရှိရင် ကျောက်မဲရှိမယ် အဲဒီရွာတွေ ပေါ့နော။ အဲဒီရွာတွေလည်း မကပ်ရဲဘူး။ ဘေးမှာပဲ ရှောင်နေကြတယ်။

အဲဒီတော့ အနည်းဆုံးရွာကို ရွာလုံးကျွတ် ရှောင်ရရင် လူ ၅၀၀ နဲ့ တွက်ကြည့်တယ်ဆိုရင်တောင်မှ ကျနော်တို့ ရွာပေါင်း ၇ ရွာလောက် ဆိုရင်တော့ ကျနော်တို့ အနည်းဆုံး ၃,၅၀၀- ၄,၀၀၀ လောက်တော့ ရှောင်ကြရတဲ့ ပြည်သူတွေရှိတယ်။ အဲဒါကတော့ တောထဲမှာ တွက်ကြည့်လိုက်တယ်ဆိုလို့ရှိရင် ဟိုနားမှာအစုအဖွဲ့ ဒီနားမှာအစုအဖွဲ့ ပြီးလို့ရှိရင် ရွာတွေထဲမှာဆိုရင်လည်း ဘုန်းကြီးကျောင်းမှာတွေ တန်းကျောင်းမှာတွေ ၁၀၀-၁၅၀ လောက် ၂၀၀ လောက် အဲ့လိုအစုအဖွဲ့တွေက နေရာတိုင်းတွေ့ရတဲ့ အတွက်ကြောင့်မို့လို့ လူဦးရေကတော့ လေးထောင်အတွင်းမှာပဲရှိမယ်ဗျာ။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here