“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးဘက်သားတွေရဲ့ အားသာချက်က စုစည်းနိုင်ဖို့ပဲ၊ စုစည်းပြီးတော့ သူတို့ကို ကျနော်တို့က ထုနဲ့ထည်နဲ့ ခြိမ်းခြောက်နိုင်ဖို့ပဲ” ကိုစိုးဝင်းဆွေ (စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ)

0
438
ပုံစာ - ကိုစိုးဝင်းဆွေ (စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ)

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနှင့် အမေးအဖြေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ပိုင်း တလိုင်းရွာနားမှာ ဇွန်လ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၁၄ ဦး ကျဆုံးခဲ့ပါတယ်။ ဇွန်လ ၂၇ ရက် ညနေပိုင်းကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာ ၁ ပါး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၅ ရက် ကလည်း ကင်းတော်ရွာမှာ PDF စခန်းတစ်ခု ဝင်စီးခံလိုက်ရပြီး ရဲဘော် ၁၇ ဦး ကျဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သလို စစ်ကိုင်းတိုင်း ဒေသခံ နိုင်ငံရေး လေ့လာသူတစ်ဦးလည်းဖြစ်တဲ့ ကိုစိုးဝင်းဆွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကိုင်းတိုင်းအတွင်းက လက်ရှိစစ်ရေးအခြေအနေတွေကို သုံးသပ်ပြောပေးပါဦး။

ဖြေ။ ။ သူတို့ (စစ်ကောင်စီ) ဗျူဟာပြောင်းလဲပြီးတော့ စစ်ဆင်ရေးတွေ လုပ်လာတာတော့ ရှိတယ်။ ပြီးတော့ ကစထမှူး တေဇာကျော်ကိုယ်တိုင် နခမဇုန်မှာ ဆင်းပြီးတော့ စစ်ဆင်ရေးတွေကို တိုက်ရိုက် ကွပ်ကဲနေတာ ရှိတယ်။ အဓိကကတော့ သူတို့ဘက်က လူအင်အားနည်းလာတာပေါ့ဗျာ။ လူအင်အား နည်းလာတဲ့အပေါ်မှာ လိုက်လျောညီထွေဖြစ်တဲ့ ပိုင်မှဝင်လုပ်တဲ့ ဗျူဟာမျိုးကို သုံးလာတာ တွေ့ရတယ်ဗျ။

မေး။ ။ စစ်ကိုင်းတိုင်းမှာ အခုတပါတ်အတွင်းမှာ တော်လှန်‌ရေးရဲဘော်တွေ စခန်းစီးနင်းခံရသလို စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်းမှာလည်း PDF တွေ အကျအဆုံး များခဲ့တယ်၊ နောက် ပုလဲအနောက်ဘက် ခြမ်းကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ဒေသခံတွေ သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒီအခြေအနေတွေအရ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အရင်ကထက်ပိုပြီး ဖိနှိပ်ကိုင်တွယ်ဖို့ လုပ်နေတယ်လို့ မြင်ပါလား။

ဖြေ။ ။ သူတို့က တော်လှန်ရေးစကတည်းက စစ်ကိုင်းကို ဖိဖို့နှိမ်ဖို့က တောက်လျောက်ကြိုးစား အားထုတ်နေတာပဲ။ စစ်တိုင်းမှူးနှစ်ယောက်နဲ့ ကစထမှူးဆိုရင်လည်း အပြောင်းအလဲလုပ်ပြီးတော့ သူတို့ ကိုင်တွယ်တယ်။ ဒါကသက်သေပဲပေါ့။ သို့သော်ဗျူဟာတွေကတော့ သူတို့ပြောင်းပြီးတော့ လုပ်တယ်။ ၂၀၂၁ က ဗျူဟာနဲ့ ၂၂ နဲ့မတူဘူး။ ၂၂ နဲ့ ၂၃ လည်း မတူဘူးပေါ့။ သူတို့ဘက်ကတော့ တမျိုးမဟုတ် တမျိုးတော့ပြောင်းပြီး လုပ်နေတာပေါ့။ ဒါပေမယ့် အသစ်အဆန်းတော့ မဟုတ်ဘူး။ အဓိကကတော့ ကိုယ့်ဘက်က မှားကွက်၊ အားနည်းချက်၊ သတိအလစ်ကို စောင့်ပြီးတော့မှ သူတို့က ဝင်ပြီး လုပ်တဲ့သဘော ရှိတယ်ဗျ။

မေး။ ။ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ အားနည်းချက်၊ အားသာချက်တွေကိုရော ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ စစ်ကိုင်းတိုင်းအတွင်းမှာတင် မဟုတ်ပါဘူး။ သူတို့အားနည်းချက်တွေက တနိုင်ငံလုံးမှာ ရှိနေပြီ။ ဒါပေမယ့် လက်နက်နဲ့ ပိုက်ဆံကတော့ နိုင်ငံရဲ့ဘဏ္ဍာငွေကို ဂုတ်ခွစီးပြီးတော့ အဓ္ဓမ ယူပြီး လုပ်ထားတာဆိုတော့ လက်နက်နဲ့ ဘက်ဂျက်က တောင့်တင်းနေတယ်။ ဆိုတော့ အဓိကကတော့ သတင်းပေါ့နော်။ စစ်တိုက်တယ်ဆိုတာ ရန်သူသတင်းရဖို့နဲ့ ကိုယ့်သတင်းလုံဖို့က စစ်တပ်ရဲ့ အသက်သွေးကြော ဖြစ်တဲ့အခါကျတော့ သတင်းပိုင်းကို သူတို့သေချာ လုပ်ပြီးတော့ သတင်းခိုင်ခိုင်မာမာ ရတဲ့ဟာမျိုးမှ သူတို့ဘက်ကဝင်ပြီး လုပ်တာမျိုးတော့ ရှိတယ်ပေါ့ဗျာ။

ဟိုလိုကတော့ ထိုးစစ်ကြီးတွေဘာတွေ စစ်ကြောင်းကြီးတွေ ထိုးတာမျိုးကတော့ နမခဇုန်ထဲမှာ သိပ်မတွေ့ရတော့ဘူး။ မဖြစ်မနေ လုပ်ရတဲ့ တပ်ပြောင်းတပ်ရွှေ့တွေ၊ ရိက္ခာသယ်ယူပို့‌ဆောင်ရေး ဒီလိုကိစ္စတွေမှာပဲ သူတို့မြေပြင်မှာ ထိုးတာများပြီးတော့ ကျန်တဲ့ဟာကတော့ သူတို့တန်ပြန် ပြောက်ကျားနဲ့ လေကြောင်း အားသာမှုကို ယူပြီးတော့ ပြန်ပြီးတော့ တော်လှန်‌ရေးဘက်သားတွေကို တိုက်ခိုက်တာမျိုးပဲ တွေ့ရတော့တယ်။

မေး။ ။ ကိုစိုးဝင်းဆွေက စစ်ကိုင်းဖိုရမ်မှာလည်း ပါဝင်ထားတယ်ဆိုတော့ စစ်ကောင်စီကို တွန်းလှန် တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စုစည်းမှုကရော ဘယ်လိုရှိပါလဲ။ အရင်ကထက် ပိုကောင်းလာတယ်လို့ မြင်ပါလား။

ဖြေ။ ။ အရင်ကထက်ပိုပြီး စုစည်းနိုင်ဖို့ပဲ စစ်ကိုင်းဖိုရမ်ဆိုတာ ကျင်းပတာ ဖြစ်တယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးဘက်သားတွေရဲ့ အားသာချက်က စုစည်းနိုင်ဖို့ပဲ၊ စုစည်းပြီးတော့ သူတို့ကို ကျနော်တို့က ထုနဲ့ထည်နဲ့ ခြိမ်းခြောက်နိုင်ဖို့ပဲ။ စုစည်းနိုင်မှ စစ်ဆင်ရေးတွေကို တပြိုင်ထဲတချိန်ထဲမှာ တိုင်ပင်ကိုက်ပြီးတော့ စစ်မျက်နှာစာ အားလုံးကနေ ကျနော်တို့ ပြန်တိုက်ခိုက်နိုင်မယ်။ ဒီလိုတိုက်ခိုက်နိုင်မှ သူတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်မယ်ပေါ့။ ဒါကြောင့်လည်း ကျနော်တို့က စစ်ရေး၊ နိုင်ငံရေးအရ စုစည်းဖို့ ဖိုရမ်ဆိုတာ ပထမခြေလှမ်းအနေနဲ့ ကြိုးပမ်းတာ ဖြစ်တယ်ဆိုတော့ ဒီဖိုရမ်တွေ အောင်မြင်မှသာလျင် စုစုစည်းစည်းနဲ့ ဒီတော်လှန်‌‌ရေးက ပိုပြီးတော့ ထိထိ‌ရောက်ရောက် ဖြစ်လာမယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်ဗျ။

မေး။ ။ စစ်ကိုင်းက တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ရော ရေရှည်မှာ စစ်ကောင်စီကို တိုက်ထုတ်ဖို့ ဘာတွေ ဆောင်ရန်၊ ရှောင်ရန် ရှိမလဲဆိုတာ အကြံပြုပြောပေးပါဦး။

ဖြေ။ ။ တော်လှန်တပ်ဖွဲ့တွေအနေနဲ့လည်း လက်နက်ကိုင်ပြီးတော့ တိုက်တယ်ဆိုမှတော့ ကိုယ့်ကိုကိုယ် စစ်သားလို့ ခံယူပြီးတော့ စစ်သားစိတ်နဲ့ ဒီထက်ပိုပြီးတော့ နေကြဖို့ ကျနော်ကတော့ အကြံပြုချင်ပါတယ်။ လက်နက် ကိုင်ထားတယ်၊ စစ်သားအနေနဲ့ တိုက်ပွဲဝင်နေတယ်၊ သို့သော် အရပ်သားစိတ်ဓါတ်လေးတွေပေါ့နော် မဖျောက်နိုင်ဘူး။ ဥပမာ ကျနော်တို့ မစ်ရှင်တစ်ပွဲလုပ်တယ်။ ပြီးရင် ပြန်လာလို့ရှိရင် အမေ့အိမ်ပြန်ချင်တယ်ပေါ့ဗျာ ဒါမျိုးကိစ္စလေးတွေပေါ့။ အဓိက,ကတော့ စစ်သားဖြစ်သွားရင် ကိုယ့်ရဲ့မိခင်တပ်စခန်းမှာ အမြဲတမ်း နေရမယ်။ အရပ်ဖက်ဆိုင်ရာတွေ၊ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ရွာတွေမှာ မလိုအပ်ဘဲနဲ့ ထိတွေ့ဆက်ဆံတာ၊ အချိန်ဖြုန်းတာမျိုး အဲ့လို အပိုင်းလေးတွေကို လျော့မယ်။

ပြီးရင် ဒီ social media အသုံးပြုမှုနဲ့ ပတ်သက်လို့လည်း လက်လွတ်စပါယ် မသုံးဘဲနဲ့ ဂရုစိုက်ပြီး သုံးမယ်ပေါ့။ ဒီလိုနည်းအားဖြင့် မိမိရဲ့သတင်းကို လုံခြုံအောင် လုပ်လို့ရတယ်။ အခုကတော့ မိမိဘက်က သတင်းပိုင်းဆိုင်ရာ၊ ကင်းပိုင်းဆိုင်ရာ ပေါ့လျော့မှုတွေကို နင်းပြီးတော့ ရန်သူကဝင်ပြီး အလစ်အငိုက် တိုက်တာဆိုတော့ အဲ့ဒီအပိုင်းလေးတွေကို ကျနော်တို့ ပြည်သူ့တပ်ဖွဲ့ဝင်တွေက ပိုပြီးတော့ သတိထားပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ စစ်ရေးရလဒ်တွေ ဖြစ်လာမယ်လို့ ကျနော်ကတော့ အကြံပြု တိုက်တွန်းချင်ပါတယ်။

မေး။ ။ စစ်ကိုင်းတိုင်းက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိပါလား။

ဖြေ။ ။ လက်ရှိကတော့ စစ်ရေး၊ နိုင်ငံရေးလည်း အားကောင်းသလောက် မတူကွဲပြားမှုတွေလည်း စစ်ကိုင်းတိုင်းမှာ အားကောင်းနေတဲ့ အခြေအနေရှိတယ်။ ဒါတွေကို စုစည်းနိုင်ဖို့ကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့။ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းက တော်လှန်ရေးမှာ ထိထိ‌‌ရောက်ရောက် အရွေ့တခု ဖြစ်ပေါ်လာမယ်လို့ မျှော်မှန်းပါတယ်ဗျ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here