“ပိတ်မိတဲ့အရပ်သားတွေတော့ ရှိသေးတယ်။ တချို့ဖုန်းရတာက ဝင်လာတာနဲ့ အဆက်အသွယ်မရလို့ ရှာပေးပါအုံးတို့ ဘာတို့နဲ့ ကျနော့်ကိုဆက်သွယ်တာပဲ ၁၀၀ ကျော်လောက် ရှိနိုင်တယ်။ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ ပျောက်နေတယ် ဆိုတာမျိုးပေါ့” မိုးမိတ်စစ်ရှောင်တစ်ဦး

0
305
ပုံစာ - တိုက်ပွဲကြားက မိုးမိတ်မြို့မြင်ကွင်းတချို့။

မိုးမိတ်မြို့တိုက်ပွဲအတွင်း မြေပြင်အခြေအနေ၊ မြို့တွင်းပျက်စီးဆုံးရှုံးမှု၊ ထိခိုက်သေဆုံးမှုတွေနှင့် ပတ်သက်ပြီး မိုးမိတ်စစ်ရှောင်အမျိုးသားတစ်ယောက်နှင့် ဆက်သွယ်မေးမြန်းချက်။

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တပ်ပြန်ဆုတ်သွားပြီဖြစ်လို့ စစ်ကောင်စီတပ်က မြို့တွင်းကို ပြန်လည် ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါသည်။

လက်ရှိ မိုးမိတ်မြို့ မြေပြင်အခြေအနေအသေးစိတ်နှင့် မြို့တွင်းပျက်စီးဆုံးရှုံးမှု၊ ထိခိုက်သေဆုံးမှုတွေအကြောင်းကို မိုးမိတ်စစ်ရှောင်အမျိုးသားတစ်ယောက်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မိုးမိတ်က နောက်ဆုံးအခြေအနေ၊ လတ်တလောအခြေအနေတွေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လတ်တလောက ဟိုဘက်အဖွဲ့အစည်းက ပြန်ဆုတ်သွားတယ်လို့ပြောတယ်။ အဲ့ဒါပြီးတော့ တပ်က အုန်းတောရွာသစ်မှာ ထိုင်တယ်လို့ ပြောတယ်ဗျ။ မြို့ထဲ ရှင်းလင်းရေးတွေလုပ်တယ်လို့ သတင်းရပါတယ်ဗျ။

မေး။ ။ ဘယ်ရွာမှာ ထိုင်တာလဲ၊ သူကျတော့ မြို့နဲ့ဘယ်လောက်ဝေးလဲ။

ဖြေ။ ။ ဟုတ် အုန်းတောရွာသစ်မှာပါ။ သူကသွားရင် အုန်းတောရွာသစ်ဆိုရင် တစ်မိုင်တောင်မရှိဘူး။ ၇ မိုင် လောက်ပဲကွာတာ မြို့နဲ့က။ အဲ့ဘက်မှာက မိုးမိတ်တမြို့နယ်လုံးကိုပေးတဲ့ MPT တာဝါတိုင်ထောင်ထားတာ။

မေး။ ။ ဆိုတော့ အဲဒီရွာကုန်းပေါ်မှာထိုင်ထားတာပေါ့ အဲ့လိုလား။

ဖြေ။ ။ ဟုတ် မြို့ရှောင်လမ်းကို သွားတဲ့လမ်းဘက်ကိုလည်း ထိန်းထားတယ်။ မြို့ထဲကိုဝင်တဲ့လမ်းကို အရင်က KIA တို့ ဘာတို့က ပေးဝင်တယ်။ အခုက ပေးမဝင်တော့ဘူး။ အခု စစ်တပ်က အဲ့ဒီပတ်ပတ်လည်ကို​ ထိန်းချုပ် ထားတာ။ မြို့ခံတစ်ယောက်နဲ့ နောက်ဆုံးဖုန်းရတဲ့အချိန်ပြောတာက အခုက ပေးမဝင်ဘူးတဲ့ဗျ။

မေး။ ။ ဒါဆိုရင် အခုက မြို့အဝင်အထွက်တွေကိုပိတ်ထားပြီး မြို့ထဲကို ပေးမဝင်တဲ့သဘောမျိုးလား။ ဘာကြောင့် ပေးမဝင်တာလဲရှင့်။

ဖြေ။ ။ ဘာလို့ ပေးမဝင်တာလဲဆိုတာမျိုးတော့ မပြောတတ်ဘူး။ စစ်တပ်ဘက်က ပြောတာက ဗုံးတွေဘာတွေရှိလို့ ထောင်ထားခဲ့မှာစိုးလို့ ပြည်သူတွေထိမှာစိုးလို့ အဲ့လိုပြောတာပေါ့ဗျာ။ ပြည်သူတွေ ပြောတာကတော့ ခွေးသူခိုးတွေကြီးပဲတဲ့။ အထဲမှာ သူတို့ပဲရှိတော့ လုပ်ချင်တာလုပ်လို့ရတယ်လေ။ အထဲက ပစ္စည်းတွေဖောက်ခံရတာ၊ ခိုးခံရတာတွေ ထော်လာဂျီတွေနဲ့ တိုက်ပြီးတော့ကိုယူတာတဲ့။ အောင်ဇော်နိုင် ဆိုင်ကယ်ဆိုင်က ဆိုင်ကယ်တွေကိုလည်း တစ်စီးပြီးတစ်စီး ယူတယ်လို့ ပြောနေကြတယ်။ ကိုယ်တိုင်တော့ မတွေ့သေးဘူးပေါ့ဗျ။

မေး။ ။ နောက်တခုကလေ တိုက်ပွဲတွေဖြစ်နေတုန်းကလည်း အထဲမှာပိတ်မိနေတဲ့ ပြည်သူတွေရှိခဲ့တော့ အခုရော သူတို့ရဲ့အခြေအနေက ဘယ်လိုလဲ။ အဆက်အသွယ်ရလား။

ဖြေ။ ။ အဆက်အသွယ်လေးရလိုက်တာက ဘယ်တွေကိုဆက်သွားရမလဲ၊ မြို့ထဲလည်း ဝင်မရဘူး။ အဲ့လိုမျိုးတွေ ဆက်သွယ်လာတာရှိတယ်။ တချို့လည်း ပိတ်မိနေသေးတယ်။

မေး။ ။ လောလောဆယ် KIA က တပ်ဆုတ်သွားတယ်ဆိုတော့ ဘယ်နှစ်ရက်လောက်ရှိပြီလဲ။

ဖြေ။ ။ ၂၇ ရက်နေ့က စပြီး ဆုတ်သွားတယ်လို့ကြားတယ်။ ဒေသခံတွေဆီက ပြောတာမဟုတ်ဘူး။ တဆင့်တဆင့်ကနေပဲ ကြားရတယ်။ မန်အုံတို့ ဘာတို့မှာတော့ ရှမ်းအဖွဲ့အစည်းတို့ ပလောင်တို့ ရှိအုံးမယ်။ အခုက အဝင်နဲ့ အထွက်က မရသေးဘူး။

မေး။ ။ မြို့တွင်းကပျက်စီးမှုပေါ့၊ ဘယ်လောက်လောက်ရှိလဲ။ အခုပျက်စီးသွားတာရော မိုးမိတ်မြို့ပေါ်က အိမ်တွေလား။

ဖြေ။ ။ တန်ဖိုးက မနည်းဘူးနော်။ အိမ်တစ်အိမ်ရဲ့တန်ဖိုးက သိန်းတစ်ထောင်ပဲ ထားလိုက်အုံး။ အိမ်က အများကြီးလေ။ အိမ်တန်ဖိုးပဲပြောတာ ပစ္စည်းတန်ဖိုးမတွက်ရသေးဘူး။ အကြမ်းဖျင်းတွက်ရင်တော့ ၁၀ ပုံ ပုံရင် ၈ ပုံလောက် ပျက်စီးသွားတယ်လို့ ပြောရတယ်။ အိမ်တွေက မြို့ပေါ်ကလည်းများတယ်။ အိမ်မီးလောင်တာတွေ လည်းထပ်ရှိသေးတယ်။ အဲ့က လူတွေပြောတာက စစ်တပ်ကရှို့တယ်လို့ ပြောကြတာဗျ။

မေး။ ။ အရပ်သားသေဆုံးမှုက အစောပိုင်းတော့ အယောက် ၄၀ လောက် သင်္ဂြိုလ်ပေးထားရတယ်လို့ သိထားတယ်။ နောက်ပိုင်းအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ထပ်ကြားရတာကတော့ သင်္ဂြိုလ်ပြီးနောက်ပိုင်းကိုက ကျနော်တို့ဆရာမကြီးအပါ မိန်းကလေး ၃ ဦး ယောက်ကျားလေး ၅ ဦး၊ မကျည်းပင်ဘက်လည်း ၄ ဦး အသတ်ခံရတယ်လို့ ပြောတယ်။ ရွှေဇာလီဘက်မှာလည်း အသတ်ခံရတာ ရှိတယ်တဲ့။ အခုကဖုန်းလိုင်းတွေကလည်း မရသေးတော့ သေချာမမေးရသေးဘူးဗျ။ မြစ်ဆုံဘက်ခြမ်းကို မေးရင်တော့ ခိုင်ခိုင်မာမာ အချက်အလက်ရနိုင်တယ်။

မေး။ ။ အခုရော ပိတ်မိတဲ့အရပ်သားတွေ ကျန်သေးလား။

ဖြေ။ ။ ပိတ်မိတဲ့အရပ်သားတွေတော့ ရှိသေးတယ်။ တချို့ဖုန်းရတာက ဝင်လာတာနဲ့ အဆက်အသွယ်မရလို့ ရှာပေးပါအုံးတို့ ဘာတို့နဲ့ ကျနော့်ကိုဆက်သွယ်တာပဲ ၁၀၀ ကျော်လောက် ရှိနိုင်တယ်။ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ ပျောက်နေတယ် ဆိုတာမျိုးပေါ့။ မြို့ထဲမှာ ကျန်ခဲ့တာလား၊ ဘယ်ကိုရောက်နေတာလဲ မသိတာမျိုး တွေပေါ့။ ၂၀ ရက်နေ့အထိက အဆက်အသွယ်တွေ ရသေးတယ်။ ၂၁ ရက်နေ့စပြီး ဖုန်းလိုင်းတွေ ဖြတ်လိုက်တော့ အဆက်အသွယ်တွေက မရတော့ဘူး။ တချို့လည်း လွတ်ရာကျွတ်ရာကို ရှောင်ကြပေါ့။ ဖုန်းအဆက်အသွယ် ရရင်တော့ ကယ်ပေးတာ သွားခေါ်ပေးတာမျိုးတွေတော့ ရှိတာပေါ့ဗျာ။

မေး။ ။ လက်ရှိမှာ စစ်တပ်က မိုးမိတ်ကိုထိန်းချုပ်ထားတဲ့ အခြေအနေနဲ့ စစ်တပ်စခန်းတွေရော ဘယ်နှစ်ခုလောက် ကျန်နေသေးလဲ။

ဖြေ။ ။ လက်ရှိက တပ်ဖက်ကလုံခြုံရေးအရ အကုန်လုံးထိန်းချုပ်ထားနိုင်တယ်လို့ ပြောတာပေါ့နော်။ ဒါပေမယ့် မြို့ပတ်ပတ်လည်မှာတော့ မထိန်းချုပ်နိုင်လောက်ဘူး။ သူတို့သွားလို့ရမှာ မဟုတ်ဘူး။ ဒီသဲနီကုန်းလောက် အထိပဲ ပြန်ရမယ်ထင်တယ်။ သဲနီကုန်းဆိုတာ နမိတ်ချောင်းရဲ့တဖက်ပေါ့ဗျာ။ သဲနီကုန်းကနေ ဆိုရင်တော့ ရလောက်တယ်။ ကျန်တဲ့ကုန်းတွေကတော့ မဖြစ်နိုင်ဘူး။ စစ်တပ်က လက်လွတ်ထားရတာများနေပြီ။ အဲ့ကုန်းတွေပါ စစ်တပ်က တကယ်ထိန်းနိုင်ပြီလား၊ မထိန်းနိုင်သေးဘူးလား သေချာတော့ မသိသေးဘူးဗျ။

မေး။ ။ အခုနောက်ဆုံးကျန်တဲ့ကုန်းကရော ဗျူဟာကုန်းလို့ ပြောလို့ရလား။ ဘယ်တပ်ရင်းတွေ ထိုင်လဲ။

ဖြေ။ ။ ဗျူဟာကုန်းကတော့ မြို့နဲ့ ၃ မိုင်ဝန်းကျင်လောက်ကွာတယ်။ ကျနော်တို့ ညောင်ပင်စောင့်၊ ညောင်ပင်စောင့်ကျော်ပြီးရင် ၂၂၃ ပေါ့ဗျာ။ အဲ့ဒီရဲ့ တွင်းငယ်သွားတဲ့လမ်းရယ်၊ မိုးကုတ်သွားတဲ့လမ်းရယ်၊ အဲ့မှာ ၂၂၃ လမ်းတလျှောက်၊ အဲ့ဘက်မှာ ကတုတ်ကျင်းတွေနဲ့ အကုန်လုံးဆောက်ထားတာ။ ၂၂၃ တို့ ၂၇၆ တို့ ၃၄၈ တို့ ကလည်း ပြောရမယ်ဆိုရင်တော့ အင်အားတော့မလောက်ဘူးပေါ့။ ဒါပေမယ့် တခြားတပ်အကူတွေ ရောက်တယ်လို့တော့ သတင်းကြားတယ်ဗျ။ ဒေသခံတပ်တွေကတော့ မလုပ်ဘူး။ တခြားရောက်လာတဲ့ တပ်တွေကတော့ ကြားတဲ့အတိုင်းပဲ လမ်းမှာတွေ့ရင် ဖုန်းပါရင်ဖုန်းယူတယ်။ ရွှေတွေ့ရင် ရွှေယူတယ်။ ငွေတွေ့ရင် ငွေယူတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ၊ သူတို့ရဲ့အခုလက်ရှိ အထိုင်ချထားတဲ့ပုံစံကို ပြောမယ်ဆိုရင် ဘယ်လို ပြောပြလို့ရပါလဲ။ မြို့အထွက်တွေမှာပဲလား။

ဖြေ။ ။ ထင်တာကတော့ မြို့ဝင်တဲ့နေရာလောက်တွေမှာ စစ်တပ်က ထိန်းချုပ်ထားလောက်ပြီ။ မသိနိုင်သေးတာက ခရိုင်မီးသတ်တို့၊ ခရိုင်ထွေအုပ်တို့ကြတော့ အရင်တုန်းက ပလောင်တပ်ဖွဲ့တွေက သိမ်းထားတာလေ။ အဲ့ဘက်လမ်းတွေကို အခု စစ်တပ်ကထိန်းနိုင်ပြီလား၊ မထိန်းနိုင်သေးဘူးလားဆိုတာတော့ မပြောတတ်သေးဘူးဗျ။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here