30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲလုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက်တချို့ ရှိနိုင်ပေမယ့် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့...

“ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲလုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက်တချို့ ရှိနိုင်ပေမယ့် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်လို့ မျှော်လင့်ရပါတယ်….” ဦးသန်းစိုးနိုင်/ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ

MNDAA ခေါင်းဆောင်ဦးဖုန်တာရွှင်ကို တရုတ်ဘက်က ထိန်းသိမ်းထားသည်ဆိုခြင်းက နွေဦးတော်လှန်ရေးကို ရိုက်ခတ်နိုင်ချေရှိမရှိအပေါ် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဦးသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းချက်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဆေးကုသမှုခံယူနေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အစိုးရက ထိန်းသိမ်းထားသည်ဆိုသောသတင်းများ ယခုရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါသည်။ အဆိုပါသတင်းများကို MNDAA ဘက်က အတည်မပြုသလို တရုတ်အစိုးရကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

တရုတ်ဘက်က MNDAA ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကနေ ကိုးကန့်တပ်များ ပြန်ထွက်ခွာပေးရန် ဖိအားပေးပြောဆိုမှုရှိရာတွင် MNDAA ဘက်က လိုက်နာခြင်းမရှိတာကြောင့် တရုတ်- မြန်မာနယ်စပ်ဂိတ်ရှိ ကုန်သွယ်ရေးဂိတ်တို့ကိုလည်း တရုတ်ဘက်က ပိတ်ပင်ထားမှုလည်း ရှိနေသည်။

အကယ်၍ ဦးဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ထားသည်မှာ မှန်ကန်ခဲ့မည်ဆိုပါက ရှမ်းပြည်မြောက်ပိုင်းက “၁၀၂၇ စစ်ဆင်ရေး” နှင့် မြန်မာပြည်တလွှားက နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်ထိ ရိုက်ခတ်မှုရှိလာနိုင်ပါလဲ။ တရုတ်နိုင်ငံဘက်က ယခုလိုမျိုး တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို အကျယ်ချုပ်ထားတာက ဘယ်လို သဘောဆောင်နေပါလဲ။ ဒီဖြစ်စဉ်နောက်ပိုင်း နွေဦးတော်လှန်ရေးအလားအလာ ဘယ်လိုရှိနိုင်သလဲဆိုတာနှင့် ပတ်သက်ပြီး မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ MNDAA ခေါင်းဆောင်ဦးဖုန်တာရွှင်ကို တရုတ်ဘက်က အကျယ်ချုပ် ဖမ်းဆီးထားလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဦးသန်းစိုးနိုင်ရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ တရုတ်ကတော့ သူ့နယ်စပ်မှာဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေကို စစ်ကောင်စီ မင်းအောင်လှိုင်အလိုကျ ဖိအားပေးတဲ့နေရာမှာ တဖြည်းဖြည်းနဲ့ တရစ်ရစ်နဲ့တိုးလာမယ့် သဘောရှိပါတယ်။ ဖုန်တာရွှင်ပိုင်တဲ့ ဟိုတယ်တွေကလည်း တရုတ်ပြည်ထဲရှိတဲ့အခါကြတော့ သူတို့တရုတ်ပြည်ဘက်ပြန်ရင် တရုတ် အစိုးရက အချိန်မရွေးဖမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ အခု ဒီသတင်းက ကောလာဟလဆိုသော်လည်း ဖြစ်နိုင်တဲ့သတင်း ဖြစ်တယ်။

အဓိကအားဖြင့် ဖုန်တာရွှင်ကိုလားရှိုးကနေ ပြန်ဆုတ်ပေးဖို့ ဖိအားပေးလိမ့်မယ်လို့ ယူဆရပါတယ်။ တရုတ်ပြည် အနေနဲ့ သူတတ်နိုင်သလောက် မင်းအောင်လှိုင်အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားအင်အားစု တွေကို ဖိအားပေးတဲ့အထဲက အချက်တစ်ခုပေါ့။ လားရှိုးကနေ MNDAA ကိုဆုတ်ပေးဖို့ သူ့ကိုအကျယ်ချုပ်အဖြစ် ထောင်ထဲချပါမယ်။ အဲဒါဟာ ကောလာဟလဆိုသော်လည်း အမှန်ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ပါတယ်။

မေး။ ။ တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ထားတာ၊ ဖြတ် ၅ ဖြတ် လုပ်ထားတာတွေအပြင် အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ယောက်ကိုဖမ်းလိုက်တာရဲ့ နောက်ဆက်တွဲက နွေဦးတော်လှန်ရေးအပေါ် ရိုက်ခတ်မှု ဘယ်လိုရှိလာနိုင်လဲ။

ဖြေ။ ။ လားရှိုးကို MNDAA သိမ်းတာနဲ့ပက်သက်လို့ သိမ်းတာမလိုချင်ဘူး MNDAA နောက်ဆုတ်ပေးရမယ်။ အဲဒီ ကိစ္စကို မလုပ်မချင်းတော့ သူတို့သက်ဆိုင်ရာခေါင်းဆောင်တွေကို ဖိအားပေးတာတွေ လုပ်နေဦးမှာပဲ။ ရှေ့ဆက် လည်း ပိုပိုပြီး ဆိုးဝါးတာတွေ ဖြစ်လာနိုင်တယ်။

မေး။ ။ ဒီထက်ပိုဆိုးတဲ့ အခြေအနေမျိုးဖြစ်လာနိုင်လား။ လားရှိုးလိုမျိုး ကိုးကန့်အဖွဲ့က သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီကိုပြန်အပ်လိုက်တာမျိုးဖြစ်လာခဲ့ရင် ရှမ်းမြောက်မှာစစ်ရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ ဒါကတော့ သူတို့ဘက်ကတော့ ကြိုးပမ်းနေဦးမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကို ဆက်လက်ခုခံနေဦးမှာပဲ။ ဒါကြောင့် ရှမ်းမြောက်ဟာ တရုတ်နယ်စပ်ဖြစ်နေတဲ့အတွက် စစ်ရေးအရ ဖိအားပေးမှုတွေလည်း ဆက်လက်တိုးနေဦးမယ်လို့ ထင်ပါတယ်။

မေး။ ။ ဒီလိုအခြေအနေမျိုးမှာ NUG နဲ့ တခြား EROs အဖွဲ့တွေက စစ်အာဏာရှင်တော်လှန်ရေးကိစ္စတွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သင့်တယ်လို့ မြင်ပါလဲ။

ဖြေ။ ။ သူတို့ကတော့ သူတို့လုပ်သင့်တာ ဆက်လုပ်နေဦးမှာပဲ။ အခုရှမ်းမြောက်စစ်ဆင်ရေးကို ဆက်လက် ပြီးတော့ TNLA နဲ့အညာဒေသမှာ စစ်အင်အားတိုးမြှင့်နေပြီး တိုက်ပွဲတွေဆင်နွဲလာတာ မြင်ရပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲလုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက်တချို့ ရှိနိုင်ပေမယ့် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် ပေးပို့သည်။