“အခု ဘယ်အိုဗာတိုင်မှ မပေးတော့ဘဲ ၈ နာရီ လုပ်အားခပဲ ရနေတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေးအတွက် နေရေးထိုင်ရေးအတွက် ရအောင်ဖန်တီးနေရပြီး မိဘကို ထောက်ပံ့ဖို့တောင်မရတဲ့ အနေအထားမှာ အခုလို ဝင်ငွေခွန်တွေ ကောက်မယ်ဆိုတာ ကြားရတော့ လုပ်သားတွေ စိတ်သောကရောက်နေတာကို ကျွန်တော် မြင်တွေ့ရပါတယ်” ဦးအောင်ကျော်- အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းပြောဆိုခွင့်ရှိသူ

0
303
ပုံစာ - အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောဆိုခွင့်ရှိသူဦးအောင်ကျော်

မြန်မာရွှေ့ပြောင်းလုပ်သားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) ပြောဆိုခွင့်ရှိသူဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

ထိုင်းနိုင်ငံမှာ အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံနေရသလို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံရမှုတွေ ဆက်ရှိနေပါတယ်။

တဖက်မှာလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းတွေကနေ တဆင့် ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင် မရရှိတာ၊ လုပ်ခလစာ အပြည့်အဝ မရတာ၊ အလုပ်ဖြုတ်ခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်လက်ဖမ်းဆီးခံနေရတဲ့ အခြေအနေ၊ MOU အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) ပြောဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး နယ်စပ်ကနေတဆင့် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေ အခုနောက်ပိုင်းမှာ ဘယ်လိုတွေ့နေရပါလဲ။

ဖြေ။ ။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေက ပုံမှန်အတိုင်းပါပဲ။ နိုင်ငံတစ်ခုမှာ တည်ငြိမ်အေးချမ်းမှု မရှိဘူး၊ အလုပ်အကိုင်အခွင့်အလမ်းလည်း မကောင်းဘူး၊ ပြည်တွင်းမှာရှိတဲ့သူက ကိုယ့်ရဲ့စားဝတ်နေရေးအတွက် ဖြစ်တဲ့နည်းနဲ့ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အလုပ်အကိုင်ရဖို့အတွက် ကြိုးပမ်းနေကြတာပါ။ လုံးဝ ရပ်တန့် သွားတာမရှိဘူး။ ပုံမှန်အတိုင်းတော့ ဆက်လက်ဝင်ရောက်နေဆဲပါပဲ။ ထိုင်းနိုင်ငံကလည်း သူ့နိုင်ငံလုံခြုံရေးအရ ဆိုပြီး နယ်စပ်ဒေသတွေမှာ လုံခြုံရေးကိုတိုးမြှင့်ထားလို့ ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ အရင်ကထက်စာရင် လျော့ကျလာတယ်။ အရင်ကထက် ဖမ်းဆီးရမိတာ မရှိလောက်ပါဘူး။

မေး။ ။ နယ်စပ်ကနေမဟုတ်ဘဲ ထိုင်းနိုင်ငံပြည်တွင်းထဲမှာရှိနေတဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှုအခြေအနေရော ဘယ်လိုတွေ့နေရပါလဲ။

ဖြေ။ ။ ၂၀၂၁ – ၂၀၂၂ မှာ ပျှမ်းမျှကို ၄,၀၀၀ ဝန်းကျင် ဖမ်းဆီးရမိတာကို ထိုင်းအစိုးရက ထုတ်ပြန်တာမျိုးကို တွေ့ရတယ်။ အခုနောက်ပိုင်းတော့ အဲဒီလောက်အရေအတွက် မများပြားဘူး။ သို့သော် ဖမ်းဆီးရမိခြင်းလည်း ရှိနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။ အမြဲတမ်းကြီး မဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့တွေကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးလို့ ဖမ်းဆီးရမိတာလေးတွေ ရှိတယ်။ ပိုက်စိပ်တိုက် ဖမ်းဆီးတာမျိုးတော့ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။

မေး။ ။ MOU အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတယ်၊ နောက် လုပ်ခလစာ အဆင်မပြေတာတွေ စတာတွေ ကြားနေရတယ်ပေါ့နော်။ အဲ့ဒီအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ။ နယ်စပ်ဖြတ်ကျော်ပြီးမှ ရောက်လာတဲ့ အလုပ်သမားတွေ ဒုက္ခဖြစ်တာကို ကျွန်တော်တို့က အထူးပြောစရာ မလိုပေမယ့် နှစ်နိုင်ငံတရားဝင်စာချုပ် ချုပ်ပြီးမှ အလုပ်ရှင်၊ အလုပ်သမား၊ မြန်မာအလုပ်သမား ဝန်ကြီးဌာနရယ် တရားဝင်စာချုပ်ချုပ်ဆိုလာတဲ့ အလုပ်သမားတွေက ဒီနိုင်ငံမှာ ဒုက္ခရောက်တာတို့၊ အလုပ်အကိုင် အခက်အခဲတွေ ဖြစ်တာမျိုးက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါတွေကိုလည်း ကျွန်တော်တို့ ကြားမိပါတယ်။ ဒါတွေက တာဝန်ယူမှု၊တာဝန်ခံမှု မရှိတာတွေရယ်၊ သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေက ကြပ်မတ်မှု အားလျော့ နေတာကို မြင်တွေ့နေရတယ်။

မြန်မာနိင်ငံကနေ အလုပ်သမား ၁၆၄ ဦး ထိုင်းနိုင်ငံကို တရားဝင်စာချုပ် ချုပ်ပို့လာပြီးမှ အလုပ်မရှိလို့ဆိုပြီး အေဂျင်စီကနေ အလုပ်အကိုင်တွေ လိုက်ရှာဖွေပေးတယ်ဆိုတာ ကျွန်တော် ကြားသိရပါတယ်။ အမှန်အတိုင်း ပြောရရင် ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့သလိုပဲ တရားဝင်စာချုပ် ချုပ်လာတဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်ကိုရှာရမှာ မဟုတ်ဘူး။ စာချုပ်ပါစက်ရုံမှာ အလုပ်ဝင်ပြီးတော့မှ ပုံမှန်အစိုးရ သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ အခွင့်အရေးပြည့်ဝ ရရှိနေရမယ့် အနေအထားမျိုးမှာ ဒီမှာအလုပ်အကိုင်မဲ့ ဖြစ်နေတာ လုံးဝမသင့်လျော်ဘူး။

မေး။ ။ ထိုင်းနိုင်ငံထဲက အလုပ်သမားတွေအတွက် လုပ်ခလစာ တိုးမြှင့်ပေးမယ်လို့ သတင်းတွေကြားနေ ရပါတယ်၊ အဲ့ဒီအခြေအနေရော ဘယ်လိုမျိုးရှိနေပါလဲ။

ဖြေ။ ။ ဒါကတော့ အစိုးရတရပ်က မဲဆွယ်စည်းရုံးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ကတိပေးတာ အစိုးရ ဖြစ်ခဲ့မယ်ဆိုရင် လုပ်အားခ၊လစာတွေကို တိုးမြှင့်ပေးမယ် ပြောထားတာပေါ့။ အခုက နေ့ရက်အတိအကျကို သူတို့ကြေညာတာ မဟုတ်ပဲ သူတို့အနေနဲ့ မကြာခင် တစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်သားတွေကို လုပ်အားခ ၄၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြောထားပါတယ်။ နေ့ရက်စွဲ၊ လအတိအကျနဲ့ ဖော်ပြတာ မဟုတ်တော့ ဒါတွေကိုလည်း လုပ်သားတွေက စောင့်ကြည့်နေကြတုန်း ရှိပါတယ်။

မေး။ ။ လက်ရှိ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းအခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လုပ်အားခ တိုးမြှင့်သွားတာနဲ့ ကုန်ဈေးနှုန်းတွေက ဝုန်းခနဲ့ တန်းလိုက်လာတဲ့အတွက် အခုဒီမှာ အစိုးရသစ်က လေသံပစ်ထားတာ မကြာခင် လုပ်အားခလစာ တိုးမြှင့်ပေးမယ်လို့ ပြောလိုက်တဲ့အခါ ကုန်ဈေးနှုန်း တွေကလည်း တရိပ်ရိပ်တက်နေတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အနေအထားကို အမှီသဟဲပြုပြီး စီးပွားရေးက အတက်အကျဖြစ်တော့ ထိုင်းနိုင်ငံမှာလည်း ပြည်သူတွေလိုလားတဲ့အစိုးရ မဖြစ်လာတော့ နိုင်ငံရေးကလည်း တည်ငြိမ်အေးချမ်းတဲ့အနေအထား မရှိပါဘူး။ နိုင်ငံတကာ ဝယ်လက်တွေကလည်း အဝယ် အော်ဒါတွေလျော့တော့ ထိုင်းမှာ အလုပ်အကိုင်တွေ အဆင်မပြေပါဘူး။ လုပ်သားတွေက အချိန်ပိုကြေးတွေ မရတော့ဘဲ ၈ နာရီစာ လုပ်အားခနဲ့ပဲ ရပ်တည်နေရလို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ကုန်ဈေးနှုန်းကလည်း တက်လာတော့ လုပ်သားတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

မေး။ ။ ပြည်ပရောက် မြန်မာအလုပ်သမားတွေအပေါ် စစ်ကောင်စီက ဝင်ငွေခွန်တွေကောက်မယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အရှေ့ပိုင်းမှာ ပြောသွားတာတွေကို စစ်အစိုးရအနေနဲ့ လေ့လာသုံးသပ် သင့်ပါတယ်။ ဒီထိုင်းနိုင်ငံမှာ ရောက်နေတဲ့လုပ်သားတွေက လုပ်အားခလစာတွေ အမြောက်အများ ရရှိပြီး ဝင်ငွေတွေ ပိုလျှံပြီး စုဆောင်းနိုင်တဲ့ အနေအထား မဟုတ်ဘူး။ သူတို့ဘဝက အခက်အခဲတွေနဲ့ မနည်းရပ်တည်တဲ့ အနေအထားမျိုးမှာ ဝင်ငွေခွန် ကောက်တာက ကျွန်တော်ထင်တယ်။ လုပ်သားတွေ လက်ရှိပကတိ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားကို မသိရှိဘဲ လုပ်တာဖြစ်လို့ အလုပ်သမားတွေလည်း တော်တော်သောက ဖြစ်နေပါတယ်။

မေး။ ။ ထိုင်းအစိုးရသစ် အပြောင်းအလဲဖြစ်တဲ့နောက်ပိုင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုမျိုး တွေ့နေရပါလဲ။

ဖြေ။ ။ လက်ရှိဝင်ငွေနဲ့တောင် ရပ်တည်ဖို့ အခက်အခဲဖြစ်နေတာ၊ အခုလိုမျိုး စစ်အစိုးရက လုပ်အားခတွေ ကနေ ဝင်ငွေကောက်မယ်ဆိုတာ လုပ်သားတွေရဲ့ ပကတိအခြေအနေကို လုံးဝမသိဘဲ ဆုံးဖြတ်နေတယ်လို့ သုံးသပ်ရပါတယ်။

မေး။ ။ လက်ရှိ ထိုင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကြုံနေရတဲ့ အဓိက အခက်အခဲက ဘာများဖြစ်နိုင်မလဲ။

မေး။ ။ အခုအစိုးရသစ် အပြောင်းအလဲနောက်ပိုင်းမှာ ထူးခြားတဲ့ ဖြစ်ပေါ်မှုတွေ မဖြစ်သေးဘဲ အစိုးရသစ် မပေါ်ပေါက်ခင်တည်းက ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုတွေ၊ အလုပ်အကိုင်တွေ အရင်လောက် အဆင်မပြေမှုတွေ ဝင်ငွေနည်းပါးမှုတွေကြောင့် လုပ်သားတွေက လောလောဆယ် အခက်အခဲတွေများစွာ ကြုံတွေ့နေရတယ်။ ဒီနှစ်က ထိုင်းနိုင်ငံစီးပွားရေးက ဆိုးဆိုးဝါးဝါးကျဆင်းသွားတာ မဟုတ်ပေမယ့် လုပ်သားတွေက ပုံမှန်ဝင်ငွေ မရတော့ဘူး။ လုပ်အားခ ၃၅၀ ကျော် ရလာမယ်။ အိုဗာတိုင်ကြေး ၂ နာရီ၊ ၃ နာရီ ရမယ်ဆို ထိုင်းဘတ်ငွေ ၅၀၀ လောက် ရနေတဲ့ လုပ်သားက သူ့အတွက် နေရေးထိုင်ရေး စာရေးသောက်ရေးအပြင် သူ့အတွက် အမိအဖ၊ ဆွေမျိုးတွေဆီ ပို့ပေးနိုင်တဲ့ အနေအထားရှိတယ်။ အခု ဘယ်အိုဗာတိုင်မှ မပေးတော့ဘဲ ၈ နာရီ လုပ်အားခပဲ ရနေတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေးအတွက် နေရေးထိုင်ရေးအတွက် ရအောင်ဖန်တီး နေရပြီး မိဘကို ထောက်ပံ့ဖို့တောင် မရတဲ့ အနေအထားမှာ အခုလို ဝင်ငွေခွန်တွေ ကောက်မယ်ဆိုတာ ကြားရတော့ လုပ်သားတွေ စိတ်သောကရောက်နေတာကို ကျွန်တော် မြင်တွေ့ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မညီမျှလို့ စိတ်သောကရောက်နေတဲ့ အနေအထားက စိန်ခေါ်မှု ဖြစ်နေပါတယ်ခင်ဗျ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာရှိပါလဲ။ ပြောပြပေးပါဦး။

ဖြေ။ ။ လက်ရှိ ကိုယ့်တိုင်းပြည်ထဲမှာ မငြိမ်မသက်တွေ ဖြစ်လို့၊ မတည်ငြိမ်မှုတွေ ဖြစ်လို့၊ အန္တရာယ်တွေ မကင်းရှင်းလို့ဆိုပြီး တိုင်းတပါးကို လာတော့မယ်ဆိုရင် မိမိသွားမယ့်နိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေကိုလည်း ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေက စနစ်တကျ လေ့လာစုံစမ်းပြီးမှ လာစေချင်တယ်။ ရောက်နေတဲ့ အလုပ်သမားတွေက ဒုက္ခရောက်နေတာကို မြင်တွေ့နေရတဲ့အတွက် အဲဒါလေးကို ကျွန်တော်သတိ ပေးချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here