“ရွာမှာနေနေရတယ်ဆိုတော့ အမြဲစိုးရိမ်ပူပန်မှုတွေနဲ့ နေနေရတယ်ဆိုတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီပဲ ဖြစ်ဖြစ်ပေါ့ အဲလို မွန်လူမျိုးအပေါ် သြဇာရှိတဲ့ အဖွဲ့အစည်းတွေ လုံခြုံရေး လာယူပေးစေချင်တယ်” နှစ်ကရင် ရွာသားတစ်ဦး

0
415
ပုံစာ - ရေးမြို့၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား။

စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ရွာခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည့် နှစ်ကရင်ရွာသားတစ်ဦးနှင့် အမေးအဖြေ

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် အမြောက်တပ်(၃၁၇) ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ထောင်နဲ့ချီတဲ့ နှစ်ကရင်ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါတယ်။

လက်ရှိအချိန်အထိ နှစ်ကရင်ကျေးရွာရဲစခန်းထဲမှာ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲပဲ ဖြစ်နေပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် နှစ်ကရင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး နှစ်ကရင်ရွာသား ၂၀ ဦး ထက်မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရာမှာ တချို့ ပြန်လွတ်လာကြပေမယ့် အများစုကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးခံနေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ကရင်ဒေသခံတွေက တိုက်ပွဲထပ်ဖြစ်လာမှာကို စိုးရိမ်ကြောက်ရွံ့နေကြတဲ့အပြင် ဖမ်းဆီးခံရမှာလည်း ကြောက်ရွံ့နေကြရပါတယ်။ လက်ရှိ နှစ်ကရင်ကျေးရွာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ကရင်ရွာသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ နှစ်ကရင်ကျေးရွာရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ။ ။ အခြေအနေကတော့ ရွာထဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ၂၅ ရက်နေ့ (ဇွန်လ ၂၅ ရက်) နောက်ပိုင်းမှာတော့ အခြေအနေက တည်ငြိမ်နေတယ်။ ဒါပေမယ့် သတင်းတွေတော့ အမျိုးမျိုးထွက်နေတယ်။ ကောလဟလတော့ အမျိုးမျိုး ထွက်နေတယ်။ ဘယ်နေ့မှာ တိုက်ပွဲထပ်ဖြစ်အုံးမယ်။ ဘာညာ အဲလို ကောလဟလသတင်းတွေ ပျံ့နေတော့ အကုန်လုံးက ကြောက်ရွံ့နေကြတယ်။ တချို့ကလည်း ၅ ရက်အတွင်း အိမ်ပြန်မလာရင် အိမ်ကို ချိပ်ပိတ်မယ် ဘာညာဆိုပြီး သတင်းထွက်နေတယ်။ သူတို့ (စစ်တပ်) ဘက်ကတော့ ဘာမှလဲမပြောဘူး။ အဲလို အချင်းချင်း ခြောက်လှန့်ပြီး သတင်းလွှင့်နေတော့ ပြန်ဖို့လုပ်နေတဲ့လူတွေက ပိုလို့တောင် မပြန်ရဲကြဘူး ဖြစ်နေတယ်။ အချင်းချင်း ခြောက်လှန့်နေကြတော့ ထွက်ပြေးရတဲ့နေ့တွေလည်း ရှိတယ်။ အမှန်က ဘာမှမဟုတ်ဘူး။ အခြေအနေက အဲလိုဖြစ်နေတာ။

မေး။ ။ ရွာထဲမှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာ ရွာသားတွေ ဖမ်းဆီးခံနေရတာတွေ ရှိနေတယ်လို့ သိရတယ်။ အဲဒီရွာသားတွေ ဖမ်းဆီးခံရတဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဖမ်းဆီးနေတာတော့ရှိတယ်။ ဒါပေမယ့် သူတို့မှာ အပြစ်ရှိလို့ ဖမ်းခံရတာလား အပြစ်မရှိဘူးလား ဆိုတာကတော့ ကျနော်တို့လဲ သေချာ မသိဘူး။ ဖမ်းခံနေရတော့ ရှိတယ်။ ဖမ်းခံရတဲ့အထဲမှာ ပြန်လွတ်လာတာ တွေလည်းရှိတယ်။ တချို့ကလည်း ပိုက်ဆံ ၂ သိန်း၊ ၃ သိန်းလောက် ပေးရပြီး ပြန်လွတ်လာတာလဲရှိတယ်။ အရင်ဦးဆုံး ဖမ်းခံရတာက အိမ်တစ်အိမ်မှာ အဲအိမ်က မူးယစ်ဆေးဝါးလား ဘိန်းစာရွက်လား မသိဘူး။ ရောင်းနေတဲ့အိမ်မှာလူတွေစုပြီး မူးယစ်သောက်စားနေတဲ့အချိန်မှာ ဝင်ဖမ်းတော့ အဖမ်းခံရတဲ့လူများတယ်။ ၇ ယောက် ၈ ယောက်လောက် ဖမ်းခံထိသွားတယ်။ ကျန်တာတွေက တစ်ယောက်စနှစ်ယောက်စ ဖမ်းမိတာ တွေလည်း ရှိနေတယ်။

မေး။ ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရော ပြန်လာကြပြီလား။ အခြေအနေဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပြောရရင် အခုလောလောဆယ်ကတော့ အခြေအနေက တည်ငြိမ်အေးချမ်းနေတာပေါ့လေ။ အခြေအနေ တည်ငြိမ်နေတော့ ပြန်လာတဲ့လူတွေတော့ ရှိတယ်။ တချို့ သိပ်ပြီး ကြောက်ရွံ့နေတဲ့သူတွေကျတော့ မပြန်လာကြ သေးဘူး။ သတင်းကြားနေတာကတော့ မွန်ပြည်သစ်ပါတီကလာပြီးတော့ လုံခြုံရေးယူပေးမယ်။

မေး။ ။ လက်ရှိ နှစ်ကရင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာ ရှိပါလဲ။

ဖြေ။ ။ ရွာမှာနေနေရတယ်ဆိုတော့ အမြဲစိုးရိမ်ပူပန်မှုတွေနဲ့ နေနေရတယ်ဆိုတော့ ကျနော်တို့ မွန်ပြည်သစ် ပါတီပဲ ဖြစ်ဖြစ်ပေါ့ အဲလို မွန်လူမျိုးအပေါ် သြဇာရှိတဲ့အဖွဲ့အစည်းတွေ လုံခြုံရေး လာယူပေး စေချင်တယ်။ မုဒုံဘက်မှာလည်း သူတို့ (မွန်ပြည်သစ်ပါတီ) လုံခြုံရေး ယူပေးနေတယ်ဆိုတော့ ကျနော်တို့ ဘက်ကိုလည်း လာပြီး လုံခြုံရေး ယူပေးစေချင်တယ်။ သူတို့ (မွန်ပြည်သစ်ပါတီ) လာမယ်လို့လဲ ကြားနေတယ်။ တကယ်လို့ မွန်ပြည်သစ်ပါတီကလာပြီး လုံခြုံရေးယူပေးမယ်ဆိုရင် ကျနော်တို့ ပိုပြီးလုံခြုံမယ်၊ အေးချမ်းမယ် အဲလို တွေးနေတာပေါ့။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here