“ပြောပြရမှာတော့ ရင်နာလှပါတယ်။ အခု စကစ (စစ်ကောင်စီ) က မြို့ထဲ နေရာအပြည့်ယူတာ၊ မြို့တွင်းနေအိမ် တိုက်၊ ဆန်စက်၊ စျေးတွေကို စိတ်ကြိုက်မီးရှိုနေပြီတဲ့ဗျာ့။ မီးရှို့တော့ ပြည်သူအချို့ မြို့ထဲဝင်သွား၊ ဝင်လာသူ မှန်သမျှကို အကုန်ဖမ်းထားပါတယ်။ ဒီလိုလုပ်ချင်လို့ သူတို့က မီးရှို့တာလေ” ကောလင်းမြို့ ဒေသခံတစ်ဦး

0
501
ပုံစာ - ကောလင်းမြို့၊ လူနေရပ်ကွက်များကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့နေပုံ။

စစ်ကောင်စီက ပြန်လည်ရရှိသွားသည့် ကောလင်းမြို့အခြေအနေနဲ့ မြို့တွင်းရှိ လက်ရှိအခြေအနေများကို ကောလင်းမြို့ဒေသခံတစ်ဦးကိုမောင်မောင် (အမည်လွှဲ) နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။

NUG ထိန်းချုပ်ပြီး ၃ လအကြာတွင် စစ်ကောင်စီတပ်က ယခုလ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး အင်အား အလုံးအရင်းနှင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများနှင့် ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ကောလင်းမြို့ ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သည်။

ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်ရရှိသွားသည့် အခြေအနေနှင့် လက်ရှိ မြို့တွင်းအခြေအနေများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးကပ်သည့် ကောလင်းမြို့ဒေသခံတစ်ဦး ကိုမောင်မောင်(အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကောလင်းမြို့ကို လက်ရှိမှာ စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်သွားနိုင်ပြီဆိုပြီး သတင်းတွေ ထွက်နေတယ်၊ အဲ့ဒီအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ထဲက နှစ်ဖက်တိုက်ပွဲတွေလည်း မရှိတော့ပါဘူး။ စစ်ကောင်စီ ဘက်ကလည်း မြို့တွင်းပြန်ဝင်နေတော့ တော်လှန်ရေးတပ်တွေဘက်က နောက်ဆုတ်ပေးလိုက်ရပါတယ်။ ကာကွယ်ရေးတပ်တွေက အခုမြို့ပြင်ကနေ အခြေအနေ ကြည့်နေကြတယ်။ သူတို့(စစ်ကောင်စီ)ဘက်က အင်အားက မနည်းဘူး။ ရာကျော်၊ ထောင်ချီ ရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒရုန်းအကြီးကြီးတွေကနေ ဗုံးသီးတွေနဲ့လည်း ကြဲချတယ်။ လေကြောင်းကလည်း ပစ်ပြီး အတင်းဖိတိုက်တာ။

မေး။ ။ စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း လက်ရှိမှာ ကောလင်းမြို့တွင်းအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပြောပြရမှာတော့ ရင်နာလှပါတယ်။ အခု စကစ (စစ်ကောင်စီ) က မြို့ထဲ နေရာအပြည့်ယူတာ၊ မြို့တွင်းနေအိမ် တိုက်၊ ဆန်စက်၊ စျေးတွေကို စိတ်ကြိုက်မီးရှိုနေပြီတဲ့ဗျာ့။ မီးရှို့တော့ ပြည်သူအချို့ မြို့ထဲဝင်သွား၊ ဝင်လာသူမှန်သမျှကို အကုန်ဖမ်းထားပါတယ်။ ဒီလိုလုပ်ချင်လို့ သူတို့က မီးရှို့တာလေ။ တိုက်ပွဲကတော့ ခဏရပ်နေတယ်။ မြို့အရှေ့ထိပ် အနောက်ထိပ်မှာတော့ ကာကွယ်ရေး ရဲဘော်တွေ ရှိတယ်ဗျာ့။ တိုက်ပွဲတော့ မဖြစ်သေးပါ။

မေး။ ။ ကောလင်းမြို့ကို စစ်ကောင်စီဘက်ကစပြီး ထိုးစစ်ဆင်တိုက်ကတည်းက တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အရေးနိမ့်ပြီး နောက်ဆုတ်ခဲ့ရတာပါလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ စတိုက်တုန်းက တော်လှန်းရေးအဖွဲ့တွေက ကာကွယ်နိုင်တယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်တော့တောင် ဟိုဘက် (စစ်ကောင်စီ) က ကျတဲ့သူတွေ များတယ်။ နောက်ပိုင်းမှာ သူတို့ဘက် (စစ်ကောင်စီ) ဘက်က စစ်ကြောင်းလေးကြောင်းခွဲပြီး ဝိုင်းညှပ်တိုက်ပြီး ဝန်းသိုဘက်က စကစစစ်ကြောင်းက မြို့တွင်းကို အရင် ဝင်လာလိုက်နိုင်တာ။ အဲ့နောက်ပိုင်းကစပြီး သူတို့ကတောက်လျောက် ဖိတိုက်လာတော့ ဒီဘက် တော်လှန်ရေး တပ်ဖွဲ့တွေက အရေးမလှ ဖြစ်သွားတာ။

မေး။ ။ လက်ရှိမှာ ဒေသခံတွေ စစ်ရှောင်နေရတဲ့အခြေအနေကရော ဘယ်လိုရှိပါလဲ။ မြို့တွင်းကို ပြန်ဝင်လာနိုင်တဲ့ အခြေအနေမျိုးရောရှိပါလား။

ဖြေ။ ။ စစ်ရှောင်ပြည်သူများကတော့ အတော်ဒုက္ခရောက်နေကြတာပေါ့။ ခုက တစ်မြို့လုံး အပြင်ထွက်နေကြရတော့ အခက်အခဲများနေကြတာပေါ့။ စစ်ေ-ွး(စစ်ကောင်စီ)တွေက ပြန်ထိန်းပြီးတဲ့ နောက်ပိုင်းမှာ မြို့ကို မီးပတ်ရှို့နေတာဆိုတော့ တချို့ကလည်း ကိုယ့်အိမ်ပါ, မပါ သိချင်လို့ ပြန်ဝင်လာ ကြည့်ကြတာ။ အဲ့ဒါ သူတို့ (စစ်ကောင်စီ)နဲ့ တွေ့ပြီး ဖမ်းခံထားတာ တော်တော်များတယ်။ ဖမ်းထားတဲ့သူတွေရဲ့ သတင်းအစအနလည်း မကြားရဘူး။ အခုအခြေအနေက ဘာမှန်းမသိသေးတော့ သတင်းတွေလည်း သေချာ စုံစမ်းလို့မရဘူး ဖြစ်နေတာပေါ့။

မေး။ ။ ကောလင်းမြို့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများဖြည့်ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်နေပါတယ်။ ကောလင်းကို တော်လှန်ရေးတပ်တွေက ထိန်းနိုင်ခဲ့တယ် ဆိုပေမယ့် သူ့ဘေးက ဝန်းသို၊ ကိုးတောင်ဘို့၊ ကန့်ဘလူ အဲ့ဒီနေရာတွေမှာ စစ်တပ်က အထိုင်တပ်တွေရှိပြီး အင်အားဖြည့်တင်းတာတွေ လုပ်နေတာ။ နောက်ပြီး တိုက်တဲ့အထဲမှာ ပျူစောထီးအင်အားတွေလည်း ပါတယ်။ သူတို့က တိုက်တော့လည်း အင်အားအလုံးအရင်းနဲ့ကို အင်တိုက်အားတိုက် တိုက်ကြတာ။ ဒါကြောင့် ပြန်ပြီး လက်လွှတ်လိုက်ရတာပေါ့ဗျာ။ နောက်ပြီး ဒါက NUG ရဲ့ ပထမဆုံး ထိန်းချုပ်နယ်မြေလည်းဖြစ်တော့ သူတို့ (စစ်ကောင်စီ) ဘက်က မရရအောင် ပြန်ယူတဲ့သဘောပေါ့။ စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ ထိုးစစ်ကို ကာကွယ်ရေး တပ်တွေက အကောင်းဆုံး ခုခံတိုက်ခိုက်ခဲ့တာပါ။ ရဲဘော်တွေက တာဝန်ကျေတာထက်ကို ပိုပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here