“ မြို့ကို စွန့်ခွာခိုင်းစေချင်တာပေါ့။ မြို့ကနေ ထွက်သွားဖို့လည်း တိုက်တွန်းတာ ရှိပါတယ်။ အကြောင်းအရင်းက နှစ်ခုပါ။ လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိတယ်၊ နောက်တခုက စားဝတ်နေရေးအတွက် မြို့ထဲမှာ သွားပြီးတော့မှ ကူညီပေးရတာ အရမ်းခက်ခဲတယ်၊ အန္တရာယ် ရှိတာပေါ့နော်” IEC အတွင်းရေးမှူး (၂) ‌ဗညားခွန်အောင်

0
318
ပုံစာ - IEC အတွင်းရေးမှူး (၂) ‌ဗညားခွန်အောင်

လွိုင်ကော်မြို့မှထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၏ အခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီ ပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ‌ဗညားခွန်အောင်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ဆင်နွှဲခဲ့သော ‘၁၁.၁၁ စစ်ဆင်ရေး’ သည် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲနှင့် ကယား (ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။

Ò၁၁.၁၁ စစ်ဆင်ရေးÓ စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ကတည်းက ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် များသည် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် (၁) စီး ကိုလည်း ပစ်ချနိုင်ခဲ့ပြီး လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကိုလည်း ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တယား လည်ပတ်နေသည့် ကရင်နီ(ကယား) ပြည်နယ် မြို့တော် လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ရန် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အဓိက ထိုးစစ်ဆင်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများဖြင့် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့နေလူထုအများအပြားသည် သျှမ်းတောင်နှင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ Ò၁၁.၁၁ စစ်ဆင်ရေးÓ ၃ လပြည့် ဖြစ်သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၏ အခြေအနေကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ကရင်နီရဲ့ တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေပါလဲခင်ဗျ။

ဖြေ။ ။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ရှိပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တဲ့ရက်တွေနဲ့ နည်းနည်းပါးပါး ဖြစ်တဲ့ရက်ဆိုပြီးမှပဲ အဲ့လိုမျိုးပြောလို့ရပါတယ်။ မြို့နယ်တော်တော်များများမှာကို ဖြစ်နေတာရှိပါတယ်။

မေး။ ။ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးလူဦးရေ ခန့်မှန်းခြေဘယ်‌လောက်ရှိနေပါပြီလဲ။

ဖြေ။ ။ သေဆုံးတဲ့လူဦးရေက ၄၈၀ ဝန်းကျင်ကပ်သွားပြီ။ ကျနော်ပြောတဲ့စာရင်းကတော့ တောထဲတောင်ထဲမှာ စစ်ပြေးရင်းနဲ့ သေတာမျိုး‌တော့ မဟုတ်ဘူး။ တကယ်ကို တိုက်ပွဲတွေကြားထဲမှာ ကျည်ဆံထိမှန်လို့၊ မဟုတ်ရင်လည်း စစ်ရှောင်တွေရှိတဲ့ စခန်းတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ပစ်လို့ သေဆုံးတဲ့ လူဦး‌ရေစာရင်းပေါ့နော်။

မေး။ ။ သေဆုံးတဲ့ဦးရေထဲမှာ ကျား/မ ခွဲခြားပြီး စာရင်းကောက်ထားတာမျိုး ရှိပါလား။

ဖြေ။ ။ ကျား/မ ခွဲထားတာကတော့ စာရင်းထဲပြန်ကြည့်မှ သိမှာ။ အခြေခံအားဖြင့်ကတော့ ထက်ဝက်နီးပါးစီ ရှိကြပါတယ်။ လတိုင်းရဲ့သေဆုံးမှုကို ကျနော်တို့ စာရင်းကောက်တဲ့အချိန်မှာ ထက်ဝက်နီးပါးက ကျား/မ ထက်ဝက်ရှိပါတယ်။ အခြေခံအရ ပြောမယ်ဆိုရင်တော့ ကလေးနဲ့အမျိုးသမီးဦးရေက ပိုများပါတယ်။

မေး။ ။ စစ်‌ရှောင်ရင်းနဲ့ ထိခိုက်သူတွေကို ဘယ်လိုစီစဉ်ပေးထားပါလဲ။ ထိခိုက်ဒဏ်ရာရသူဦးရေ ဘယ်လောက် ရှိပါလဲ။

ဖြေ။ ။ ထိခိုက်ဒဏ်ရာရတာတွေကလည်း ၈၀၀ ဝန်းကျင် ရှိပါတယ်။ သူတို့တွေကိုတော့ အခြေခံအားဖြင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းနဲ့ လူထုရဲ့ကိုယ်ထူကိုယ်ထ ဆေးခန်းတွေမှာပဲ ကုသပေးနေတာတွေရှိပါတယ်။

မေး။ ။ အခုထိမြို့ထဲမှာ ထွက်မပြေးဘဲ ကျန်နေတာတွေ ရှိသေးလား။

‌ဖြေ။ ။ မြို့ထဲမှာ ကျန်နေတာတွေ ရှိပါတယ်။ ဧက ၅၀၀ တို့ ကြယ်သာယာတို့ဘက်မှာနဲ့ လွိုင်ကော်မြို့ တချို့နေရာဘက်တွေမှာတော့ အဲ့ဘက်ကလူတွေကတော့ နည်းနည်းကျန်ပါသေးတယ်။ အားလုံးတော့ မပြေးဘူး‌ပေါ့နော်။ သက်သက်မဲ့မပြေးဘဲ ကျန်နေသေးတာတွေ ရှိပါသေးတယ်။

မေး။ ။ ကရင်နီမှာရှိတဲ့ လူ ၁၀၀ ရာခိုင်နှုန်းမှာ စစ်ရှောင်နေရတဲ့လူဦးရေက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိမလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး အခုချိန်မှာဆိုရင် ၃ သိန်းခွဲအထိ စစ်ရှောင်သွားပြီလို့ ပြောလို့ရပါတယ်။ ဖယ်ခုံတွေအထိကို ထည့်တွက်မယ်ဆိုရင်တော့ ၄ သိန်း ၂ သောင်း ဝန်းကျင်‌လောက်တော့ ရှိမယ်ပေါ့နော်။ အခုက ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်သွားပြီလို့တော့ ပြောလို့ရပါတယ်။ ဖယ်ခုံမြို့ပေါ်မှာ ရောက်နေသူတွေလည်း ထပ်ပြီးစစ်ရှောင်ကြရသလို ဖယ်ခုံမြို့က ဒေသခံတွေလည်း စစ်ရှောင် နေကြရတယ်။

မေး။ ။ မြို့ထဲကျန်နေတဲ့ လူတွေကြတော့ စားဝတ်နေရေးအတွက် ဘယ်လိုမျိုးရုန်းကန်နေရပါလဲ။

ဖြေ။ ။ ဒီလွိုင်ကော်မြို့မှာကြတော့ လက်ကျန်ရှိတာလေးတွေနဲ့ စားသောက်နေရတယ်။ ဘယ်က အကူအညီမှ မရတော့ဘူး။ နောက်ပြီးတော့ စီးပွားရေးလည်း လုပ်လို့မရတော့ဘူးဆိုတော့ ရှိတဲ့လက်ကျန်လေးတွေကိုပဲ မှီဝဲစားသုံးနေတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မြို့ထဲမှာကျန်ရှိနေတဲ့ ပြည်သူတွေကို ဘယ်လိုကူညီဆောင်ရွက် ပေးဖို့ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ မြို့ကို စွန့်ခွာခိုင်းစေချင်တာပေါ့။ မြို့ကနေ ထွက်သွားဖို့လည်း တိုက်တွန်းတာ ရှိပါတယ်။ အကြောင်းအရင်းက နှစ်ခုပါ။ လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိတယ်၊ နောက်တခုက စားဝတ်နေရေးအတွက် မြို့ထဲမှာ သွားပြီးတော့မှ ကူညီပေးရတာ အရမ်းခက်ခဲတယ်၊ အန္တရာယ် ရှိတာပေါ့နော်။

အဲ့ဒါကြောင့် အကောင်းဆုံးက သူတို့အနေနဲ့ မြို့ပြင်မှာ ထွက်လာပြီးတော့မှ ကျနော်တို့သတ်မှတ်ထားတဲ့ စစ်ရှောင်စခန်းတွေ၊ သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ နေပေးမယ်ဆိုရင်တော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးရတာ ပိုပြီးတော့ အဆင်ပြေနိုင်မှာပါ။

မေး။ ။ “ ၁၁.၁၁ စစ်ဆင်ရေး” ၃ လတာ တိုက်ပွဲအတွင်းမှာ ပြည်သူတွေက ဘယ်လိုထိခိုက်နစ်နာမှုတွေရှိလဲ၊ ဆုံးရှုံးမှုက ဘယ်လောက်ထိများနေလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဆုံးရှုံးနစ်နာမှုကတော့ အခုမှ မဟုတ်ဘူးပေါ့နော်။ ဒီတော်လှန်ရေး မစခင်ကတည်းက ကျနော်တို့တည်နေရာက တော်တော်လေးကို ဆုံးရှုံးနစ်နာမှုတွေ များတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ပြည်နယ်ရဲ့ လူမှုစီးပွားရေးက ပျက်စီးသွားတာပေါ့။ နောက်ပြီးတော့ ဒါကလည်း သေချာတာတစ်ခုက စစ်ကောင်စီက အာဏာသိမ်းမှုရဲ့ အကျိုးဆက်လို့ပဲ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မလို့လည်း ကျနော်တို့ တိုက်ပွဲတွေကတော့ ဆက်ဖော်ဆောင်ဖို့ လိုအပ်တယ်။ တိုက်ပွဲနဲ့ပဲ ဒီစစ်အာဏာရှင်ကို ဖြုတ်ချရမဲ့ အခြေအနေမျိုး ဖြစ်သွားလို့ပါ။ အကယ်၍ ငြိမ်းချမ်းစွာသာ လုပ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ လူမှုစီးပွား‌ရေးလည်း လဲကျစရာ အကြောင်းမရှိဘူး။

အခုဟာက လက်နက်စွဲကိုင်တဲ့အထိကို တွန်းအားရသွားတော့ ကျနော်ထင်တာက ဒီတိုက်ပွဲ တခု တခုဖြစ်တိုင်း ပြည်သူလူထုကတော့ ဆက်ပြီးနစ်နာနေမှာပဲ။ ဒါပေမယ့်လည်း ဒီတိုက်ပွဲနဲ့ပဲ သူတို့ (စစ်အာဏာရှင်) ကို အဆုံးသတ်ဖို့ ကျန်ရှိတော့တာ။ သူတို့တွေက ငြိမ်းချမ်းသောအားဖြင့် မဟုတ်တဲ့အတွက်ကြောင့် လူထုကတော့ နစ်နာနေမှာပါ။ ဒါကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်တဲ့ အတွက်ကြောင့်မလို့ ဆိုးတဲ့ရလဒ်ကို ရရှိတယ်လို့ပဲ ကျ‌နော်တို့က အဲ့လိုမျိုးပြောလို့ပါတယ်။ နစ်နာမှုကတော့ တိုက်ပွဲရှိရှိ မရှိရှိ ဒီနိုင်ငံကတော့ စစ်အာဏာသိမ်းကတည်းကတော့ နစ်နာသွားပြီလို့ ပြောလို့ရပါတယ်ဗျ။

မေး။ ။ မြို့တွေမှာ ခိုးဆိုးလုယက်မှုတွေ ပေါများလာနေတယ်လို့ကြားရတယ်၊ အဲ့ဒီအတွက် ဘယ်လိုမျိုးဖြေရှင်း ဆောင်ရွက်ပေးတာရှိပါလဲ။

ဖြေ။ ။ အခုချိန်မှာကတော့ ဘယ်ယန္တရားမှ မရှိတော့ဘူး။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ IEC ကတော့ ပြည်ထဲရေး ဌာနအောက်ကနေ စုပေါင်းပြီးတော့မှ လက်နက်ကိုင်အင်အားနဲ့ ပေါင်းစုပြီးတော့မှ Òလွိုင်ကော်မြို့ အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီÓ ဆိုတာ ဖွဲ့လိုက်တာရှိတယ်။ အဓိကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ပေါ့နော် ကင်းစခန်းတွေ ချပေးတယ်၊ လုံခြုံရေးကင်းတွေ ချပေးတယ်။ နောက်ပြီးကျတော့ ပစ္စည်းတွေ သယ်ယူမယ် ဆိုရင်လည်း သတ်မှတ်တဲ့နေရာကို သွားပြီးတော့မှ ခွင့်ပြုချက်တွေတောင်းပြီး ထုတ်ယူဖို့အတွက် စီမံခန့်ခွဲမှုတွေ ရှိနေပါတယ်။ ဒါကတော့ ကျနော်တို့လုပ်ပေးနိုင်တဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here