“အခုကတော့ မြင်သာထင်သာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာတယ်ပေါ့နော်။ အဲဒါကို စစ်ကောင်စီကနေ ဒီလိုမျိုး အမျိုးသမီးတွေ ပါဝင်တယ်ဆိုတာကို သူ့အနေနဲ့သည်းခံနိုင်ပုံ မရဘူး။ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့ သဘောထားကိုက မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ဝါဒ ဖြစ်တယ်” ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေ အတွင်းရေးမှူး- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

0
402
ပုံစာ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူးဒေါ်နှင်းနှင်းမွှေး။

နွေဦးတော်လှန်ရေးမှာအမျိုးသမီးပါဝင်မှု အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရတာ၊ လိင်ပိုင်း ဆိုင်ရာ စော်ကားခံရတာ၊ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံတာရတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အဆိုးဝါးဆုံး ခံစားနေရပါတယ်။ တဖက်မှာတော့ အမျိုးသမီး ၃၅၀၀ နီးပါးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကို ခံထားရသလို အကျဉ်းထောင်ပြင်ပက အမျိုးသမီးတွေဟာလည်း စိုးရိမ်ကြောက်လန့်မှု တွေနဲ့ ရှင်သန်နေထိုင်နေရတာပါ။

ဒါကြောင့် စစ်ကောင်စီလက်ထက် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ လူ့အခွင့်အရေးချိုးဖောက်ခံရ မှုတွေ၊ စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံးအနေနဲ့ စစ်ကောင်စီလက်ထက်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ အဲဒီထဲမှာ နွေဦးတော်လှန်ရေးမှာပါဝင်ကြတဲ့ အမျိုးသမီးတွေ ဘယ်လို အခက်အခဲတွေကို ပိုမိုရင်ဆိုင်နေရတာကို တွေ့ရပါလဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားတဲ့နေရာမှာ အမျိုးသမီးပါဝင်မှုက အရင်တော်လှန်ရေးမှာ ပါခဲ့လို့လားမသိဘူး။ အခုကတော့ မြင်သာထင်သာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာတယ်ပေါ့ နော်။ အဲဒါကို စစ်ကောင်စီကနေ ဒီလိုမျိုး အမျိုးသမီးတွေ ပါဝင်တယ်ဆိုတာကို သူ့အနေနဲ့ သည်းခံနိုင်ပုံ မရဘူး။ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့သဘောထားကိုက မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ဝါဒ ဖြစ်တယ်။ စစ်ဝါဒီဆိုတာလည်း ဒါရဲ့အစိတ်အပိုင်းဖြစ်တယ်။ အမျိုးသားရေးကြီးစိုးလျက်ရှိပြီး အမျိုးသမီးတွေကို ဒုတိယတန်းစား နေရာတောင်မဟုတ်ဘဲ တကယ်ကိုဖိနှိပ်ထားရမယ်ဆိုတဲ့ အတွေးအမြင်တွေ သူတို့မှာ ရှိတယ်လို့ ကျွန်မကတော့ အဲဒီလိုမျိုး မြင်ပါတယ်။

ဒီလိုမျိုး အမျိုးသမီးတွေ ပါဝင်တဲ့နေရာမှာ လက်မခံနိုင်ဘဲ သူတို့ကို ဆန့်ကျင်ရကောင်းလားဆိုပြီး ဆိုးဆိုးဝါးဝါးဖိနှိပ်တာ တွေ့ရတယ်။ စစ်ကြောရေးမှာပဲ ဖြစ်ပါစေ၊ သူတို့ရဲ့ စစ်ကြောင်းထိုးတဲ့ဒေသမှာပဲ ဖြစ်ပါစေ၊ အဲဒီလိုနေရာတွေမှာ အမျိုးသမီးတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ပြုမူဆောင်ရွက်မှုတွေ၊ မုဒိန်းမှုတွေပါ ကျူးလွန်တယ် ဆိုတာမျိုးတွေလည်း ကျွန်မတို့ ကြားရပါတယ်။ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့ အနေအထား ပြောရမလားမသိဘူး၊ အဲဒီအပေါ်မှာ အနိုင်ကျင့်ပြီး ဆိုးဆိုးဝါးဝါး ဒီဟာမျိုးတွေ ကျူးလွန်နေတယ်ဆိုတာမျိုးလည်း ကျွန်မတို့ ကြားရတာတွေ ရှိပါတယ်ရှင့်။

မေး။ ။ အမျိုးသမီးတွေကို အမျိုးသားနည်းတူ စစ်ကောင်စီက ဘာကြောင့် အခုလိုပစ်မှတ်ထား နှိမ်နင်းနေတယ်လို့ မြင်ပါသလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ဖြေ။ ။ ခေါင်းဆောင်ပိုင်းမှာပါဝင်နေတဲ့ အမျိုးသမီးတွေကိုလည်း စစ်အုပ်စုက သူတို့လက်ထဲမှာ မရှိဘူး။ တို့ထိလို့မရတဲ့ အနေအထားမျိုးဆိုရင်လည်း အွန်လိုင်းကနေ သိက္ခာချတာ၊ အမျိုးမျိုးစော်ကားတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြီး ပြောဆို စွပ်စွဲကြတာတွေ၊ ပုံစံမျိုးစုံနဲ့ ဝါဒဖြန့်ချိတာတွေလုပ်တာတော့ ကျွန်မတို့ တွေ့ရတယ်။ ခေါင်းဆောင်ပိုင်းမှာ မရှိပေမယ့် သူတို့ကိုဆန့်ကျင်တဲ့အပိုင်းမှာ ပါဝင်တဲ့ ကျေးရွာနေ အမျိုးသမီးတွေ ဒါတွေကိုလည်း သူတို့တွေက စစ်ကြောင်းထိုးရင်းနဲ့ မုဒိန်းကျင့်ပြီး သတ်တယ်ဆိုတဲ့ကိစ္စတွေ၊ သတ်တယ်ဆိုတာတောင် ရက်ရက်စက်စက် မီးရှို့ပြီး သတ်တယ်ဆိုတဲ့ဟာတွေပါ။

လတ်တလောကြားရတဲ့ သတင်းတစ်ခုမှာ PDF စခန်းတစ်ခုကို ဝင်စီးပြီးတော့ အဲဒီကအမျိုးသမီးရဲဘော်တွေ ကို မုဒိန်းကျင့်ပြီးတော့ ကျင့်ထားတာကိုသိရအောင်လို့ အဝတ်အစားတွေပါချွတ်ပြီး ကျန်တဲ့သတ်ထားတဲ့ ရဲဘော်တွေကိုတော့ မီးရှို့ပြီး ခုနကအမျိုးသမီးတွေကိုတော့ မီးမရှို့ဘဲထားခဲ့တယ်။ စစ်အုပ်စုကတော့ ခေါင်းဆောင်ပိုင်းမှာရှိတဲ့ အမျိုးသမီးပဲ ဖြစ်ပါစေ၊ ဘယ်နေရာမှာရှိတဲ့ အမျိုးသမီးပဲ ဖြစ်ပါစေ၊ အမျိုးသမီး မှန်သမျှကို သူတို့ရက်ရက်စက်စက် ကျူးလွန်နေတဲ့ အခြေအနေမျိုးကို ကျွန်မတို့တွေ့ရပါတယ်ရှင့်။

မေး။ ။ NUG ကလည်း အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ထံ တိုင်စာပို့ထား တယ်လို့ ကြားသိရပါတယ်။ သူတို့အနေနဲ့လည်း ဘယ်လောက်ထိ လုပ်ဆောင်ပေးနိုင်မယ်လို့မြင်ပါလဲ။

ဖြေ။ ။ စာပို့ထားတာ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတွေတော့ ဘယ်လောက် လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူးဆိုတာတော့ ကျွန်မတို့မပြောနိုင်ဘူး။ ဒါပေမယ့်တစ်ခု ဖြည့်စွက်ပြီး ပြောချင်တာ ဒီကာလမှာ ဝမ်းနည်းစရာကောင်းတာက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ခံရတဲ့သူတွေက အမျိုးသမီးတွေတင်မကပဲ ကလေးလေးတွေ LGBT တွေ၊ နောက်အမျိုးသားတွေအပေါ်မှာ ကျူးလွန်နေတယ် ဆိုတာလည်း သိရပါတယ်။ ဒါတော်တော်ကို ကြောက်ရွံထိတ်လန့်စရာကောင်းတဲ့ ကိစ္စလို့လည်း ကျွန်မတို့ ယူဆပါတယ်။

ကျူးလွန်ခံရသူများအတွက် မှတ်တမ်းရှိတယ်ဆိုတာ ကောင်းတဲ့ကိစ္စဖြစ်တယ်။ သို့သော်လည်း ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ဒီလိုကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ဘယ်လိုမျိုး ပြစ်ဒဏ်ပေးနိုင်မလဲ၊ ဘယ်လိုမျိုး ကာကွယ်တားဆီး နိုင်မလဲ၊ အဲဒီလိုမျိုးတွေလည်း ချမှတ်ထားဖို့ လိုအပ်သလို ပြစ်မှုကျူးလွန်တဲ့သူများ၊ အဖွဲ့အစည်းများကိုလည်း တကယ်တမ်း သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို ပုံစံမျိုးစုံနဲ့ပေးနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။

အဲဒီလိုမှမဟုတ်ရင် ကျွန်မတို့အသိုင်းအဝိုင်းမှာက အထူးသဖြင့် စစ်တပ်ကကျူးလွန်ခဲ့တဲ့ ဒီလိုမျိုး ပြစ်မှုတွေက ထောင်နဲ့သောင်းနဲ့ချီရှိခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်ကာလကမှ ဒါနဲ့ပတ်သက်တဲ့ တရားမျှတတဲ့ ဖော်ဆောင်မှုမျိုး မရခဲ့ဘူး။ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ သူတို့ကထပ်ခါထပ်ခါ ဒီပြစ်မှုမျိုး ကျူးလွန်နေတာဖြစ်တယ်။ ကိုက်တတ်တဲ့ခွေးက မရိုက်ရင် နောက်ထပ် ထပ်ကိုက်နေမှာပဲ ဖြစ်ပါတယ်။ စကားပုံက ရိုင်းချင်ရိုင်းလိမ့်မယ်။ ဒါပေမယ့် အခြေအနေက အမှန်တကယ် ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုပြစ်မှုမျိုးတွေ ထပ်ပြီး မကျူးလွန်အောင် ကျွန်မတို့က နောက်ထပ် မကျုးလွန်အောင် ဝိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ စစ်ကောင်စီက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ အကြောက်တရားဖြစ်လာအောင် ဖိနှိပ်နေတဲ့အပိုင်းတွေမှာ အမျိုးသမီးတက်ကြွလှုပ်ရှားမှုတွေက တကယ်ပဲကျရှုံးသွားပါသလား။ သူတို့အောက်မှာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ကြောက်လန့်အောင် ဖိနှိပ်တဲ့အလုပ်လုပ်တယ်ဆို သူတို့ရဲ့ အတွေးအခေါ်က လွဲနေပြီ၊ မှားနေပြီလို့ အဲဒီလိုမျိုး ပြောချင်ပါတယ်။ လက်တွေ့မြင်နေရတာပဲလေ။ အမျိုးသမီး တက်ကြွလှုပ်ရှားသူပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေပဲ ဖြစ်ဖြစ်၊ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေ ကိုတော့ ဆက်ပြီးတော့ လုပ်ပေးကြတာ အမှန်ပါပဲ။ ဒီလိုမျိုး ကိုယ့်အပေါ်မှာ ကျူးလွန်စော်ကားတဲ့ကိစ္စတွေ၊ ဖိနှိပ်လာတဲ့ ကိစ္စတွေကို ကျွန်မတို့သတိထားပြီးတော့ ဘယ်လိုမျိုး ကာကွယ်ကြမလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကိုယ့်ပြည်သူတွေအချင်းချင်း လက်တွဲပြီးတော့ သတိပေးကြတာ၊ ကာကွယ် စောင့်ရှောက်ကြရတာ၊ ဒါမျိုးတွေတော့ လုပ်နေကြရတယ်။

နောက်တစ်ချက်က ကျဆုံးသွားတယ်ဆိုတာ လုံးဝမမြင်ဘူး။ လုပ်စရာရှိတာကို ဆက်လုပ်နေကြရတယ်။ စစ်ကောင်စီကနေ အမျိုးသမီးတွေကို ပစ်မှတ် ထားပြီးတော့ အကြောက်တရားရှိအောင် ဖိနှိပ်မှုတွေ ရှိနေသော်လည်း ဒီအမျိုးသမီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေပဲဖြစ်ဖြစ် လုပ်စရာရှိတာတွေကို ဆက်ပြီး လုပ်နေကြတယ်။ ဒီလိုအန္တရာယ်တွေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ကျရောက်မလာအောင် သတိကြီးကြီး ထားပြီး လုပ်စရာရှိတာတွေကိုတော့ လုပ်မြဲတိုင်း ဆက်ပြီးလုပ်နေကြတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်ရှင့်။

မေး။ ။ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေမှာ ထောက်ခံမှုတွေ၊ ပံ့ပိုးမှုတွေက တကယ်ပဲအားရဖွယ်ရာ အခြေအနေရှိနေတယ်လို့ ပြောလို့ရပါလား။

ဖြေ။ ။ ကျွန်မတို့ရဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အပါအဝင်ပေါ့၊ တခြားနိုင်ငံတွေကနေ ဘယ်နိုင်ငံမဆို ထောက်ခံမှုတွေ လုပ်တာတော့ ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ပေါင်းမသွားပဲ စစ်အုပ်စုသက်ဆိုးရှည်အောင် လုပ်မနေဘူးဆိုရင် ကြိုဆိုရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်မအမြင်က တော်လှန်ရေးကို အားပေးတယ်၊ ထောက်ခံတဲ့ အပိုင်းမှာဆိုရင် သူတို့လုပ်နိုင်သလောက်အပိုင်းပဲ လုပ်နေတဲ့ အခါကျတော့ တော်လှန်ရေး တကယ်အောင်မြင်အောင်လုပ်ရမှာက ကျွန်မတို့ကိုယ်တိုင်ပဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပကထောက်ပံ့တာက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နေတဲ့အခါကျတော့ ဒီအတွက်ကို ကျွန်မတို့က မျှော်ကိုးနေလို့လည်း မရဘူး။ ကျွန်မတို့ကိုယ်တိုင် လုပ်ရမယ့်အလုပ်ကို ကိုယ်တိုင်သေသေချာချာ လုပ်မှသာ ကျွန်မတို့တော်လှန်ရေးက အောင်ပွဲရနိုင်မယ်လို့ ကျွန်မကတော့ အဲဒီလိုပဲ ယူဆပါတယ်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့လုပ်နိုင်စွမ်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်အထိ လျော့ကျသွားပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ အာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်မတို့နိုင်ငံရဲ့အခြေအနေက တကယ့်ကိုကျဆုံးနိုင်ငံ အခြေအနေ ကို ရောက်သွားတယ်လို့ ကျွန်မကမြင်တယ်။ ဘယ်နေရာမဆို ပရမ်းပတာ စီမံခန့်ခွဲမှုတွေနဲ့ တကယ်ကို မအောင်မြင်တဲ့ ယန္တရားတွေနဲ့ သွားနေတယ်။ ဘယ်သူ့ဘယ်သူအတွက်မှ အာမခံချက် မရှိဘူးပေါ့နော်။ တကယ်တမ်း အစိုးရအလုပ်မှာပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကအလုပ်တွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင် ပုဂ္ဂလိက ဌာနတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်တွေပဲ ဖြစ်ဖြစ်၊ ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမှ အာမခံချက် မရှိဘူးဆိုတာ ကျွန်မတို့ တွေ့နေရပါတယ်။

လက်တွေ့ဖြစ်စဉ်တွေကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုက အခုဆို အာဏာသိမ်း ကာလထက် အဆမတန်မြင့်တက်ပြီးတော့ နိုင်ငံတွင်းမှာ ဆီလေးငါးဆယ်သားလောက် ရဖို့အရေးကို မိုင်နဲ့ချီပြီး နေပူကြီးထဲမှာ တန်းစီပြီးနေကြရတဲ့ အခြေအနေမျိုးအထိအောင် နိုင်ငံရဲ့စီးပွားရေး အခြေအနေကလည်း ယုတ်လျော့သွားတယ်။ အလုပ်ခွင်ထဲမှာရှိတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အသက်အန္တရာယ်နဲ့လုံခြုံမှုက လုံခြုံမှုမရှိတာကို ကျွန်မတို့ တွေ့နေရပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါလဲ။ ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မတို့နိုင်ငံမှာ ဒီစစ်အုပ်စုကို အမြစ်မဖြတ်နိုင်သ၍ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်သေးသမျှတော့ ကျွန်မတို့ ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေ တကယ်ကို လုံခြုံမှု မရှိတဲ့အခြေအနေ ညအိပ်ရင်တောင်မှပဲ ဘယ်အချိန်တံခါးလာခေါက်မလဲ စိုးရိမ်ထိတ်လန့်နေရတဲ့ဘဝတွေက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တော်လှန်ရေးခေါင်းဆောင်တွေ နိုင်ငံရေးအုပ်စုတွေ နိုင်ငံရေးခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် ပြည်သူတွေပဲ ဖြစ်ဖြစ် အားလုံးက ဒီအချိန်မှာ စစ်အုပ်စု အမြစ်ပြတ်ရေး ကို ဒီလိုအချိန်မှာ အားလုံးကဝိုင်းဝန်းဆောင်ရွက်မှသာ ဒီလိုအခြေအနေဆိုးတွေကနေ လွတ်မြောက်မှာ ဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here