“လက်နက်ကတော့ သိတဲ့အတိုင်း အတော်လေး ဈေးကြီးပါတယ်။ ကျွန်တော်တို့ ရဲ‌ဘော်သစ်တွေ တိုးလာတာနဲ့အမျှ လက်နက်ဝယ်ယူရေး၊ လက်နက်ရရှိရေးက အင်မတန်စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ ပြောချင်ပါတယ်” နိုင်နဂါး- မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရသူ

0
246
ပုံစာ - မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါး (Photo-INMA)

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ MSRF တပ်ထဲ ဝင်ရောက်ဆက်သွယ်လာသည့်အခြေအနေ၊ လက်ခံရေးအစီအစဉ်၊ အခက်အခဲများနှင့် ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအနေနှင့် မွန်ပြည်အခြေပြု တော်လှန်ရေးတပ်ဖွဲ့များထဲ ဝင်ရောက်ကြရန် တော်လှန်ရေးအင်အားစုများက ဖိတ်ခေါ်ထားပါသည်။ ထိုထဲတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF လည်း အပါအဝင်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လနီးပါးအကြာတွင် MSRF တပ်ထဲ လူငယ်များ ဝင်ရောက်ဆက်သွယ်လာသည့် အခြေအနေ၊ လက်ခံရေး အစီအစဉ်၊ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံး စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ MSRF တပ်ထဲဝင်ရောက်ဖို့ ကမ်းလှမ်းဆက်သွယ်မှု အခြေအနေက ဘယ်လိုရှိပါလဲ၊ ဘယ်အတိုင်းအတာထိ လက်ခံထားနေပြီလဲ။

ဖြေ။ ။ စစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့ မွန်ပြည်နယ်မှာမက တခြားသောဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေအများကြီး ကျွန်တော်တို့ MSRF ထဲကို ဝင်ဖို့ ကမ်းလှမ်းတာတွေ၊ ဆက်သွယ်တာတွေ အများကြီး ရှိပါတယ်။ ပထမအပတ်မှာပဲ လူ ၅၀၀ လောက်တော့ ရှိမယ်လို့ထင်တယ်။ ကျွန်တော်တို့ အလှမ်းမီအောင် ပြန်လည်ဖြေကြားနိုင်တာလည်း ရှိတယ်။ တချို့ဆို ပြန်မဖြေကြားနိုင်တာလည်းရှိတယ်။ ကျွန်တော်တို့မှာ အင်အားတွေလည်း နည်းတာပါတာပေါ့လေ။ အခုတော့ နည်းနည်းလေး နည်းသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ချက်ခြင်းကြီး အကောင်အထည်ဖော်တာ မဟုတ်တာရယ်၊ တခြားသော အကြောင်းကြောင်းတွေကြောင့်ရယ်၊ တချို့လူငယ်တွေကလည်း နီးစပ်ရာဒေသက တပ်တွေနဲ့ဆက်သွယ်ပြီး ပါဝင်သွားကြလို့ ဖြစ်ပါတယ်။ အဲဒီတော့ဆက်သွယ်လာတဲ့ စုပေါင်းအင်အားတွေထဲမှာ ကျွန်တော်တို့အနေနဲ့ ရာခိုင်နူန်း အနည်းငယ်မျှသာ အခြေနေအကြောင်းကြောင့် လက်ခံထားတာရှိပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

မေး။ ။ တပ်ဖွဲ့ဝင်အဖြစ် MSRF ထံ လာရောက်ဆက်သွယ်ကြတဲ့အထဲ ဘယ်လိုဒေသက ဘယ်လိုလူတွေ အများဆုံးပါဝင်နေလဲ။

ဖြေ။ ။ ကျွန်တော်တို့ MSRF မွန်ပြည်တော်လှန်ရေးတပ်ကို လာရောက်ဆက်သွယ်ကြတဲ့ လူငယ်လူရွယ် တွေကတော့ ဒေသစုံတယ်။ ဧရာဝတီတိုင်းကလည်း ရှိသလို ပဲခူးတိုင်းကလည်း ရှိတယ်။ ရန်ကုန်ကလည်း ရှိပါတယ်။ အထူးသဖြင့် နိုဗန်ထူးက ကျွန်တော်တို့အတွက် လိုင်းပေါ်ကနေ ကျွန်တော်တို့လက်ခံနေတယ်ဆိုတဲ့ အကြောင်းကို ကမ်ပိန်းတစ်ခု လုပ်ပေးလိုက်တာကြောင့် ဒေသပေါင်းစုံက လူငယ်လူရွယ်တွေ ဆက်သွယ်လာ ကြတယ်။ အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက မွန်လူငယ်လူရွယ်အများစုကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာ ရှိပါတယ်။

မေး။ ။ ဒီလိုမျိုး တပ်ဖွဲ့ဝင်အဖြစ် အရေအတွက်တိုးလာတဲ့အပေါ် MSRF အနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေထိုင် စားသောက်ရေး၊ သင်တန်းပေးရေး၊ လက်နက်တပ်ဆင်ရေး စတာတွေမှာ ဘယ်လိုအခက်အခဲ ရှိနေပါလဲ။

ဖြေ။ ။ အခုလို စစ်မှုမထမ်းမနေရဥပ‌ဒေကြောင့် ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ထဲကို လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ တကြိမ်ထဲမှာ ဝင်ရောက်လာတဲ့အတွက်ကြောင့် MSRF တပ်အနေနဲ့ တခြားသော တော်လှန်ရေးတပ်တွေလိုပဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတာတော့ရှိပါတယ်။ စားသောက်နေ ထိုင်ရေးကတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်ဖယ်ဒရယ်ကောင်စီက အပြည့်အဝတာဝန်ယူ ထောက်ပံ့ပေးတဲ့ အတွက် ဒီပြဿနာတော့ မရှိပါဘူး။ နောက်ထပ်ရောက်လာတဲ့ ရဲဘော်သစ်လေးတွေ ရက်ပိုင်းအတွင်းမှာပဲ သင်တန်းပေးဖို့ ရှိပါတယ်။ နောက်ထပ်ရောက်လာမယ့် ရဲဘော်အသစ်တွေအတွက်လည်း သင်တန်းပေးဖို့ရှိပါမယ်။

လက်နက်တပ်ဆင်ရေး အတွက်ကတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေပေါ်မှာ အားရကျေနပ်မှုတွေ ပြည်သူတွေက တခဲနက်ရရှိတဲ့အတွက် အထူးသဖြင့် ပြည်ပက ပြည်သူတွေ ကျွန်တော်တို့ကို ယခင်ကထက် ထောက်ပံ့လာတာ ရှိတဲ့အတွက် လက်နက်တပ်ဆင်ရေးကိုလည်း မကြာခင်အကောင်အထည် ဖော်လာနိုင်မယ်။ ပြည့်ပြည်စုံစုံ တပ်ဆင်နိုင်မယ်လို့တော့ ကျွန်တော်မျှော်လင့်ပါတယ်။ လက်နက်ကတော့ သိတဲ့အတိုင်း အတော်လေး ဈေးကြီးပါတယ်။ ကျွန်တော်တို့ရဲ‌ဘော်သစ်တွေ တိုးလာတာနဲ့အမျှ လက်နက်ဝယ်ယူရေး၊ လက်နက် ရရှိရေးက အင်မတန်စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိတော်လှန်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားပါးချင်တာ ရှိပါလဲ။ ပြောပြပေးပါဦး။

ဖြေ။ ။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဘက်မှာ အင်အားတိုးလာတာနဲ့အမျှ တော်လှန်ရေးအရှိန်အဟုန်နဲ့ တိုက်ပွဲဖော်ဆောင်မှုကလည်း တဖြည်းဖြည်းများလာမှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့လည်း စစ်ဘေးစစ်ဒဏ်တွေကြောင့် ဒုက္ခတွေ အရင်ကထက် ကြုံတွေ့လာရမယ်လို့တော့ ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် နောင်လာမယ့်အနာဂတ်မျိုးဆက်သစ်တွေ ကျွန်တော်တို့လို့ စစ်ဘေးဒဏ်တွေ နောက်ထပ်ဆက်မခံဖို့အတွက် တော်လှန်ရေးအင်အားစုတွေကို ပြည်သူ တရပ်လုံးက ဝိုင်းဝန်းကူညီပေးကြဖို့ လိုတယ်။ နားလည်ပေးဖို့ လိုတယ်။ တကယ်တိုက်နေတဲ့အဖွဲ့တွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါလို့ ဒီနေရာမှာပြောချင်ပါတယ်။

ကျွန်တော်တို့ MSRF က နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်လာပြီး မကြာခင်မှာပဲ မွန်ပြည်နယ်တဝှမ်းမှာ တခြားသော တော်လှန်ရေးတပ်များနဲ့ လက်တွဲ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာဆိုရင် သုံးနှစ်ပြည့်ပါပြီ။ ဒီကျွန်တော်တို့လုပ်ရပ်ကို ကျေနပ်အားရတာတွေ ရှိလာတာနဲ့အတူ ထောက်ပံ့မှုတွေ ပိုပြီးတော့ထောက်ပံ့ပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း တတ်နိုင်လို့ရှိရင် ခရီးသွားတာတွေရှောင်ရှားဖို့၊ တပ်‌နဲ့နီးစပ်ရာမှာ မနေကြဖို့၊ တပ်ရဲ့လှုပ်ရှားမှုတွေကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကို တိတိကျကျ အရေအတွက်ပေးဖို့၊ ကားဘယ်နှစ်စီး လူဘယ်နှစ်ယောက်လို့ သတင်းတွေပေးဖို့ ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ အမည်ဝှက်နဲ့ အကောင့်တုနဲ့ သတင်းပေးတာကို လုပ်ပေးကြပါ။ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာ ရလာတာရှိရင်လည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here