“လုံခြုံရေးက လုံးဝမရှိတော့ဘူး။ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတာပေါ့။ အားလုံး ကြောက်နေရတဲ့ အနေအထားပါ။ ဟိုဘက် ဒီဘက် အကုန်လုံး ကြောက်နေရတယ်။ ပိုဆိုးလာတာက လုံခြုံရေးအပိုင်း ပိုဆိုးလာတယ်” ရေးမြို့ခံတစ်ဦး

0
395
ပုံစာ - ရေးမြို့အဝင်မြင်ကွင်း

ရေးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခ၊ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ရေးမြို့ခံတစ်ဦးနဲ့ အမေးအဖြေ

စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှု အားကောင်းနေတဲ့ ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ရေးအတွက် ဇွန်လလယ်ခန့်ကစပြီး ရေးမြို့နယ်အတွင်း အထူးသဖြင့် သံဖြူဇရပ် – ရေး ကားလမ်းတလျှောက်မှာ စစ်ရေးအရှိန် တိုးမြှင့်လာခဲ့ပြီး နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။
နှစ်ဘက်ပဋိပက္ခအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက် ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား သတ်ဖြတ်ခံရမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ရေးမြို့ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပွားနေပါတယ်။

ရေးမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခ အခြေအနေ၊ လုံခြုံရေး အခြေအနေနဲ့ပတ်သက်ပြီး ရေးမြို့ခံ အမျိုးသားတစ်ဦးနဲ့ အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုထိ ရေးမြို့နယ်အတွင်းက အခြေအနေတွေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လုံခြုံရေးက လုံးဝမရှိတော့ဘူး။ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတာပေါ့။ အားလုံး ကြောက်နေရတဲ့ အနေအထားပါ။ ဟိုဘက် ဒီဘက် အကုန်လုံး ကြောက်နေရတယ်။ ပိုဆိုးလာတာက လုံခြုံးရေးအပိုင်း ပိုဆိုးလာတယ်။ မြို့လယ်ခေါင်မှာ ရွှေဆိုင် ဒမြ (ဓါးပြ) တိုက်တာတွေလည်း ရှိလာတယ်။ အဲလိုမျိုးပေါ့ မြို့ထဲမှာ ဘာမှန်းညာမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရှိနေတယ်။ ပြည်သူ့စစ်လည်းမဟုတ်၊ ရဲလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တဲ့ အဖွဲ့တွေရှိနေတယ်။ အမျိုးမျိုးပေါ့နော် အဲလိုမျိုးတွေရှိနေပြီး လုံခြုံမူတွေ မရှိဘူး၊ ခိုးမှူတွေ များလာတယ်။ ဒုစရိုက်မှုတွေ ပေါလာတယ်။ ဆိုင်ကယ်ဆိုလည်း တစ်ညမှာ အနည်းဆုံး မပျောက်ဘူးဆိုရင် တစ်ရပ်ကွက်မှာ တစ်စီး ပျောက်နေတာပေါ့နော်၊ အဲလိုမျိုး ရွာမှာလည်း အဲလိုပဲ ပျောက်နေတယ်။ လမ်းမှာဆိုရင် တစ်ရွာနဲ့တစ်ရွာ ရွာချင်းဆက်လမ်းတွေမှာဆိုလည်း တားဆီးပြီးတော့ လက်နက်ထုတ်ပြီးတော့ ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်လုတယ်။ အဲဖြစ်စဉ်တွေက ပိုများလာတယ်ပေါ့နော် အဓိက ဘာလဲဆိုတော့ လုံခြုံရေး တရားဥပဒေစိုးမိုးရေး မရှိတော့တာပေါ့ အဲလိုဖြစ်သွားတယ်။

မေး။ ။ ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ညမထွက်ရအမိန့်ပါ ထုတ်ပြန်ထားတော့ ဒေသခံတွေအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ရှိပါလဲ။

ဖြေ။ ။ သွားလာရေးကတော့ မနက် ၆ နာရီ ည ၆ နာရီ အပြင်မထွက်ရဆိုတော့ အခက်ခဲဖြစ်တာပေါ့။ အစစအရာရာပေါ့ အကုန်လုံး ခက်ခဲသွားကြတယ်။ ညဘက် စျေးရောင်းတဲ့လူတွေရော၊ ညနေဘက် စျေးရောင်းသူတွေရော အကုန်လုံးပေါ့လေ၊ အားလုံးအခက်ခဲ ဖြစ်ကုန်ကြတာပေါ့။

မေး။ ။ ရေးမြို့နယ်အတွင်းမှာ အရပ်သား သတ်ဖြတ်ခံရမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။ ဒီအနေအခြေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ သိထားတာရှိပါလဲ။

ဖြေ။ ။ သိရသလောက်ကတော့ အယောက် ၃ဝ ကျော်ရှိမယ် အသတ်ခံရသူတွေ၊ အဲဒီမှာ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီးတော့ အသတ်ခံရတာ ရှိတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပစ်သတ်ခံရတယ်။ ဒီအရပ်သားဆိုရင်ပေါ့ လက်နက်မကိုင်ဆောင်တဲ့လူဆိုရင် ဒလန် ဆိုပြီးတော့ စွပ်စွဲသတ်ဖြတ်ခံရတာရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း တံတားတွေမှာ သူတို့ တားဆီးတာကို ဟိုက မကြားတော့ အဲလိုလဲလူတွေ ပစ်ခတ်ခံရတာရှိတယ်။ တချို့ ဆေးကြောင်နေတာပေါ့နော် ဆေးကြောင်ပြီးတော့ ညအချိန်မတော် စစ်ဆေးရေးဂိတ်ကိုဖြတ်လို့ ပစ်ခတ်ခံရတာရှိတယ်။ အားလုံးပေါ့နော် ဟိုဘက် ဒီဘက် ပစ်ခတ်လိုက်လို့ သေသွားတာက အယောက် ၃ဝ ကျော်ကျော်လောက် ရှိတယ်။ အချို့ဒေသခံတွေက ဒလန် ဆိုပြီးတော့ စွပ်စွဲသတ်ဖြတ် ခံရတာပေါ့နော်။ သူတို့ (PDF) က ဒလန်ဆိုပြီးတော့ သတ်ဖြတ်ခံရတာပေါ့နော် အဲလိုရှိတယ်။

မေး။ ။ အရပ်သားတွေ သတ်ဖြတ်ခံနေရတာတဲ့အပေါ်ရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဒီလိုမျိုး လက်နက်မဲ့ပြည်သူတွေကို ဘယ်အဖွဲ့စည်းကပဲဖြစ်ဖြစ် အဲလိုမျိုးပေါ့နော် မတရားမဲ့ သတ်ဖြတ်နေတာကိုတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်၊ ဘယ်လိုပဲပြောပြော အစိုးရအဖွဲ့ကပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူ့မှာထိုက်သင့်တဲ့ အပြစ်ဒဏ်တခု ရှိတာပေါ့နော်။ လူသားတစ်ဦးအနေနဲ့ သူ့မှာ အခွင့်အရေး ရှိတာပေါ့။ အဲလိုအခွင့်အရေးလည်း မရှိဘူး။ စစ်ဆေးမေးမြန်ခြင်းလည်းမရှိဘူး။ ဒီမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာပဲဖြစ်ဖြစ် တစုံတဦးတစ်ယောက်က ချောက်တွန်းလုပ်တာနဲ့ လူတယောက်ကို အသတ်ခံရလောက်တဲ့အထိ လုပ်လိုက်ရင်တော့ ရေရှည်မှာ ဒါတွေက မကောင်းဘူးပေါ့။ မကောင်းတဲ့အပြင်ကို နောက် ဘယ်လိုမှ ငြိမ်းချမ်းဖို့အကြောင်း မရှိဘူး။

သူ့ကို ငါသတ်၊ ငါ့ကို သူသတ် ဖြစ်လာမယ်။ သူ့ဆွေးမျိုးထိ ငါ့ဆွေးမျိုး ပြန်လုပ်မယ်ဆိုတဲ့ဟာမျိုး ဖြစ်လာမယ်။ နောက် ငြိမ်းချမ်းလာရင်တောင်မှ ဒီအခက်ခဲတွေက ပြေလည်တော့မှာ မဟုတ်ဘူး။ အဲတာကြောင့်ပေါ့ တခုခု လုပ်တော့မယ်ဆိုရင် သတိပေးတာတို့ လူ့တဖက်က ရှင်းပြခွင့်ရမယ့် အနေအထား တခုဖြစ်အောင် ဖန်တီးပေးပေါ့နော်။ အဲလိုမျိုးဆိုရင်တော့ အဆင်ပြေမှာပေါ့။ ဒါမှမဟုတ် စွပ်စွဲခံရလျှင် တဖက်ကို ခေါ်ယူစစ်ဆေး မေးမြန်းတာ မဟုတ်ရင်တောင်မှ တဖက်ကို အကြောင်းကြားပြီးတော့ အဲဒါနှစ်ဖက် ဟုတ်/မဟုတ်ဆိုပြီး ကြားနားပြီးမှ လုပ်တာတော့ ကောင်းတာပေါ့။ အခုတဖက်က ပြောတဲ့ စကားအပေါ်မှာ တရားဝင် တွက်ချက်ပြီးမှ ထင်မြင်ယူဆ ပြီးတော့ လုပ်တဲ့အခါလည်း ရှိတယ်။ နောက် အကျိုးဆက်တွေကတော့ မကောင်းဘူးပေါ့ အဲလိုမျိုးတော့ မြင်တာပေါ့။

မေး။ ။ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောချင်တာရှိပါလဲ။

ဖြေ။ ။ ရွာလမ်းပေါ်မှာပေါ့နော်၊ ရွာနဲ့အနီးတဝိုက်မှာ တပ်မတော်ယာဉ်ကြောင်းတွေကို မိုင်းဆွဲတာတို့ ဘာတို့လုပ်ရင် အဓိကတော့ လုပ်ရင် ရွာပဲ နာတာပေါ့။ ရွာနဲ့နီးစပ်မှာ လုပ်ရင် ဒီရွာသားတွေပဲ လုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းတာတွေ၊ ဖမ်းဆီးတာတွေ လုပ်မှာပေါ့နော်။
ဒါက သူတို့မှာ ဘာဗျူဟာရှိတာလည်းတော့ မသိဘူးပေါ့နော်။ အဓိကတော့ ရွာနဲ့နီးစပ်တဲ့ နေရာမှာ မဖြစ်ရင် အကောင်းဆုံးပေါ့။ ရွာထဲမှာဖြစ်ရင် ဖြစ်တဲ့ရွာက ကြမှာပဲလေး ရွာနဲ့အနီးတဝိုက် ရှောင်ကျဉ် ပြီးတော့ သူတို့ရဲ့လုပ်ငန်းတွေ အကောင်ထည်ဖော်ရင်တော့ အဆင်ပြေတာပေါ့နော်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here