1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဘာပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေ သေဆုံးနေတာကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာကတည်းကဖြစ်တဲ့အတွက် စစ်တပ်ရဲ့လုပ်ရပ်တွေပဲဖြစ်တယ်။ တခုခုဆိုရင် သတိပေးပြောဆိုတာတွေ၊ ကိုယ့်အဖွဲ့က တခုခုဖြစ်ရင် ဖမ်းမယ်၊ ရိုက်မယ်ဆိုပြီး...

“ဘာပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေ သေဆုံးနေတာကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာကတည်းကဖြစ်တဲ့အတွက် စစ်တပ်ရဲ့လုပ်ရပ်တွေပဲဖြစ်တယ်။ တခုခုဆိုရင် သတိပေးပြောဆိုတာတွေ၊ ကိုယ့်အဖွဲ့က တခုခုဖြစ်ရင် ဖမ်းမယ်၊ ရိုက်မယ်ဆိုပြီး လုပ်ကြတဲ့အထိ စည်းလုံးကြတယ်။ အချင်းချင်း ကာကွယ်ကြတယ်ပေါ့” ဖားကန့်ဒေသခံအမျိုးသားတစ်ဦး

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် KIA နှင် စစ်ရေးတင်းမာမှုအခြေအနေ၊ ဒေသခံ အရပ်သားပြည်သူများ၏ စိုးရိမ်ပူပန်မှုအခြေအနေများနှင့်ပတ်သက်ပြီး ဖားကန့်ဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီတပ်များ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ဖားကန့်ဒေသထဲကို ဝင်ရောက်လာပြီးနောက် သုံးပတ်ကျော်အတွင်းမှာပင် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်ထိရှိခဲ့ကြောင်း ဒေသခံ မြေပြင်သတင်းရင်းမြစ်တို့က ပြောဆိုသည်။

ဖားကန့်ဒေသသို့ လဝါး – ကားမိုင်းလမ်းကြောင်းအတိုင်းတက်လာသည့် စစ်အင်အား ၂၀၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲကို ရောက်ရှိလာချိန်ကစ၍ အရပ်သားပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုရာက အရပ်သားပြည်သူ စတင်သေဆုံးမှု ရှိလာခဲ့သည်။

ဖားကန့်လူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူတို့၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဖားကန့်ဒေသအတွင်း ရမ်းသမ်းပစ်ခတ်ခံရမှု၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရပြီးသေဆုံးမှု၊ KIA နှင့် နှစ်ဖက်တိုက်ပွဲအတွင်း ဒရုန်းပစ်ခတ်တိုက်ခိုက်မှု၊ ကြီးမားသည့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်တို့ကြောင့် သေဆုံးသူစုစုပေါင်း ၂၅ ဦးထက် မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော်အထက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ဖားကန့်ဒေသအတွင်း ဝင်ရောက်နေရာယူလှုပ်ရှားခဲ့သည့် လုံးခင်၊ မှော်ဆီစာ၊ မဇွပ်ယန်၊ ကုဋေမှော်နှင့် ဆန်ခါစသည့် ကျေးရွာများထဲမှ အရပ်သားပြည်သူများ သေဆုံးမှုအများဆုံးဖြစ်ပြီး၊ ပိုင်ရှင်မဲ့ သေဆုံးသည့် ရုပ်အလောင်းတချို့လည်း ပါဝင်သည်ဟုသိရသည်။

ယခုလို ဖားကန့်ဒေသထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကချင်လွတ်လပ်ရေတပ်မတော် KIA နှင့် စစ်ကောင်စီတပ်ကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေသည်။ လက်ရှိ၌ နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုအခြေအနေ၊ ဒေသခံအရပ်သားပြည်သူများ၏ စိုးရိမ်ပူပန်မှု အခြေအနေများနှင့်ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ဖားကန့်ရဲ့ နှစ်ဖက်စစ်တပ် စစ်ရေးအခြေနေတင်းမာနေကြတဲ့ နောက်ဆုံးအခြေအနေကို ပြောပြပေးပါလား။

ဖြေ။ ။ အခု ဖုန်းဆက်နေတဲ့တချိန်ထဲမှာ သေနတ်သံတွေကကြားနေရပါတယ်။ တိုက်ပွဲဖြစ်တာလား၊ ဒါမှမဟုတ် ဘယ်ဘက်က ပစ်ခတ်ခြောက်လန့်နေလဲမသိဘူး။ ကြားနေရတဲ့အခြေအနေကလည်း မှော်ဆီစာ တောင်ပေါ်ကုန်းဘက်မှာ ကြားနေရတာပါ။ မှော်ဆီစာမှာရောက်နေတဲ့ စစ်ကြောင်းတချို့က မှော်ဝမ်းကြီး မှော်ဝမ်းသေးဘက်ကို လှည့်သွားပြီ။ မှော်ဝမ်းကြီးဘက်မှာလည်း ပစ်နေကြတာဆက်တိုက်ပဲ၊ ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

မေး။ ။ ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကြီး၊ မှော်ဝမ်းသေးဘက်ကို စစ်ကြောင်းကလှည့်သွားပြီဆိုတော့ စစ်ကြောင်းက ဘယ်ကိုဦးတည်နေတာပါလဲ။

ဖြေ။ ။ မှော်ဝမ်းကြီး၊ မှော်ဝမ်းသေးကျေးရွာတွေကနေ ဆက်တက်မယ်ဆိုရင် ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီတပ် တွေ လက်လွတ်လိုက်ရတဲ့ မော်မောလယန်၊ မော်မောဘွမ့် ၊ လမောင်ကုန်းတွေဆီကို ရောက်သွားမှာဖြစ်တယ်။ တကယ်လို့ စစ်တပ်က လမောင်ကုန်းတွေကိုပြန်ရသွားရင် မက်လင်ဂျောင်၊ ရှမ်းစု၊ မမုံ၊ ဆန်းကြယ်၊ ရှရော်ခ၊ ရင်ဆိုင်ကုန်းတွေ ရှိမယ်။ အဲဒီတကြောကို ပတ်ဝိုက်မယ်လို့ မြင်ရပါတယ်။

မေး။ ။ မှော်ဆီစာမှာရောက်နေတဲ့ စစ်ကြောင်းတွေက မပစ်ဖို့ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို သတိပေးထားတာတွေရှိတယ်။ နောက်ပြီး ယခုရက်ပိုင်းအတွင်း လုပ်ငန်းရှင်တွေရဲ့ စက်ယန္တရားတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်တယ်။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးဘက်ကို စစ်ကြောင်းကပြန်သွားလိုက်ပြီဆိုတော့ မှော်ဆီစာတကြောကို စစ်တပ်ကပြန်ထိန်းချုပ်လိုက်ပြီလား။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတိမ်အနက်ကိုတော့ တကယ်ခန့်မှန်းရခက်ပါတယ်။ ကျနော်တို့ဒေသမှာ ဖြစ်နေတဲ့အခြေအနေက ပုံမှန်အတိုင်းလို့ပဲမြင်ပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ တခြားဒေသတွေမှာလို စခန်းသိမ်း၊ မြို့သိမ်း တိုက်နေကြတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့ အခြေအနေကလည်း ထိတွေ့မှုတခုပုံစံမျိုးပဲ ပြောရမှာပေါ့။ သူတို့ရဲ့လုပ်ရပ်က သူ့စခန်းသိမ်း၊ ကိုယ်စခန်းသိမ်းပုံစံနဲ့ ဆော်နေကြတာမဟုတ်ဘူး။ ဒီဘက်က ဖောင်းဖောင်းပစ်လိုက်ရင် ဒီဘက်ကလည်း ဖောင်းဖောင်းပြန်ပစ်မယ် အဲ့သဘောပဲရှိနေတာ။ ပြည်သူတွေကလည်း ဒီအခြေအနေကိုသိသွားကြပြီ။ ညှိလိုက်၊ ပြန်ဖွင့်ပေးလိုက် ပြန်သွားလိုက်နဲ့ သွားနေတဲ့သဘောပါ။

မေး။ ။ ပြီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အချိန်ကနေ ဒီကနေ့အချိန်အထိ နေ့တိုင်းလိုလို ဆိုရလောက်အောင် အရပ်သားသေဆုံးမှုတွေက ပိုပိုပြီးများလာတယ်။ နည်းလမ်းပေါင်းစုံနဲ့ သေဆုံးမှုရှိနေကြတော့လေ ပြည်သူတွေအနေနဲ့ ဘယ်လိုရှိနေကြပါလဲ။

ဖြေ။ ။ အရင်ဦးဆုံးဒေတာတွေကိုပဲ ပြန်ပြောရမယ်ဆိုရင် စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီးကတည်းကစပြီး သေဆုံးမှုတွေက ရှိလာတယ်ပေါ့လေ။ ယမ်းဂိုဒေါင်ဖောက်ခွဲခံရတာတွေ၊ ဒရုန်းပစ်ခံရတာတွေ၊ သူတို့စစ်ကြောင်း ဖြတ်သွားတဲ့တကြောမှာ သေဆုံးမှုတွေက ဆက်တိုက်ဖြစ်နေတာပေါ့လေ။ အခုဆို သေဆုံးတဲ့လူ ၂၀ ကျော်ရှိလာ ပြီ။ ဒဏ်ရာရရှိတဲ့သူတွေက ပိုများတယ်။

ဒီကိစ္စတွေက စစ်ကြောင်းနဲ့ တိုက်ရိုက်ပတ်သက်ပြီးဖြစ်တဲ့ဟာတွေပဲ။ ပြီးရင် စစ်ကြောင်းဝင်လာတဲ့နေရာတိုင်းမှာ နှိပ်စက်သတ်ဖြတ်ခံရတဲ့ သူတွေလည်းရှိတယ်။ တချို့ဆိုရင် စစ်ကြောင်းတွေထွက်သွားမှ အလောင်းမြင်ရတာတွေ ရှိတယ်။ စစ်ကြောင်းမသွားပဲ ဒီအတိုင်းကျေးရွာတွေမှာ ပစ်သတ်ခံရတဲ့သူတွေလည်း ရှိသေးတယ်။ ဒဏ်ရာရပြီး မသေတဲ့သူတွေတောင်ရှိတယ်။

မေး။ ။ ဒါဆိုရင် ပိုင်ရှင်မပေါ်ဘဲသတ်ဖြတ်ခံရပြီး ရုပ်အလောင်းပြန်တွေ့တဲ့ အခြေအနေတွေကို ဘယ်လိုပြန်သုံးသပ်ပါလဲ။ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်လဲလို့ ပြောလို့ရပါလား။

ဖြေ။ ။ ဒီလိုဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီးပြောရမယ်ဆိုရင် စစ်ကောင်စီရဲ့ လုပ်ကွက်တခုလို့ပဲမြင်ပါတယ်။ တော်လှန်ရေးအင်အားစုတွေမှာတောင် မြို့ပေါ်လှုပ်ရှားရေး သီးသန့်ဖွဲ့စည်းထားတာတွေရှိတယ်။ လက်နက်ကိုင်ပြီးတောထဲမှာ တိုက်ရတဲ့သူမျိုးလည်းရှိတယ်။ မြို့ပေါ်မှာ လူလေး ၃ ၊ ၄ ယောက်နဲ့ လှုပ်ရှားတဲ့ သူတွေရှိသလို စစ်တပ်ဘက်ကလည်း ပြောက်ကျားစနစ်နဲ့ တန်ပြန်ဆောင်ရွက်လာတယ်လို့ မြင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို အမြင်မှားအောင် အရင်ရှိပြီးသား စယဖတွေကို အင်အားတိုးချဲ့ပြီး လုပ်လာတာ လည်းဖြစ်နိုင်တယ်။ ဒီလိုပေါ့ ပြည်သူတွေကို အကြောက်တရား ဖန်တီးပေးနေတယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ အခုလို ဖားကန့်ဒေသမှာ အရပ်သားသေဆုံးမှုတွေ နေ့တိုင်းဖြစ်လာတဲ့အပေါ်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဘယ်လိုပုံစံတွေနဲ့ နေထိုင်နေကြလဲ။ လုံခြုံရေးအတွက် ဘယ်လိုစိုးရိမ်ကြောင့်ကျမှုတွေ ဖြစ်နေပါလဲ။

ဖြေ။ ။ ဒေသခံတွေကလေ အခုဆိုရင် တဖြည်းဖြည်းနဲ့ ပိုစည်းလုံးလာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တွေးခေါ်ယူဆကြတဲ့အပိုင်းတွေလည်း တူညီကြတယ်။ ဘာပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေ သေဆုံးနေ တာကလည်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာကတည်းက ဖြစ်တဲ့အတွက် စစ်တပ်ရဲ့လုပ်ရပ်တွေပဲ ဖြစ်တယ်။ တခုခုဆိုရင် သတိပေးပြောဆိုတာတွေ၊ ကိုယ့်အဖွဲ့က တခုခုဖြစ်ရင် ဖမ်းမယ်၊ ရိုက်မယ်ဆိုပြီး လုပ်ကြတဲ့အထိ စည်းလုံးကြတယ်။ အချင်းချင်း ကာကွယ်ကြတယ်ပေါ့။ အဓိကတော့ အသွားအလာတော့ ဂရုစိုက်ရတာပေါ့။ စစ်ကြောင်းတွေဝင်လာရင် သတိထားနေထိုင်ရတယ်။

မေး။ ။ လက်ရှိဖားကန့်ဒေသမှာဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ပြည်သူလူထုတွေဆိုတာ အမြဲတမ်းအစိုးရကောင်းတရပ်ကိုတော့ မျှော်လင့်နေတာပဲ။ ကိုယ့်အပေါ်ကောင်းတဲ့ အစိုးရကိုလည်း မျှော်လင့်တယ်။ ဒါပေမယ့် လက်ရှိအချိန်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ကြားမှာ ကြားမညှပ်ဖို့တော့ အဓိက လိုအပ်တယ်။ ပြည်သူလူထုတွေအနေနဲ့ ကြတော့ ဘာလက်နက်မှ ကိုင်ထားတာမဟုတ်ဘူး။ ပြန်ပြီးတုန့်ပြန်နိုင်စွမ်းလည်း မရှိပါဘူး။ အင်အားကြီးတဲ့ လက်နက်တွေကြားမှာ ရှင်သန်နေရတယ်။ ဒါကြောင့် လက်ရှိစစ်ဘေးဒဏ်ကို ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေ အနေနဲ့ အထူးဂရုစိုက်ဖို့ ပြောချင်ပါတယ်။

KNG ပေးပို့သည်။