တနင်္သာရီတိုင်းက ဒေသခံစစ်ဘေးရှောင်များ ရင်ဆိုင်ကြုံနေရသည့် အကျပ်အတည်းများနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းအတွင်း လူမှုကူညီပေးရေးလုပ်ဆောင်နေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ Black နှင့် ဆက်သွယ်မေးမြန်းချက်။
ပြီးခဲ့သည့် မေလအတွင်း တနင်္သာရီတိုင်းတွင် နှစ်ဖက်တပ်ကြားတိုက်ပွဲများအပြင် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနှင့် တိုက်ခိုက်မှုတို့ကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသည်မှာ ၈၀,၀၀၀ ကျော်အထိ ရှိလာခဲ့သည်ဟု FE5Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။
တောင်တောင်တွေထဲ ဥယျာဉ်ခြံတွေထဲ၌ စစ်ရှောင်နေထိုင်ရသည့်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်မှုတို့ ကြုံနေရသလို နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုကြောင့် ဒေသခံရေလုပ်သားများ၊ မွေးမြူရေးသမားများ၊ လယ်သမားများနှင့် ပန်းရံလုပ်ကိုင်သူနေ့စားသမားများ လုပ်ငန်းခွင်မဝင်ရောက်နိုင်တော့တာကြောင့် ဝင်ငွေမရှိဘဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
ယခုလက်ရှိတွင် တနင်္သာရီဒေသက ကျေးရွာအသီးသီးရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များသည် တုပ်ကွေး၊ ငှက်ဖျားစသည့် ရောဂါဖြစ်လာချိန် သောက်စရာဆေးမရှိသည့် အခြေအနေကို ကြုံနေရကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။
တဖက်တွင်လည်း စားနပ်ရိက္ခာသယ်ယူခွင့်အတွက် အခက်အခဲရှိနေသလို ကုန်ဈေးနှုန်းကြီးမြင့်မှုပါ တပါတည်း ဒေသခံစစ်ရှောင်များ ရင်ဆိုင်နေကြရသည်။ ထိုအခြေအနေတို့ကြောင့် ဒေသခံစစ်ရှောင်များ ရင်ဆိုင်ကြုံနေ ရသည့် အကျပ်အတည်းများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းအတွင် လူမှုကူညီပေးရေး လုပ်ဆောင်နေကြသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ Black ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံးအနေနဲ့ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေရဲ့အခြေအနေ ဘယ်လိုရှိပါလဲခင်ဗျာ။
ဖြေ။ ။ တနင်္သာရီရဲ့ စစ်ဘေးရှောင်တွေရဲ့အခြေအနေကို ပြောရမယ်ဆိုရင် နှစ်ပိုင်းတော့ခွဲပြောရမယ်။ ဆိုတော့ ပထမကြတော့ ဒီအရေးပေါ်ရှောင်နေရတဲ့ စစ်ဘေးရှောင်၊ Emergency (အရေးပေါ်) ရှောင်ရတဲ့ စစ်ဘေးရှောင် တွေ နောက်တခုက စခန်းတွေထဲမှာနေနေရတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်ပေါ့နော်။ ဒီ Emergency (အရေးပေါ်) ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကြတော့ သူတို့ရဲ့လိုအပ်ချက်က ပိုပြီးတော့များတယ်။ ခုနက ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တဲ့ အခြေအနေမျိုးရှိတယ်ပေါ့နော်။ ပြီးတော့ ရွာထဲကို စစ်ကြောင်းထိုးလာတဲ့အခြေအနေမျိုးတွေ၊ တိုက်ပွဲတော့မဖြစ်ဘူး စစ်ကြောင်းထိုးလာတဲ့အခြေအနေ။ အဲဒီလိုအခြေအနေတွေကြောင့် ရွာသားတော်တော် များများ ထွက်ပြေးတိမ်းရှောင် အဲဒီလိုအခြေအနေမျိုးဆို သူတို့မှာဘာမှသယ်လို့ မရဘူး။ သယ်ယူလို့ မပါဘူး ပေါ့လေ။ ပစ္စည်းတွေဘာတွေ ဘာမှမပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ပြေးရတဲ့အခြေအနေတွေရှိတယ်။
တချို့ စစ်ဘေးရှောင်တွေကြတော့လည်းပဲ စစ်ရည်ဝတယ်ပေါ့နော်။ ရှောင်ရတဲ့အချိန်တွေများလာတော့ ဝသွားတော့ သူတို့ ဒီဥယျာဉ်တွေခြံတွေထဲမှာပဲ တစ်ပတ်စာနှစ်ပတ်စာစ္စည်းတွေ သိုလှောင်ထားတဲ့ဟာမျိုးတွေ ရှိတယ်။ သို့ပေမယ့်လည်း အဲဒါတွေနဲ့ တကယ့်ခဲရာခဲဆစ် ဖြစ်တဲ့အခြေအနေမှာ ရှောင်ရတာတနေရာ ပြေးရတာတနေရာ ကိုယ်ပစ္စည်းထားတဲ့ဟာက တနေရာဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုအခြေအနေတွေရှိတဲ့ အခါကြတော့ တော်တော်လေးခက်ခဲကြတဲ့ အနေအထားတွေမှာကြုံရတယ်။ အဓိကက စားနပ်ရိက္ခာပေါ့လေ။ မိုးတွင်းက တခါ ဖြစ်တဲ့အခါမျိုးမှာ ကိုယ်ရှောင်လိုက်တဲ့နေရာ လုံးဝဘာမှကို ဦးတည့်ရာကိုပြေးတဲ့ အနေအထားမျိုးဆိုရင် ကျွန်တော်တို့ ရှိတယ်ပေါ့နော်။ အခုလက်ရှိ ဒီသိန်းခွန်ဘက်ကကျေးရွာတွေမှာဆိုရင် လုံးဝ ပြန်မဝင်နိုင်သေးဘူး။
ဒီညောင်ပင်ကွင်းဘက်မှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရဆဲ ဖြစ်တယ်ဆိုတော့ အဲဒီလိုအခြေအနေရှိတဲ့အခါကြတော့ ရွာပြန်ဝင်လို့လည်း မရဘူး။ သူတို့ဦးတည့်ရာ ပြေးတဲ့ အခါမျိုးမှာဆိုရင် သူတို့ ဒီဓနိတောတို့ ကျွန်တော်တို့ ဒီဆီအုန်းတောတို့ အဲဒီလို ခြံတွေထဲမှာ နေကြရတဲ့ အခါကြတော့ မိုးထဲမှာ မိုးကာလည်းမရှိဘူး တဲလည်းမရှိဘူး။ ကျွန်တော်တို့ ဒီတိုင်းပဲ သူတို့နီးရာတွေ အဆင်ပြေ တာလေးတွေ မိုးပြီးတော့နေထိုင်ကြတယ်။ အောက်မှာလည်းပဲ အဆင်ပြေတာလေးတွေ ခင်းပြီးတော့ နေထိုင် စားသောက်တာတွေ အိပ်တာတွေ ပြီးတော့ ချက်ပြုတ်စားသောက်ဖို့လည်း လုံးဝအဆင်မပြေဘူး စတဲ့ဟာတွေ ကအစ ကြုံရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်။ တချို့ကျန်းမာရေး အသက်ကြီးရွယ်အိုတွေ ကျန်းမာရေး ထိခိုက်တဲ့ သူတွေဆိုရင် တော်တော်လေးကို ခက်ခဲတဲ့အထဲမှာ ပါတယ်ပေါ့နော်။
ဆိုတော့ အိမ်ပြန်လို့လည်းမရဘူး၊ မိုးထဲ ရေထဲလည်း တခါဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကလေးတွေလည်းပါတဲ့ အခြေအနေမျိုးဆိုရင် ဒီလိုရှောင်ရတဲ့ အနေအထားဆို တော်တော်ကြီးကို အခက်အခဲတွေ ပိုပြီးတော့ ကြုံရတယ် ပေါ့နော်။ စခန်းထဲက နေတဲ့သူတွေကြတော လက်ရှိအခြေအနေ မိုးရာသီဖြစ်တဲ့အခါကြတော့ သူတို့ရဲ့ အဓိက လိုအပ်ချက်က ဆေးဝါးတွေဖြစ်တယ်။ နောက်တခုက ကျွန်တော်တို့ ဒီစားနပ်ရိက္ခာတွေ အဲဒါတွေကလိုအပ်တယ်။ ဆေးဝါးကြတော့ ကျွန်တော်တို့ဒေသမှာ ဆေးက ဒီစစ်ဘေးရှောင်တွေအတွက်ဆို သီးသန့်လုပ်ပေးတဲ့ဆေးဆိုလို့ မရှိဘူးပေါ့နော်။ အဖွဲ့တွေကလည်း ရှားပြီဆိုတော့၊ နယ်လှည့်ရဲဘော်တွေ လာတဲ့အချိန်ဆို တောင်းပြီးတော့ ပြရတယ်။ တောင်းပြီး ကုရတယ်။ လုံးဝ အခြေအနေမကောင်းတဲ့ အခြေအနေမျိုးဆိုမှ ကိုယ့်ဟာကို မြို့သွားတဲ့သူကသွား မြို့မသွားဘူးဆိုရင်လည်း ရွာထဲကဆေးခန်းတွေမှာ ဆေးသောက် အဲဒီလိုအခြေအနေနဲ့ ဖြေရှင်းရတယ်။
တချို့ကလည်း ဆေးမှူးတွေကို လိုက်ပြ၊ အဲဒီလိုပြပြီး လုပ်ရတဲ့အခါကြတော့ ငွေရေးကြေးရေး လုံးဝမတတ်နိုင်တဲ့ လူတွေဆိုရင် ဆေးသောက်ဖို့လည်း ပိုက်ဆံကမရှိ အဲဒီလိုအခြေအနေတွေ ရှိတယ်ပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးသီးသန့် လိုက်ကုပေးတဲ့အဖွဲ့က နည်းနည်းရှားတယ်။ မရှိဘူးပေါ့နော်။ ဆိုတော့ အဲဒီလိုအခြေအနေကြတော့ ဆေးသောက်ဖို့အတွက် သူတို့မှာအခက်အခဲရှိတယ်။ ဟို စားဖို့သောက်ဖို့ ကလည်း တဖက်ရှိနေတဲ့အခါကြ နေမကောင်းကျန်းမကောင်း ဖြစ်တဲ့အခါကြရင် ခုနက ငွေရေးကြေးရေး အခက်အခဲကြောင့် ဆေးခန်းမပြနိုင်တဲ့လူက ပိုပြီးတော့ရှိတယ်ပေါ့နော်။ သူတို့အတွက် ဆေးဝါးလိုအပ်ချက်က ပိုပြီးတော့ များလာ တယ်။ အဲဒီလိုတော့ ရှိတာပေါ့နော်။ ဆိုတော့ IDC တနင်္သာရီမြို့နယ် စစ်ဘေးရှောင် ဆိုရင်တော့ အဲဒီလိုနှစ်ပိုင်းခွဲပြီးတော့ ကျွန်တော်တို့ပြောရမယ်ပေါ့နော်။
မေး။ ။ မိုးတွင်းကာလလည်း ရောက်လာပြီးဆိုတော့ စစ်ဘေးရှောင်တွေအဖြစ်များတဲ့ ရာသီရောဂါတွေ ဖြစ်ပွားတဲ့အခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ဒီအဓိက တနင်္သာရီဘက်မှာကြတော့ မိုးများတဲ့ဒေသလည်း ဖြစ်တယ်။ နောက်ပြီး တောတောင်ထူထပ်တဲ့ ဒေသလည်းဖြစ်တဲ့အခါကြတော့ ခုနက တုပ်ကွေးတို့ ငှက်ဖျား တွေကတော့ ဖြစ်တယ်ပေါ့နော်။ ပြီးတော့ ဒီနောက်တခုက ဝမ်းရောဂါတို့ပေါ့နော်။ ဝမ်းလျှောတာတို့ ဖြစ်သလို နောက်တခုက နှာစေး၊ ချောင်းဆိုး၊ ဖျားနာစတဲ့ ရာသီပေါ်ရောဂါတွေကလည်း ဖြစ်တယ်ပေါ့နော်။ သို့ပေမယ့် ဒီရာသီပေါ်ရောဂါတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေကြတော့ ကျွန်တော်တို့ကုသလို့ လွယ်သေးတယ်။ ဆေးသောက်လို့ ရတယ်ပေါ့နော်။ အဆင်ပြေတဲ့ ဆေးရှာဝယ်ပြီးတော့ သောက်လို့ရတယ်။
ဒါပေမယ့် ခုနက ဒီရောဂါကြီးတွေဖြစ်တဲ့ ငှက်ဖျားရောဂါကြတော့ တုပ်ကွေးတွေ ဘာတွေဖြစ်လာရင်တောင်မှ ကျွန်တော်တို့မှာ သောက်ဖို့ဆေးမရှိဘူး။ အခု ခဲရာခဲဆစ် ငှက်ဖျားလေးတစ်ယောက်ဖြစ်ပြီး နှစ်ယောက်လောက် ဖြစ်လာပြီး ကျွန်တော်တို့က စစ်ဖို့ စစ်တံလည်း မရှိသလို သောက်ဖို့ဆေးကလည်း ကျွန်တော်တို့မှာ မရှိဘူး။ ဝယ်လို့လည်း မရဘူး။ ရွာကဆိုင်တွေမှာလည်း ဝယ်လို့မရ၊ နီးစပ်ရာ ရွာကြီးတွေမှာတောင် ဒီဆေးက သွားဝယ်လို့ မရဘူး။ ဆိုတော့ အဲဒီလိုအခက်အခဲ ရှိတဲ့အခါကြတော့ ကျန်းမာရေးနဲ့ နှီးနှောတဲ့အဖွဲ့အစည်းတွေ ကျန်းမာရေး ဌာနနဲ့ နီးစပ်တဲ့အဖွဲ့တွေဆီမှာပဲ လိုက်တောင်းရတယ်။ ဆိုတော့ အဲဒီလိုအဖွဲ့တွေ သွားပြောရတဲ့ဟာတစ်ခု ဖြစ်တယ်ပေါ့။ ဆို့တော့ အဲဒီလိုကြီးက အဲဒီလိုဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာက တော်တော်လေး အခက်အခဲ လေးတော့ ကြုံရတယ်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်။
မေး။ ။ မိုးတွင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲနဲ့ ကြုံတွေ့နေရလဲ။
ဖြေ။ ။ ဆေးဝါးကကြတော့ ဒီငှက်ဖျားမှ မဟုတ်ပါဘူး။ တခြားလိုအပ်တဲ့ဆေးတွေလည်း ကျွန်တော်တို့ဒေသမှာ တင်သွင်းဖို့က အခက်အခဲရှိတယ်။ ဆိုလိုတာက မြိတ်ကနေပြီးတော့ ကျွန်တော်တို့မြို့ကနေပြီးတော့ ပြန်သယ်ရ တာပေါ့နော်။ မြိတ်ကနေ သယ်လို့မရဘူး။ ဖြတ်လေးဖြတ်လုပ်တဲ့အထဲမှာ ဆေးဝါးလည်းပါတယ်။ ဆေးကအစ ဖြတ်ထားတာ ကျွန်တော်တို့မှာ တဆင့်တဆင့်သယ်ဖို့အတွက် အရမ်းကြီးခက်ခဲတယ်။ တွေ့တာနဲ့ဖမ်းတဲ့ အခြေအနေမျိုးရှိတယ်။ ဟိုတလောကတောင်မှ ဖမ်းခံရသေးတယ်ဆိုတော့ ဒီဆေး ဆေးနဲ့မိပြီးတော့တဆင့် ဒီမြို့က ဆရာမတွေပါ တောက်လျှောက် လိုက်ပြီးတော့ဖမ်းခံထိတဲ့ဟာတွေပါ ဖြစ်သွားတယ်ပေါ့လေ။ ဆိုတော့ ဆေးက တင်သွင်းလို့မရတဲ့အခါ ဒီဒေသတွေမှာ ဆေးပြတ်လပ်မှု ရှိတယ်ပေါ့နော်။
ကျွန်တော်တို့ သောက်ချင်တဲ့ဆေးတွေ ဝယ်သောက်လို့မရဘူး။ ဈေးလည်း ကြီးတယ်ပေါ့နော်။ ရှိတဲ့ဆေးတွေ ကလည်း အရမ်းဈေးကြီးတယ် ပေါ့နော်။ ဆိုတော့ အဲဒီလိုအခြေအနေတွေရှိတယ်။ ပြီးတော့ ငှက်ဖျားဆေးဆိုပိုဆိုး၊ ကျွန်တော်တို့ဒေသမှာက ကျွန်တော်တို့ ရွာသုံးလေးငါးရွာ ပတ်ရှာလို့တောင်မှ ငှက်ဖျားဆေးရှိချင်မှရှိမှာ။ နောက်ပြီးတော့ ဆရာမတွေ သွားမေးလို့လည်း ငှက်ဖျားဆေးက သူတို့မှာတောင်မှ သူတို့ဟာသူတို့ တော်တော် လေးကို ခဲရာခဲဆစ်ဝယ်ရတဲ့ အနေအထားဖြစ်နေတယ်။ ထိုင်းကနေသွင်းမှ ရမယ့်အနေအထားပေါ့နော်။ ဆိုတော့ ဒီဆေးတွေက ထိုင်းကနေ သွင်းဖို့ဆိုတာက ဒီဆေးတွေက ထိုင်းမှာက ဒီလိုငှက်ဖျားဆေးက ကျွန်တော်တို့ ဝယ်လို့မရဘူး။ ခုနက အဖွဲ့အစည်း တွေနဲ့ပေါ့နော်။ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်လှမ်းမှီ ပြီးတော့ ကျွန်တော်တို့ အဲဒီလိုရမှပဲ ကျွန်တော်တို့က ဒီဒေသထဲကို ဆေးကပြန်ရောက်တာပေါ့။
အဲဒီလိုအခါကြတော့ ကျွန်တော်တို့မှာ ဆေးဝါးလည်း ဖြတ်တောက်ခံရတယ် ဝယ်လို့ရတဲ့အနေအထား မရှိဘူး။ ကျေးရွာထဲမှာ ပြတ်လပ်နေတဲ့အနေအထားပေါ့နော်။ ဆေးဝါးပတ်သက်ပြီး အဲဒီလိုဖြစ်တဲ့အခါ ကူညီတဲ့ အဖွဲ့တွေလည်း မရှိဘူးပေါ့နော်။ ကူညီတဲ့အဖွဲ့တွေကလည်း ရှားတယ်ဆိုတော့။ ဟို NGO တွေရော INGO တွေရော နောက်ပြီးတော့ CSO အဖွဲ့အစည်းတွေရော ဘယ်အဖွဲ့အစည်းကမှပဲ ဆေးဝါးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဒေသတွေမှာ ကူညီနေတဲ့ဟာမျိုးတွေ မရှိဘူးပေါ့လေ။ လုံးဝကိုမရှိတာ အဲဒီလိုအခါကြတော့ ဟိုဆေးဝါးနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေမှာ အခက်အခဲရှိသလို Hot Community ဖြစ်တဲ့ အမြဲတမ်း ထွက်ပြေးတိမ်းရှောင်နေရအခါ စစ်နဲ့နှီးနှောနေတဲ့ ရွာတွေမှာလည်းပဲ ဒီဆေးဝါးတွေက အခက်အခဲတွေ ရှိတယ်ပေါ့နော်။
မေး။ ။ လက်ရှိ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေက ပိုဆက်ဖြစ်လာတဲ့အတွက် ရက်ရှည်စစ်ဘေးရှောင်တွေအနေနဲ့ စစ်ဘေးဒဏ်ကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းနေကြရလဲ။
ဖြေ။ ။ ဒေသတွေမှာ ဒီတိုက်ပွဲတွေ မပြီးနိုင်တဲ့ဟာပေါ့နော်။ တစ်ရွာပြီးတစ်ရွာ ဆက်ဖြစ်တဲ့ဟာမျိုးတွေ ပေါ့နော်။ ရွာမှာ ပြန်နေလို့ရအောင် လုံခြုံမှုမရှိတာပေါ့နော်။ ခဏနေ လက်နက်ကြီး လာပစ်လိုက်တယ်။ ခဏနေကျရင် ဒရုန်းနဲ့ ဗုံးလာချလိုက်တဲ့ အခြေအနေမျိုးဖြစ်တွေ ဖြစ်တဲ့အခါကြတော့ အဲဒီလိုရွာတွေကြတော့ တော်တော်များများ ရွာကိုစွန့်ပြီးတော့ တခြားရွာမှာသွားနေကြတဲ့ လူတွေနေကြတယ်။ ပြီးတော့ မြိတ်ကို ပြောင်းရွှေ့သွားတဲ့ မြို့ကိုပြောင်းရွှေ့သွားတဲ့ လူတွေရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ကိုယ်ရဲ့ဥယျာဉ်ခြံမြေ တွေရှိတဲ့ တောတောင်တွေထဲမှာပဲ သွားပြီးနေကြတဲ့လူတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီလိုစစ်ဘေးရှောင် တွေကကြတော့ ရေရှည်ရှောင်သွားရတာပေါ့လေ ကိုယ့်ရွာကိုပြန်ဝင်ဖို့ အနေအထားက မဖြစ်နိုင်တော့ဘူး။ အိမ်မက်ပဲ မက်နေရတယ်ပေါ့။ ဘယ်နေ့ပြန်ဝင်ရမလဲဆိုတဲ့ အိမ်မက်ပဲ သူတို့မက်နေရတယ်။
ပြန်ဝင်ဖို့ဆိုတာက မဖြစ်နိုင်တော့တဲ့အနေအထား ဖြစ်သွားတဲ့အခါကြတော့ ကိုယ့်ရဲ့ ရောက်ရာ ကိုယ်ရှောင်တဲ့ နေရာပေါ့လေ။ တချို့ဒီ နီးစပ်ရာရွာရှောင်တဲ့သူတွေက ကိုယ့်ရဲ့နီးစပ်ရာအမျိုးအိမ် ဆွေမျိုးအိမ်တွေမှာပဲတောင်းနေ ဘုန်းကြီးကျောင်းမှာ တောင်းနေ စာသင်ကျောင်းမှာကပ်နေ အဲဒီလိုနေထိုင် ကြပြီးတော့ အဲဒီရောက်တဲ့ရွာတွေမှာပဲ ဟိုရှိတဲ့အလုပ်တွေ လုပ်ကိုင်ကြတယ်ပေါ့လေ။ ဟိုနေ့စားခ လုပ်တဲ့သူကလည်းလုပ်တယ်။ နောက်တောင်ယာ လုပ်ကိုင်တဲ့ သူတွေကလည်း လုပ်တယ်။ ပြီးတော့ ဒီငါးဖမ်းတဲ့ဟာတွေ စတဲ့ဟာတွေမျိုးတွေပေါ့နော် ဥယျာဉ်ခြံတွေ လုပ်တဲ့သူကလုပ် အဲဒီလိုပဲ ကိုယ့်ရဲ့စားဝတ်နေရေးအတွက် ဖြေရှင်းကြရတယ်ပေါ့။ တဖက်မှာလည်း ကျွန်တော်တို့ ဒီတချို့ဒေသ မှာဆိုလည်း ကလေးတွေရှိတဲ့အခါကြတော့ သားသမီးတွေက ကျောင်းထားဖို့အတွက်လည်း ခက်ခဲတယ်။ ကျောင်းထားဖို့အတွက်လည်းပဲ သူတို့မှာကြိုးစားရုန်းကန်ရတယ်။
စားဝတ်နေရေးအတွက်လည်း ရုန်းကန်ရတဲ့ အခါကြတော့ မဖြစ်မနေအလုပ်ကို လုပ်ကြရတယ်။ ဆိုတော့ အဲဒီလိုမျိုးပဲ ဖြေရှင်းကြတဲ့ဟာပေါ့နော်။ တခါတလေ ကြတော့ ဒီတိုက်ပွဲလေးငြိမ်သွားလို့ အခြေအနေလေး ကောင်းသွားပြီဆိုရင်လည်း သူတို့ရွာပြန်ပြီးတော့ ကိုယ့်ရဲ့ ဥယျာဉ်တွေထဲမှာပဲ သွားကောက်လို့ ရပြီလား၊ ကွမ်းသီးကောက်လို့ရချိန် ကွမ်းသီးကောက် ဒူရင်းသီး သွားကောက်လို့ရချိန် ဒူရင်းသီးကောက် သစ်သီးတွေ ဘာတွေ သွားကောက်ပြီးတော့ပြန်လာ၊ အဲဒါတွေ ရောင်းချပြီးတော့ပဲ ပြန်ပြီးတော့ ရှောင်နေကြတယ်။ ရွာပြန်နေ ကြလားဆိုတော့ ရွာလည်းပြန်မနေရဲကြဘူး လေနော်။ ရွာပြန်မနေရဲဘဲ အဲဒီလိုပဲ ကိုယ်ရောက်ရာနေရာတွေမှာ ဝမ်းစာရေးအတွက် ဘဝသစ်ကို အစကနေ ပြန်စပြီးတော့ ကြိုးစားရုန်းကန်နေကြရတဲ့လူတွေက ပိုများတယ်ပေါ့လေ။
မေး။ ။ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်ပိုမိုပြုလုပ်လာတာနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိနေပါလဲ။
ဖြေ။ ။ တနင်္သာရီ ကျွန်တော်တို့ဘက်ကို ဖြတ်လေးဖြတ်လုပ်တာ တော်တော်ကြာပြီးလို့ ပြောလို့ရတယ်။ နှစ်အလိုက် နှစ်နဲ့ချီပြီးလို့ပြောလို့ရမယ်။ အခုဆိုရင် တော်လှန်ရေးစကတည်းက သုံးနှစ်ကျော် လေးနှစ်နီးပါး ဖြစ်သွားပြီပေါ့။ ဆိုတော့ တစ်နှစ်နဲ့တစ်နှစ်က မတူဘူး။ ဖြတ်ပုံဖြတ်နည်းက ပထမ စဖြတ်တုန်းကဆိုရင်တော့ ပစ္စည်းတွေ အကန့်အသတ်နဲ့ပဲပေးတင်တာပေါ့။ ဆိုတော့ အကန့်အသတ်နဲ့တင်တယ်။ ပစ္စည်းတိုင်း တင်လို့ရသေး တဲ့ အနေအထား၊ ဆန်တွေဆိုလည်းပဲ တင်လို့ရတယ်။ အရေအတွက်လေးတွေပဲ ကန့်သတ်တယ်။ နောက်နည်းနည်းကြာလာတော့ ၂၀၂၃ လောက်ကျတော့ ပိုဆိုးလာတယ်။ ဆန်တွေဆိုရင် ဘယ်ရွာဘယ်ရွာကို တင်လို့မရတော့တဲ့ အနေအထားတွေဖြစ်သွားတယ်။ ဆိုတော့ အရင် ၁၀ အိတ်လောက်တင်လို့ရတဲ့ အနေအထား မှာ ၅ အိတ်လောက်ပဲတင်လို့ရတဲ့ အနေအထားဖြစ်သွားတယ်။
ဆိုတော့ အဲဒီလို အဲဒီလိုမျိုး ကန့်သတ်လာတယ် ပိုဆိုးလာတယ်။ အဲဒီလို ဖြတ်တောက်တာပေါ့။ နောက်ပြီး ကြတော့ အခုဆိုရင် ကျွန်တော်တို့က တင်လို့ရတဲ့ လမ်းတွေပါ ဘူဒိုဇာနဲ့ ထိုးဖြတ်လိုက်တယ်ပေါ့။ ဘက်ဟိုးတွေနဲ့ ထိုးကုတ်ပြီးတော့ ဖျက်ဆီးလိုက်တဲ့အနေအထား။ အဲဒီလိုလေးတွေ ပြောင်းလဲလာတယ်။ နောက်ပြီးတော့ အခုဆိုရင် လုံးဝတင်ခွင့်မပေးတော့တာ။ တစ်အိတ် တစ်လေတောင် တင်လို့မရတဲ့ အနေအထားဖြစ်သွားတယ်။ တစ်အိတ်တလေတောင် ပေးမတင်တော့ဘူး။ ဆန်ဆို တစ်အိတ်မှ ပေးမတင်ဘူး၊ ဆီဆိုတောင်မှ ကျွန်တော်တို့ တချို့ဆို ကိုယ့်မိသားစုအတွက်သုံးဖို့ သွားဝယ်တယ် ပေါ့လေ။ သွားဝယ်တယ် တချို့ဆိုလည်းပဲ ဪ ဘေးအိမ် ကမှာလိုက်လို့ဆိုပြီး တစ်ဘူးလေး ပိုဝယ်ဆို ဝယ်လာတဲ့ အခါကြရင် အဲဒါ ပိုတာတစ်ဘူးလေး သူတို့သတ်မှတ် ထားတဲ့ဟာရှိတယ်ပေါ့။
မိသားတစ်စုမှာ ဆန်ဘယ်နှစ်ပြည် လဲ ဆီဆိုဘယ်လောက်လဲဆိုတာ၊ အဲဒီလိုအတွက် တစ်ဘူးလေးပိုသွားတာ ဆိုရင် တစ်ဘူးလေးပိုသွားတဲ့ဟာကို သောက်ခိုင်းလိုက်လို့ သေသွားတဲ့လူရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီဖြစ်စဉ်တွေက အဲဒီလိုတွေ ဖြတ်တဲ့ဟာ ဆိုတော့ အဲဒီလိုဖြတ်ထားတဲ့အခါကြတော့ ဒေသတွင်းမှာ ဆန်ပြတ်လပ်မှုတွေရှိတယ်။ ရိက္ခာပြတ်လပ်မှုတွေ ရှိတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ရှိလာတယ်။ ဆိုတော့ ကျွန်တော်တို့ဘက်မှာ ဒီလိုဖြစ်လာတဲ့အခါကြ ဘာတွေခက်ခဲလာလဲဆိုတော့ ကုန်ဈေးနှုန်းတွေ ထိုးတက်တယ်ပေါ့။ ကျွန်တော်တို့ နီးစပ်ရာ တောတောင်တွေ ဖြတ်ပြီးသယ်ရတယ်။ အဆင့်ဆင့် သယ်ရတယ်ပေါ့လေ။
ကျန်တော်တို့ပုံမှန် တစ်ခေါက်ထဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လေးငါးခြောက်ခေါက်လောက်တိုက်ပြီး သယ်ရတဲ့ အနေအထားတွေဖြစ်လာတော့ ကုန်ဈေးနှုန်းတွေ အရမ်းထိုးတက်လာတယ်။ ဆိုတော့ အဲဒီကုန်ဈေးနှုန်း ထိုးတက်လာတဲ့ဟာကို ကျွန်တော်တို့ပဲခံစားရတာ မဟုတ်ဘဲနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံးက ခံစားရတယ်။ ဆန်ဈေးတွေ ထိုးတက်လာတာကြောင့် ကျွန်တော်တို့ကကြတော့ ဒီစစ်ဘေးရှောင်တွေအနေနဲ့ ဝေမယ်ပေါ့လေ။ လူဦးရေကောက်ပြီးတော့။ ဆန် ၁၀ အိတ်ဝေရင် အရင် ၁၀ အိတ်ကို ကျွန်တော်တို့က ပိုက်ဆံတွေ စိုက်ပြီး ၁၀ သိန်းလောက်နဲ့ ကောင်းကောင်းလေးလောက် တဲ့ အနေအထားပေါ့။ အခုဆိုရင် မလောက်တော့ဘူး။
ကျွန်တော်တို့က ၁၅ သိန်း သိန်း ၂၀ လောက်မှ ကျွန်တော်တို့က ဝေလို့လောက်တော့မယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီလိုအခါကြတော့ ကျွန်တော်တို့က ဘဏ္ဍာရေးကလည်း ပိုရှာရတဲ့အနေအထားတွေ ကြုံရတယ် ပေါ့လေ။ တခါတလေကျရင် ပိုက်ဆံ ၁၀ သိန်းပဲ ရှိတယ်ဆိုရင် ကျွန်တော်တို့က သူတို့ကိုဝေလို့ မလောက်တော့ ဘူးလေနော်။ ဝေလို့မလောက်လို့ ကျွန်တော်တို့ အရင် ဆန် ၁၀ အိတ် ရမယ့်နေရာမှာ ကျွန်တော်က လေးငါးအိတ်၊ ငါးအိတ် ခြောက်အိတ်လောက်ပဲ ရမယ့်အခါကြတော့ စစ်ဘေးရှောင်တွေအရေအတွက်က ပိုပြီးနည်းသွား တယ် ပေါ့။ ဆိုတော့ တစ်ရာလောက်ရမယ့်အနေအထားမှာ သုံးလေးဆယ်ပဲရတဲ့ အနေအထားမျိုးတွေ ဖြစ်သွားတယ်။ ဆိုတော့ အဲဒီလိုအခက်အခဲတွေတော့ ကျွန်တော်တို့က ကြုံရတယ်ပေါ့လေ။
သံလွင်တိုင်းမ် ပေးပို့သည်။