“အဓိက ရိက္ခာကို ဖူဖူလုံလုံလေး ရစေချင်တာပေါ့နော။ တအိမ်ထောင်အတွက် တလစာကို ဖူဖူလုံလုံလေးရဖို့ကို အကူအညီတောင်းချင်တယ်။ ပြီးလို့ရှိရင် အသစ်ထွက်လာတဲ့ လူထုအတွက်ရော လူဟောင်းအတွက်ရော ဒီမှာ ဒေါနိုးကူးမှာ ကြုံတွေ့နေရတဲ့ ရေအခက်အခဲလေးပေါ့နော။ ဒီရေအခက်အခဲလေးကိုလည်း သူတို့ တဖက်တလမ်းကနေ ကူညီပေးစေချင်တယ်” ဒေါနိုးကူးစစ်ရှောင်စခန်း ရုံးစီမံရေးမှူး ခွန်းရောဘတ်

0
400
ပုံစာ - ဒေါနိုးကူးစစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ရုံးစီမံရေးမှူးခွန်းရောဘတ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲများ ပြင်းထန်စွာ ဆက်တိုက် ဖြစ်ပွားလာသည့်အတွက် ဒေသခံပြည်သူများသည် စစ်ဘေးလွတ်ရာ တောတောင်ထဲနှင့် ၎င်းတို့၏ ဆွေမျိုးများရှိရာ နေရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

စစ်ရှောင်တချို့မှာ ကရင်နီပြည်နယ်ထဲရှိ တောတောင်ထဲတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသလို တချို့မှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံနေကြသည်။ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော်လည်း နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် အဖက်ဖက်မှ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

စစ်ဘေးရှောင်စခန်း တခုဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်က ဒေါနိုးကူးစစ်ဘေးရှောင်စခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်များအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ၊ ဒီလိုအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြလဲ သိနိုင်စေဖို့ ဒေါနိုးကူးစစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ရုံးစီမံရေးမှူး ခွန်းရောဘတ်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ဒေါနိုးကူးစစ်ရှောင်စခန်းရဲ့ အခြေအနေလေး ပြောပြပေးပါ။ ဒီစစ်ရှောင်စခန်းက လူဦးရေ ဘယ်လောက်ရှိပါလဲ။ ဘယ်ဒေသက လူတွေပါလဲ၊ သူတို့က ဘယ်အချိန်ကတည်းက ရောက်နေကြတာပါလဲ။

ဖြေ။ ။ ကျနော်တို့ စစ်ရှောင်ရဲ့ အခြေအနေကျတော့ ကျနော် ၂ ပိုင်း ပြန်တင်ပြချင်တာပေါ့နော်။ ဒါကတော့ အာဏာသိမ်းပြီးကတည်းက လာတဲ့ စစ်ရှောင်ရှိတာပေါ့နော်။ အဲကတည်းကလာတဲ့ စစ်ရှောင်ကတော့ ၂၀၀၀ ကျော် ဝန်းကျင်လောက် ရှိတာပေါ့နော။ တော်တော်များများကတော့ ရှားတောမြို့နယ်ထဲက ပါမယ်။ ပြီးလို့ရှိရင် လွိုင်ကော်အနီးနား တဝိုက်ပါမယ်။ ပြီးလို့ရှိရင် ဒီမောဆိုတို့လည်း ပါမယ်။ ရှမ်းတောင်တို့ကနေ ပါတာပေါ့နော်။ ပြီးနောက်ပိုင်း ဒီစစ်ရှောင် နောက်ထပ် ၂၀၀၀ ကျော်ပေါ့နော့၊ ဒီ ၂၀၂၃ မှာပဲ ၂၀၀၀ ကျော် ၃၀၀၀ နီးပါး ထပ်ရောက်လာတာပေါ့နော။ ဆိုတာက ကျနော်တို့ လက်ရှိစခန်းတစ်ခုလုံး အတိုင်းအတာမှာ လူဦးရေကတော့ ၅၀၀၀ နီးပါး လောက် ရှိတာပေါ့နော်။ နောက်ပြီးတော့ ဒီနောက်ပိုင်း ထွက်လာတဲ့ဟာကလည်း စောနက ဒီမောဆို အရှေ့ဖက်ခြမ်း ဒီမောဆို အနီးအနားတစ်ဝိုက် လွိုင်ကော်တို့ ရှားတော တို့ကနေလာတာ များတယ်။ အာဏာသိမ်းပြီး ရောက်လာတာကတော့ ၂၀၀၀ ကျော်ပေါ့နော ဆိုတော့က ဒီ ၂၀၂၃ မှ စစ်ရေး ပိုတင်းမာတဲ့ အချိန်မှ လာတာကတော့ ၂၀၀၀ ကျော် ဆိုတော့က အားလုံးပေါင်း ၅၀၀၀ နီးပါးပေါ့။

ပုံစာ – ဒေါနိုးကူးစစ်ရှောင်စခန်းရှိ ကရင်နီစစ်ဘေးရှောင်တချို့

မေး။ ။ လူဦးရေများလာတယ်ဆိုတော့ လက်ရှိစခန်းထဲမှာ ဘယ်လို အခက်အခဲတွေရှိနေပါလဲ။

ဖြေ။ ။ အခက်အခဲကတော့ အများကြီးပဲ အဓိကကတော့ ပထမဦးဆုံးအနေနဲ့က သူတို့ စ စရောက်လာတုန်းက သူတို့ရဲ့ အခြေချဖို့လည်း ခက်ခဲတာပေါ့နော။ အခြေချဖို့ ခက်ခဲတယ်ဆိုတော့ တချို့က အမျိုးရှိရင်တော့ အဆင်ပြေတယ်။ အမျိုးအိမ်မှာ နေတယ်။ တချို့ကျတော့ အမျိုးတွေ မပါတာကျတော့ ယာယီတဲမှာတို့ ဒီဘော်ဒါဆောင်မှာ ကျောင်းပိတ်ထားတော့ ကျောင်းဆောင်မှာတို့ အဲလိုမျိုး တည်းကြတယ်။ ပြီးလို့ရှိရင် တချို့ကျတော့လည်း မိုးကာတွေ မလုံမလောက်တဲ့ ကြားထဲမှာ မိုးလည်းရွာတော့ မိုးစိုတာတွေ ရှိတယ်။

နေပူထဲမှာလည်း ချက်စားနေရတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော။ ပြီးတော့ ဒီထက်ပိုခက်ခဲတာ ရိက္ခာပေါ့နော။ သူတို့ ရောက်လာတဲ့အချိန်မှာ ရိက္ခာကလည်း ကားလမ်းပိတ်တာပေါ့နော၊ ကားလမ်းပိတ်တော့ ရိက္ခာပိုခက်ခဲတယ် ပြီးလို့ရှိရင် ရေလည်း ခက်ခဲတယ်။ မိုးမကျသေးတော့ ရေကလည်း သူတို့အတွက် အရမ်းခက်ခဲတယ်။ အဝေးကြီးမှာ သွားခပ်ရတာပေါ့နော်။ ရေလည်း နည်းနည်းပါးပါးရှိတဲ့ ဟာလေးနဲ့ပဲ အဆင်ပြေအောင် သူတို့သောက်သုံး နေရတာပေါ့နော်။

မေး။ ။ ရေအခက်အခဲ ရှိတယ်ဆိုတော့ လက်ရှိ ရေအခက်အခဲကို ဆရာတို့အုပ်ချုပ်ရေးပိုင်းကနေ ဘယ်လို ကူညီလုပ်ဆောင် ပေးနေပါလဲ။ ဘယ်လိုဖြေ ရှင်းပေးနေပါလဲ။

ဖြေ။ ။ နေ့တိုင်းလိုပဲပေါ့နော Daily လိုပဲပေါ့နော၊ ကျနော်တို့က ရေပြဿနာကို ဖြေရှင်းနေရတယ်နော။ အခုထိ ဖြေရှင်းနေရတုန်းပေါ့နော။ အုပ်ချုပ်ရေး ကော်မတီကျတော့ သူတို့ကို တခြားအလှူရှင်တွေ တင်တောင်းပြီးတော့မှ လက်ရှိ ကျနော်တို့လုပ်ထားတဲ့ရေက ကန်ဘောင်တွေက မိုးကျတဲ့ရေ သူက ရေထွက်ပေါက် မရှိတဲ့အခါကျတော့ ဒီရေနဲ့ပဲ လုပ်လို့ အဆင်မပြေတော့ဘူး။

မိုးမရွာရင် ရေက မရှိတော့ဘူးဆိုတော့ ဒီ ရေထွက်ပေါက်ရှိတဲ့နေရာ ချောင်းကြီးကနေ သွယ်တဲ့အခါကျတော့ ကျနော်တို့ အလှူရှင်တွေကို တောင်းခံပြီးတော့ပေါ့နော၊ ရေပုံးကအစ တိုင်ကီတွေက အစပေါ့နော၊ ပိုက်တွေကအစ ပြန်တောင်းခံတော့ တချို့အလှူရှင်တော့ ရောက်လာတယ်။ ဒါပေမယ့်လည်း အခုထိ ဖြေရှင်းနိုင်လားဆိုတော့ မဖြေရှင်းနိုင်သေးပါဘူး။ နည်းနည်းပိုပြီးတော့ သက်သာရုံပဲ ရှိမယ်။အဆင်ပြေတာတော့ မရှိသေးဘူး။ ကျနော်တို့မှာ ရေတိုင်ကီတို့ ရေပိုက်တို့ ထပ်လိုသေးတာပေါ့နော။

မေး။ ။ လက်ရှိမှာ လူဦးရေ တိုးလာတယ်ဆိုတော့ အဆောက်အအုံလုံလောက်မှု ရှိပါလား။ အဆောက်အအုံ ဆောက်လုပ်ဖို့ကိုရော ဆရာတို့ဘက်က ဘယ်လိုမျိုး ကူညီပေးနေပါလဲ။

ဖြေ။ ။ အဓိကအားဖြင့်တော့ ပထမဦးဆုံးအနေတော့ ကျနော်တို့ ကူညီပေးနိုင်တာက သူတို့ နေထိုင်ဖို့ နေရာထိုင်ခင်းပေါ့နော။ ဒီခြံမြေလေးပေါ့ ကျနော်တို့ ချပေးလို့ရတာပေါ့နော။ သက်ဆိုင်ရာ လူကြီးတွေနဲ့ ကျနော်တို့ ချပြပေးတယ်။ ဒါပေမယ့်လည်း တာပေါလင်တွေ မိုးကာတွေ အဲဒါတွေ သူတို့အတွက် အခက်အခဲ အခုထိ ဖြည့်ဆည်းနေတုန်းပဲပေါ့နော။ အလှူရှင်ဘက်ကနေတော့ ကူညီပေးပါတယ်။

ဒါပေမယ့် တချို့သော အရာတွေ မကူညီပေးနိုင်သေးဘူးပေါ့နော။ လက်ရှိအထိ လူသစ်တွေထဲမှာက တချို့က တဝက်လောက်တော့ မိုးရနိုင်တယ်။ တစ်ချို့က လိုအပ်နေသေးတာပေါ့။ ဥပမာဆိုလို့ရှိရင် သူတို့အတွက် အိမ်ဆောက်ပြီးပြီ ဆိုလို့ရှိရင် အရေးကြီးလိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ရေးပုံးတို့ ထမင်းအိုးတွေလည်း တစိတ်တဒေသတော့ ရပြီ။ ဒါပေမယ့် အိမ်တိုင်းနီးပါးတော့ မရသေးပါဘူးပေါ့နော။ အဲဒါလေးက ထပ်ပြီးတော့ ကူညီပေးဖို့ လိုအပ်တာပေါ့နော့။

မေး။ ။ စားနပ်ရိက္ခာ အခက်အခဲလည်းရှိတယ်ဆိုတော့ လက်ရှိအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေပါလဲ။

ဖြေ။ ။ လက်ရှိရိက္ခာကိုကျတော့ ကျနော်တို့ ခါတိုင်းဆိုလို့ရှိရင် ကျနော်တို့က ကားနဲ့လာတာကျတော့ ဒီမှာ လာထုတ်စားရုံပဲပေါ့နော။ အခုကျတော့ အဲလိုမဟုတ်တော့ဘူး။ ကျနော်တို့ လက်ရှိ ကျနော်တို့ ခြေကျင်နဲ့ သွားသယ်ပြီးတော့မှ ဒါကလည်း လုံလောက်မှု မရှိပါဘူး။ ကျနော်တို့ သယ်တဲ့ဟာက တစ်အိမ်ထောင်ကို သုံးကီလို လေးကီလို ရမလားပေါ့နော။ သူတို့အတွက် တပတ်စာတော့ ဖူလုံမှုတော့ ရှိတာပေါ့နော။ အရင်လိုမျိုး တလစာလုံး မထုတ်ပေးနိုင်တော့ဘူး။

မေး။ ။ ခြေကျင်နဲ့ သွားသယ်ရတာဆိုတော့ ကားလမ်းပိတ်သွားတာလား၊ လမ်းဘယ်တုန်းက စပိတ်တာပါလဲ။ ဘယ်နှစ်လလောက် ရှိပြီလဲ။

ဖြေ။ ။ ဘယ်နှစ်လရယ်လို့တော့ မဟုတ်ဘူး။ အခြေအနေအပေါ်မှာ မူတည်ပြီးမှ ပိတ်လိုက်ဖွင့်လိုက် အဲလိုပါပဲ။ ဆိုတော့ သုံးကြိမ်လောက် ရှိတာပေါ့နော။ ပထမဆုံး အကြိမ်ကျတော့ ၂ ပတ်လောက် ပိတ်တယ်။ နောက်တကြိမ် ကျတော့ တလနီးပါးလောက် ပိတ်တာပေါ့နော။ အခုတစ်ခါလည်း တလ ပြည့်တော့မယ်ဆိုတော့ သုံးကြိမ်ရှိပါပြီ။

မေး။ ။ ရိက္ခာသယ်ယူနေတဲ့ လမ်းပိတ်သွားရတဲ့ အဓိကအကြောင်းအရင်းက ဘာကြောင့်ပါလဲ။ ဘယ်လို ထင်ပါလဲ။

ဖြေ။ ။ ကျနော်အထင်တော့ စစ်ရေးတင်းမာမှုကြောင့်ပေါ့နော့။ ဒီ နယ်စပ်တလျှောက်မှာ စစ်ရေး တင်းမာမှုကြောင့် ထိုင်းကနေ သူတို့ ပိတ်ပင်တယ်လို့ ကျနော်တို့ ယူဆတာပေါ့နော့။

မေး။ ။ ရိက္ခာပိုမိုခက်ခဲလာတဲ့ အကြောင်းအရင်းက လမ်းပိတ်လိုက်လို့ ခက်ခဲလာတယ်လို့ ပြောလို့ရနိုင်ပါလား။

ဖြေ။ ။ ဒီစစ်ရေးတင်းမာမှုကြောင့်လည်း ဖြစ်တယ်။ ဒီစစ်ရေးတင်းမာလို့ လမ်းပိတ်လိုက်တာရယ်၊ ပြီးလို့ရှိရင် ကျနော်တို့ လူဦးရေတိုးပွားလာလို့ပဲ ရိက္ခာက အခက်အခဲရှိတယ်။ ပြီးလို့ရှိရင် ဒီအလှူရှင်တွေ နည်းပါး လာတဲ့အတွက် ဖြစ်နိုင်တာပေါ့။

မေး။ ။ လမ်းပိတ်ထားတယ်ဆိုတော့ ထိုင်းအစိုးရကို ဘာတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ကြတော့ ဒီထိုင်းအစိုးရတွေကို ကျနော်တို့ ဒီစစ်ရှောင်အတွက်ပေါ့နော့။ လမ်းတွေ ဖွင့်ပေးဖို့ ကျနော်တို့ကို ဘယ်အခြေအနေ ဘယ်အချိန်ခါမှာမဆို ကျနော်တို့ကို ရိက္ခာတွေကို လွတ်လွတ်လပ်လပ် သယ်ခွင့်ပေါ့နော။ ပြီးတော့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို လွတ်လွတ်လပ်လပ် ဝင်လာစေချင်တယ်။ အဲဒါလေးတော့ သူတို့ကို အကူအညီတောင်းချင်တာပေါ့။

မေး။ ။ နိုင်ငံတကာကိုရော ဘာများတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ နိုင်ငံတကာကိုကျတော့ ကျနော်အနေနဲ့ ဒီစခန်းတခုလုံး သာမကပေါ့နော။ ကျနော်တို့ မြန်မာပြည် တပြည်လုံးမှာရှိတဲ့လူတွေ စစ်ရှောင်နေရတဲ့ ပြည်သူတွေကို အကူအညီတောင်းစေချင်တယ်။ သူတို့ကို နေရာတိုင်းမှာ လိုအပ်တာပေါ့နော။ စစ်ရှောင်တိုင်းမှာ ရွာတိုင်းမှာ အကူအညီလည်း လိုအပ်သလို ကျနော်တို့ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ သူတို့ကို အကူအညီတောင်းချင်တာက ဒီစစ်ကောင်စီကို ပိတ်ပင်ဖို့ပေါ့နော့။ သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းချင်တယ်။ အခုလက်ရှိ အခုလိုမျိုး ဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေကို အကူအညီတွေ လူသားချင်းစာနာထောက်ထားမှုတွေကို ဒီထက်ပိုပြီး ပေးဖို့ ကျနော် တောင်းဆိုတယ်။

မေး။ ။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကိုရော ဘာတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ အဓိက ရိက္ခာကို ဖူဖူလုံလုံလေး ရစေချင်တာပေါ့နော။ တအိမ်ထောင်အတွက် တလစာကို ဖူဖူလုံလုံလေးရဖို့ကို အကူအညီတောင်းချင်တယ်။ ပြီးလို့ရှိရင် အသစ်ထွက်လာတဲ့ လူထုအတွက်ရော လူဟောင်းအတွက်ရော ဒီမှာဒေါနိုးကူးမှာ ကြုံတွေ့နေရတဲ့ ရေအခက်အခဲလေးပေါ့နော။ ဒီရေအခက်အခဲလေး ကိုလည်း သူတို့ တဖက်တလမ်းကနေ ကူညီပေးစေချင်တယ်။ ဥပမာ အခုကျနော်တို့က ရေကို စက်နဲ့တင်ရတယ် ဆိုတော့ ဒီဇယ်ဖိုးတွေ Transportation ဖိုးတွေ သွားလာဖို့အတွက် ဓာတ်ဆီဖိုးတွေ လိုတယ်။ ပြီးလို့ရှိရင် ကျနော်တို့ ပိုက်တွေလည်း လိုတယ်။ ပြီးတော့ တိုင်ကီ အဓိကကတော့ တိုင်ကီတွေကလည်း မလုံမလောက် သေးတော့ သူတို့ကို ရေပိုင်းရယ် ရိက္ခာပိုင်းရယ် အကူအညီတောင်းချင်တယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်သေးပါလဲ။

ဖြေ။ ။ နိုင်ငံတကာဖြစ်ဖြစ် ဘယ်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျနော်တို့ တောင်းဆိုချင်တာပေါ့နော့၊ လက်ရှိ ကျနော်တို့ မြန်မာတပြည်လုံးမှာ စစ်ကြောင့် ဒုက္ခရောက်နေကြတယ်ပေါ့နော။ ကလေးတွေလည်း မိဘမဲ့ ဖြစ်ကုန်ကြတယ်။ တချို့သော မိဘတွေကျတော့ သားသမီးတွေ သေဆုံးသွားကြတာပေါ့နော့။ ကျနော်တို့ မြန်မာပြည်တွင်းမှာ ကျန်ရှိနေတဲ့ ပြည်သူတွေကို ဒီထက်ပိုလုံခြုံတဲ့ ဘဝမျိုး ရောက်အောင် လုပ်ပေးစေချင် တာပေါ့နော။ ဥပမာဆိုလို့ရှိရင် ကျနော်တို့အတွက် အန္တရာယ်ပေးနိုင်တဲ့ အပေးဆုံးဖြစ်တဲ့ လက်နက်ကြီးအန္တရာယ်ကနေ ပြီးလို့ရှိရင် လေယာဉ်အန္တရာယ်ကနေ လျော့ချနိုင်မယ့်၊ အန္တရာယ်လျော့ချနိုင်မယ့် စနစ်မျိုးတွေကို ကျနော်တို့ကို ကူညီပေးစေချင်တယ်။

ဥပမာဆိုလို့ရှိရင် Early warning system ပေါ့နော အဲလိုမျိုးကို စစ်ရှောင်တိုင်းမှာ အကူအညီ ပေးစေချင်တာ ပေါ့နော။ အဲဒါတွေ မရခဲ့ရင်တောင်မှ ကျနော်တို့ စစ်ရှောင်တိုင်းမှာ ဒီ No Fly Zone အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းချင်တယ်။ ပြီးလို့ရှိရင် ဒီစစ်ရှောင် ပြည်သူတွေဆီ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အမြန်ဆုံး ဒီထက်ပိုပြီးတော့မှ ထိထိရောက်ရောက် ပေးဖို့လည်း ကျနော်တောင်းဆိုချင်ပါတယ်။ အကူအညီတွေ တောင်းခံချင်တယ်။ ပြီးလို့ရှိရင် ဒီ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကနေ အမြန်ဆုံး ရပ်တန့်ဖို့ ဒီထက်ပိုပြီးတော့မှ မင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့ဖို့ အကူအညီ တောင်းဆိုချင်ပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here