1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီတိုင်းပြည်ကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကယ်တင်တဲ့နေရာမှာလည်း လူငယ်ရဲ့အခန်းကဏ္ဍက သိပ်ကို အရေးကြီးတယ်။ သိပ်ကိုအရေးကြီးလို့ပဲ အခုတစ်နိုင်ငံလုံးကိုကြည့်ရင် စစ်ကောင်စီကိုတိုက်နေတဲ့လူတွေက အများအားဖြင့် လူငယ်တွေရဲ့ဦးဆောင်မှုပဲပေါ့နော။ အဲတော့...

“ဒီတိုင်းပြည်ကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကယ်တင်တဲ့နေရာမှာလည်း လူငယ်ရဲ့အခန်းကဏ္ဍက သိပ်ကို အရေးကြီးတယ်။ သိပ်ကိုအရေးကြီးလို့ပဲ အခုတစ်နိုင်ငံလုံးကိုကြည့်ရင် စစ်ကောင်စီကိုတိုက်နေတဲ့လူတွေက အများအားဖြင့် လူငယ်တွေရဲ့ဦးဆောင်မှုပဲပေါ့နော။ အဲတော့ ဘယ်လောက်အရေးကြီးလဲဆို လူငယ်ရဲ့ဦးဆောင်မှု က လက်ရှိသာဓကကို ကျနောတို့ကြည့်ပြီးတော့ ပြောလို့ရနိုင်ပါတယ်” ဌာနမှူးကြီး ခွန်းသောမတ်စ်/ IEC လူငယ်ရေးရာဌာန

IEC လူငယ်ရေးရာဌာန ဖွဲ့စည်းရသည့်ရည်ရွယ်ချက်၊ မူဝါဒတွေရေးဆွဲမှု၊ လူငယ်များ၏ပါဝင်မှု၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်တို့နှင့်ပတ်သက်ပြီး IEC, လူငယ်ရေးရာဌာန၏ ဌာနမှူးကြီးခွန်းသောမတ်စ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်တွင်းက ပညာရေးအခွင့်အလမ်း မရရှိကြသည့်လူငယ်များနှင့် မူးယစ်ဆေးဝါးနွံထဲ နစ်နေသည့် လူငယ်များ၏ လိုအပ်ချက်တို့ကို ဝန်ဆောင်မှုပေးနိုင်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လူငယ်ရေးရာဌာနကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာထုတ်ပြန်ခဲ့ပါသည်။

ကြားကာလအခြေအနေတွင် လူငယ်နှင့် ပြန်လည်ထူထောင်ရေး၊ အားကစား၊ မူးယစ်ဆေးဝါး အသိပညာပေးခြင်း ၊ ပညာရေးစင်တာအပြင် တခြားသော မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဟု လူငယ်ရေးရာဌာန တာဝန်ရှိသူတို့ပြောဆိုမှုအရ သိရသည်။

IEC လူငယ်ရေးရာဌာနဖွဲ့စည်းရသည့် ရည်ရွယ်ချက်၊ မူဝါဒတွေရေးဆွဲမှု၊ လူငယ်များ၏ ပါဝင်မှု၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်တို့နှင့် ပတ်သက်ပြီး IEC, လူငယ်ရေးရာဌာန၏ ဌာနမှူးကြီးခွန်းသောမတ်စ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ IEC ကနေ လူငယ်ရေးရာဌာနကို ဖွဲ့စည်းဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ အဓိက ကတော့ အစိုးရဌာနမှာ ဌာနခွဲလေးတခုတော့ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော၊ အဲဒီဌာန မြောက်မြားစွာရှိတဲ့ထဲမှာ ဆယ့်နှစ်ခုမြောက်ကတော့ လူငယ်ရေးရာဌာနဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ ဘာလို့ဖွဲ့စည်းထားလဲ ပြောရင်တော့ အဓိကဒီကြားကာလမှာ ကျနော်တို့ဒီပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ပေါ့နော။ ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ ဒီကာလမှာဖွဲ့ကြရတယ်ပေါ့နော။

လူငယ်တွေရဲ့လိုအပ်ချက်လို့ပြောတဲ့နေရာမှာ များတယ်ပေါ့နော၊ ကျနော်တို့လူငယ်တွေနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ လူငယ်နဲ့အားကစားကဏ္ဍတွေမှာ၊ လူငယ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေမှာ ဘယ်လို ပြောရမလဲ တခြားသက်ဆိုင်တဲ့သူနဲ့ သက်ဆိုင်တဲ့အဖွဲ့စည်းနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့လူငယ်ရေးရာဌာနကို ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ ကျနော်ကအဲ့လိုသုံးသပ်တယ်။

မေး ။ ။ ဒီဌာနကနေပြီးတော့ အဓိက လူငယ်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာပါလဲ။

ဖြေ ။ ။ ကျနော်တို့ဒီဌာနကတော့ အဓိက ကျနော်တို့လုပ်မယ့်ထဲမှာတော့ နံပါတ် (၁) ကျနော်တို့လူငယ်နဲ့ ပြန်လည်ထူထောင်ရေးကိစ္စမှာ လုပ်ရမယ်၊ ဦးစားပေး ၁ ပေါ့။ နောက်တခုကတော့ ပြည်နယ်မှာရှိတဲ့ လူငယ်နဲ့ ကျနော်တို့ဒီဌာနကြားမှာ အချိတ်ဆက်မိမိလေးရှိအောင် ဒီမှာရှိတဲ့လူငယ်အသင်းဖွဲ့နဲ့ ကျနော်တို့အစိုးရဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ကျနော်တို့ အဓိကလုပ်ဆောင်သွားမယ်။

နောက်တခုကတော့ လူငယ်နဲ့အားကစားကဏ္ဍမှာလည်း ကျနော်တို့လျာထားတယ်။ အားကစား စိတ်ဓာတ်ရှိတဲ့ လူငယ်တွေ၊ အားကစားကို ဝါသနာပါတဲ့လူငယ်တွေကို ကျနော်တို့မြှင့်တင်ဖို့အစီစဉ်တွေ လုပ်ဆောင်ဖို့ ကျနော်တို့ စီစဉ်ထားတယ်။ နောက်တခုကတော့ ဘာဖြစ်မလဲဆိုရင် ဒီလူငယ်နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စမှာ အသိပညာပေးရေးကိစ္စတွေကို ကျနော်တို့အစိုးရဌာနကနေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ အဲ့လိုအကြမ်းဖျင်းပေါ့ နော ရည်မှန်းချက်ချထားတာရှိပါတယ်ဗျ။

မေး ။ ။ ဒီလူငယ်နဲ့မူးယစ်ဆေးဝါးကို ဘယ်လိုပုံစံနဲ့ကိုင်တွယ်မှာပါလဲ။ လူငယ်ရေးရာဌာနက အဓိက အဲ့အပိုင်းမှာ ဘယ်လိုမျိုးလုပ်ဆောင်သွားမှာပါလဲ။

ဖြေ ။ ။ အဓိက ကျနော်တို့ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာ နံပါတ် (၁) ကျနော်တို့ဒီပညာပေးတဲ့အစီစဉ်တွေ၊ ကျနော်တို့ပြည်နယ်တွင်း ပြည်နယ်တဝန်းလုံးကို ကျနော်တို့အဲဒါလုပ်ဆောင်ရမယ်။ နောက်တခုကတော့ ပညာတွေပေးတာစီစဉ်ပြီးပြီဆိုတာနဲ့ ကျနော်တို့ ဒီသုံးစွဲနေတဲ့လူတွေရှိရင်တော့ ကျနော်တို့အစိုးရဌာနမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ဌာနအနေနဲ့သာ ကူညီဆောင်ရွက်ပေးဖို့ အစီစဉ်ရှိတယ်ပေါ့။

နောက်တခုကတော့ ဘယ်လိုဖြစ်မလဲဆိုတော့ အသက်မပြည့်ဘဲနဲ့ သုံးစွဲနေတဲ့ကိစ္စတွေရှိတယ်။ အဲတော့ ထောင်ထဲကိုပို့ရမလား သို့မဟုတ်ရင် ကျနော်တို့ ဘယ်လိုအရေးယူကြမလဲဆိုတဲ့ကိစ္စကို ကျနော်တို့တိုင်ပင်ကြ တော့ အဓိက အသက်မပြည့်သေးတဲ့သူကို ကျနော်တို့စင်တာမှာ ထားရှိပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို ကျနော်တို့စိတ်ရောကိုယ်ရောပေါ့နော အဲလိုတွေ ကျနော်တို့ကောင်းကောင်းမွန်မွန်ဆောင်ရွက်သွားဖို့တော့ အစီစဉ်ရှိပါတယ်။

မေး ။ ။ လောင်းကစားနဲ့ပတ်သက်ပြီး လူငယ်တွေကို အရေးယူပေးမယ့် ပုံစံတို့၊ ပညာပေး ဒါမှမဟုတ် အစားထိုးလုပ်ငန်းတခုခု ပြန်လည်ထူထောင်ရေး အဲ့ဒါမျိုးတွေရော ဒီလူငယ်ရေးရာဌာနမှာ လုပ်ဆောင်ဖို့ရှိပါလား။

ဖြေ ။ ။ ကျနော်တို့အစိုးရဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ထုတ်ပြီးနောက်ပိုင်းမှာတော့ ဒါနည်းနည်းလျှော့လာတာတော့ တွေ့တယ်။ ဒါပေမဲ့ လုံးဝပပျောက်သွားတာမျိုးတော့ မဟုတ်သေးဘူးပေါ့နော။ တကယ်လို့ အဲ့လောင်းကစားနွံထဲ တကယ်နစ်နေတဲ့သူတွေ ရှိတယ်ဆိုရင်တော့ ကျနော်တို့က အဆင့်လိုက် ကိုင်တွယ်ဖြေရှင်းပြီးတော့ ကျနော်တို့ခုနကပြောတဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ကျနော်တို့ထည့်ပြီးတော့ အသိပညာပေးရေးကိစ္စတွေ၊ စိတ်ဓာတ်မြှင့်တင်ရေးကိစ္စတွေ၊ ဒီလောင်းကစားကို နွံနစ်မှာထက်စာရင်တော့ သူတို့ရဲ့ကိုယ်ပိုင်ချိန်ကိုယူပြီးတော့ အခြားသော အသိပညာဗဟုသုတ တိုးပွားစေတဲ့ကိစ္စရပ်တွေ၊ ကျနော်တို့ သင်ကြားဆောင်ရွက်အရေးယူမယ့် အစီစဉ်မျိုးကိုလည်း ကျနော်တို့လျာထားချက်တွေ ရှိပါတယ်။

အဲဒီမှာကတော့ ကျနော်တို့အခြားသောဌာနနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်ရဦးမယ်ပေါ့နော။ ကျနော်တို့ လူငယ်ရေးရာဌာနတခုတည်း အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေနေမျိုးတော့မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ IEC မှာရှိတဲ့ အစိုးရဌာနတွေနဲ့ အတူတူပဲပေါ့နော၊ ကျနော်တို့လူငယ်ရေးရာဌာနကလည်း ပူးပေါင်းပြီးတော့၊ ဝိုင်းပြီးတော့ လုပ်ဆောင်ဖို့တော့ ကျနော်တို့အစီစဉ်တွေ ချထားတာရှိပါတယ်။

မေး ။ ။ လူငယ်ရေးရာဌာနဆီကို ကိုယ်တိုင်လာရောက်တိုင်ကြားမှုတွေကိုရော ကူညီဆောင်ရွက်သွားမှာလား။

ဖြေ ။ ။ အဓိကတော့ နှစ်မျိုးနှစ်စားရှိမယ်ပေါ့နော။ ကျနော်တို့ကိုယ်တိုင်လည်း မြင်တွေ့နေရတဲ့အခြေနေမျိုး တွေရှိတယ်။ ခုနက မေးသလိုပေါ့ပဲနော၊ ဒီအခြေနေကို ကျနော်တို့တွေ့နေရတဲ့ဟာရှိတယ်။ နောက်တခုကတော့ ဒါကျနော်တို့ အဲဒီစင်တာတကယ်ပဲပြီးသွားပြီ၊ လုပ်ငန်းစဉ်တွေ တကယ်ပဲလုပ်တော့မယ်လို့ပြောရင် ခုန တိုင်ကြားနိုင်တဲ့ နေရာဆိုလည်း ကျနောတို့ဖွင့်ထားရမှာလည်း ဖြစ်သလို ကျနော်တို့ကိုယ်တိုင်ကလည်း လိုက်လံ စည်းရုံး လုပ်ဆောင်တဲ့ကိစ္စတွေ၊ အသိပညာပေးတဲ့ကိစ္စတွေ ဒါကျနော်တို့ လုပ်ဆောင်ဖို့ရှိပါတယ်။ အဲတော့ အချုပ်ပြောရရင် နှစ်ခုကိုတော့ ကျနော်တို့အမြဲတမ်းလမ်းဖွင့်ထား ဆောင်ရွက်လုပ်ဆောင်သွားမယ်ပေါ့။

မေး ။ ။ လူငယ်လို့ပြောရင် အသက်အရွယ်အပိုင်းအခြားကန့်သတ်ထားတာမျိုးရော ရှိပါလား။

ဖြေ ။ ။ ကျနော်တို့ကရင်နီပြည်ရဲ့ လူငယ်ရေးရာဌာနမူဝါဒမှာ ကျနော်တို့ထည့်ရေးထားတာကတော့ ဒီလိုပေါ့။ အသက် ၁၈ ကနေ ၃၅ ဆိုတော့ ဒီလူတွေကတော့ ဒါကလူငယ်လို့ မူဝါဒမှာအတိအလင်း ရေးဆွဲထားတာဖြစ်တဲ့ အတွက် ဒီအလုပ်လုပ်တဲ့ခါမျိုးမှာဆိုတော့ ဒါအသက် ၁၈ ကနေ ၁၆ ကနေပေါ့နော ကျနော်တို့ ၃၅ ထိပါ။

မေး ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲပါဝင်သွားတဲ့ လူငယ်တွေအတွက်ရော၊ ပြင်ပရောက် သွားတဲ့သူတွေအတွက်ရော IEC ရဲ့ဌာနမှာ သူတို့အတွက် တစုံတရာစီစဉ်ပေးတာမျိုးရှိပါလား။

ဖြေ ။ ။ ဒါက အတိအလင်းပြောထားပြီးသားပေါ့နော၊ ၁၆ ကနေ ၃၅ ဝန်းကျင်လောက်သည် လူငယ်တွေဖြစ်တဲ့ အတွက် ကျနော်တို့အစိုးရဌာနကနေ ချမှတ်တဲ့ မည့်သည့်အခွင့်ရေးမျိုးမဆို နိုင်ငံခြားမှာပဲရှိရှိ၊ ရဲဘော်မှာပဲရှိရှိ ပေါ့နော၊ ပြည်တွင်းမှာပဲ နေနေပေါ့နော၊ အားလုံးက အကျုံးဝင်တယ်ပေါ့နော။

ဆိုတော့ အပြစ်ပေးအရေးယူတဲ့အခါမျိုးဆိုရင်လည်း ဒီလူတွေကတော့ အကျုံးဝင်သွားမယ်ပေါ့နော။ အဲ့လို အခြေနေတော့ရှိတယ်။ ယနေ့ကျနော်တို့ ပြောနိုင်တာကတော့ အသက်အရွယ်ကြားထဲမှာရှိတဲ့လူအားလုံးသည် လူငယ်တွေဖြစ်တယ်ဆိုတာ ကျနော်တို့ပြောလို့ရပါတယ်။

မေး ။ ။ IEC မှာ လူငယ်ရဲ့ပါဝင်မှုအခန်းကဏ္ဍရော ဘယ်လောက်ရှိပါလဲ။ အဲ့ဒါကရော ဘယ်လောက် အရေးကြီးပါလဲ။

ဖြေ ။ ။ အစိုးရဌာနမှာလည်း ကျနော်တို့ကြည့်တဲ့အခါမှာ လူငယ်တော်တော်များများရှိတယ်။ တော်တော် များများပါတယ်ပေါ့နော။ ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် ဖြစ်တယ်။ အသက်ကြီးတဲ့လူတွေက နည်းနည်း ပါပဲ။ ပြည်နယ်အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဒါအားရစရာကောင်းတဲ့ ကိစ္စတခုလို့မြင်တယ်။ နောက်တခုက ဘယ်လောက်အရေးကြီးလဲဆိုတဲ့ကိစ္စက အင်မတန်အရေးကြီးပါတယ်။

ကျနော်တို့ ဒီတိုင်းပြည်ကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကယ်တင်တဲ့နေရာမှာလည်း လူငယ်ရဲ့အခန်းကဏ္ဍက သိပ်ကိုအရေးကြီးတယ်။ သိပ်ကိုအရေးကြီးလို့ပဲ အခုတစ်နိုင်ငံလုံးကိုကြည့်ရင် စစ်ကောင်စီကိုတိုက်နေတဲ့ လူတွေက အများအားဖြင့် လူငယ်တွေရဲ့ဦးဆောင်မှုပဲပေါ့နော။ အဲတော့ ဘယ်လောက်အရေးကြီးလဲဆို လူငယ်ရဲ့ ဦးဆောင်မှုက လက်ရှိသာဓကကိုကြည့်ပြီးတော့ ပြောလို့ရနိုင်ပါတယ်။

မေး ။ ။ IEC မှာ လူငယ်တွေရဲ့ပါဝင်မှုကလည်း အများကြီးရှိတယ်။ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာရော လူငယ်တွေအနေနဲ့ ဘယ်လောက်ရာခိုင်နှုန်းထိ ဆုံးဖြတ်ချက်ချလို့ရနိုင်မယ်လို့ ထင်မြင်ပါလဲ။

ဖြေ ။ ။ ပြည်နယ်တခုလုံးကြည့်ရင်တော့ ဒါလက်ရှိသွားတဲ့အခါမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာ တော်တော်များများ လူငယ်တွေပဲချကြတာများပါတယ်။ ကျန်တဲ့လူကြီးတွေ ပစ်ပယ်ပြီးပြောတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တော်လှန်ရေးကဏ္ဍကိုကြည့်ရင်လည်း လူငယ်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီကိုတွန်းလှန်ရတဲ့ အနေထားမျိုးတွေရှိတယ်။ လူကြီးတွေရဲ့ ပံ့ပိုးမှုလည်းပါတယ်ပေါ့နော်၊ အခု တော်တော်များများ အစိုးရဌာနတွေမှာလည်း ကျနော်တို့ပြောတဲ့ လူတန်းစား၊ ခုနကျနော်ပြောတဲ့ အသက်ရွယ်က လူတွေပဲ ဆုံးဖြတ်ချက်ချတာရှိပါတယ်ပေါ့နော။

အခုကလည်း ပြည်နယ်ရဲ့ကြားကာလအစီမံတွေကိုလုပ်တဲ့အခါမျိုးမှာ မြန်မြန်ဆန်ဆန်သွားနိုင်တာကလည်း ဒီလူငယ်တွေကြောင့်ပဲ ဖြစ်တယ်လို့မြင်တယ်၊ တွေ့လည်းတွေ့တယ်ပေါ့နော။ တကယ်လို့သာ ဒီအခြေနေမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့လူငယ်တွေ အဲဒီထဲမှာမရှိနေဘူးဆိုရင်တော့ ပြည်နယ်ကလည်း ဘယ်ကိုဦးတည်ပြီး ဘယ်ကိုရွှေ့ရမလဲတော့ အခုလိုမျိုး ရှင်းရှင်းလင်းလင်းသိရမှာမဟုတ်ဘူးပေါ့နော။ ကျနော်တို့ လူငယ်တွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ လျင်လျင်မြန်မြန်နဲ့သွားကြတယ်လို့ပဲ ကျနော်ပြောနိုင်တယ်။

မေး ။ ။ တော်လှန်ရေးကာလမှာ ကျောင်းမတက်နိုင်တော့တဲ့လူငယ်တွေကို အသက်မွေးဝမ်းကြောင်းဖြစ်ဖြစ်၊ သူတို့ဝါသနာပါရာဖြစ်ဖြစ် IEC ရဲ့လူငယ်ရေးရာဌာနက စီစဉ်ပေးတာမျိုးရောရှိပါလား။

ဖြေ ။ ။ ရှိမယ်။ အဲဒါကတော့ ကျနော်တို့လုပ်ငန်းစဉ်ထဲမှာလည်း ရေးဆွဲထားတယ်ပေါ့နော။ အာဏာသိမ်းပြီး မှလည်း မဟုတ်ဘူးပေါ့နော၊ အာဏာမသိမ်းခင်က Covid ဖြစ်တုန်းကလည်း ကျောင်းဆက်မနေလိုက်ရတဲ့ လူငယ်တွေ ခပ်များများရှိတယ်ပေါ့နော။ အဲဒီကနေစပြီးတော့ ကျနော်တို့တွက်ရမှာဖြစ်တယ်။ လေးနှစ်တင် မကတော့ဘူး ငါးနှစ်၊ ခြောက်နှစ်လောက် ရှိနေပြီ။ ဆိုတော့ အဲဒီလိုလူတွေက ရဲဘော်မှာလည်းမရှိနေဘူး၊ ပညာကို လည်း ဆုံးခမ်းတိုင်အောင်မသင်ကြားဘူး။ ဟိုယောင်ဒီယောင်နဲ့ပေါ့နော။

ကျနော်တို့အဲလိုတွေလည်း ကျနော်တို့ပြည်နယ်မှာ အများကြီးတွေ့ရတယ်။ အဲ့ဒီလိုလူတွေအတွက်လည်း အထူးအစီမံတွေလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီအထူးစီမံလုပ်တယ်ဆိုတဲ့ကိစ္စမှာက အခုအသေးစိတ်တော့ ပြောလို့ မရသေးဘူးပေါ့နော။ ဒါပေမဲ့ ကျနော်တို့ဌာနက တကယ်အထိုင်ကျသွားပြီ၊ စနစ်တကျရှိပြီဆိုမှ အဲဒါတွေကို တဖြည်းဖြည်းလုပ်သွားမယ်တော့ ကျနော်ရဲရဲပြောနိုင်ပါတယ်။

မေး ။ ။ ဒီလူငယ်ရေးရာဌာနက ဖွဲ့ထားတာလည်းမကြာသေးဘူးဆိုတော့ လက်ရှိမှာဌာနကဘယ်လိုမျိုး လုပ်ငန်းလည်ပတ်နေပါလဲ။

ဖြေ ။ ။ ကျနော်တို့အခု အကုန်လုံးမလုပ်နိုင်ကြသေးဘူးပေါ့နော။ ဒီမှာတာဝန်ယူရတဲ့လူတွေကလည်း ယခင်က လုပ်ခဲ့တဲ့ အလုပ်ဟောင်းတွေပြန်လွှဲရတဲ့ အစီစဉ်လည်းရှိသေးတယ်။ နောက်တခုကတော့ အခုလိုပဲပေါ့နော၊ IEC က ကျနော်တို့ဦးစီးဦးဆောင်ဆီကနေ ချမှတ်တဲ့ဟာ ကျနော်တို့ရဲ့မူဝါဒတွေကို လုပ်ငန်းလမ်းညွှန်တွေကို သေချာ ရေးနေတဲ့အစီစဉ်မျိုး ရှိတယ်။ လောလောဆယ်ကတော့ ဒါကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့မူဝါဒကိစ္စတွေ ကျနော်တို့ပြင်ဆင်နေကြတုန်း အခြေနေပဲရှိပါသေးတယ်။

မေး ။ ။ မူဝါဒတွေရေးဆွဲမှုအပိုင်းမှာရော ဘယ်လိုအခြေအနေ၊ အအခက်ခဲ၊ စိန်ခေါ်ချက်တွေရှိပါလဲ။

ဖြေ ။ ။ စိန်ခေါ်မှုတွေ တော်တော်များတယ်။ ဒါကကျနော်တို့ ကျွမ်းကျင်တဲ့ဘာသာရပ်လည်း မဟုတ်ဘူး။ အစိုးရဌာနလုပ်ရတယ်ဆိုတဲ့ကိစ္စမျိုးမှာ ကျနော်တို့ပိုပြီးတော့ လေ့လာရတယ်ပေါ့လေ။ ပိုပြီးတော့ လုပ်ရင်းနဲ့ ဒီနည်းနဲ့သွားနေတုန်းမှာပဲ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း ဒီအခက်ခဲတွေ ကျနော်တို့ အကောင်းဆုံး ကျော်လွှားနိုင်ကြဖို့အတွက်လည်း ကျနာ်တို့ဌာနမှူးလေးယောက်ကတော့ နေ့စဉ်နဲ့ဝိုင်းပြီးတော့ ထိုင်ကြတဲ့အခြေနေမျိုုးပါပဲ။

မေး ။ ။ ဌာနမှူးတယောက်အနေနဲ့ ကရင်နီပြည်ကလူငယ်တွေကို အသိပေးချင်တဲ့အရာတွေ ရှိပါလား။ ဘာပြောဆိုချင်တာ ရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့ ဒီလူငယ်တွေကိုတာဝန်ယူရတဲ့အခါမျိုးမှာ အသိပညာတွေ အရမ်းကြွယ်ဝနေလို့တော့ မဟုတ်ဘူး။ ကျနော်တို့မှာ လိုအပ်ချက်တွေရှိတယ်။ ကျနော်တို့ဌာနကလည်း အသေးပဲရှိတာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီ အကြံပေးကြဖို့လည်း လိုအပ်တယ်။ ဝိုင်းပြီးတော့ ကျနော်တို့လုပ်ငန်းစဉ်မှာ ဝိုင်းပါဖို့တော့လိုတယ်။ အရည်ချင်းရှိတဲ့ ဘယ်လူငယ်မဆို ကျနော်တို့ဌာနမှာ လာပြီးတော့ တာဝန်ယူလို့ရတယ် အလုပ်လုပ်လို့ရတယ် ဆိုတဲ့အကြောင်းလေး ပြောပြချင်ပါတယ်။ ကျနော်တို့ ဒီကနေတဆင့်ပေါ့နော၊ ကျနော်တို့ဆင်နွဲနေတဲ့ တော်လှန်ရေးကလည်း ပြိုင်တူသွားနေတာ ဖြစ်တဲ့အတွက် ကိုယ်ကျရာတာဝန်၊ ကိုယ်ကျရာနေရာမှာလည်း ကျနော်တို့ပြည်နယ်မှာရှိတဲ့ လူငယ်ထုတွေ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ ကျနော်တို့နောက်ပြန်လှည့်တဲ့ချိန် ဒီလိုမျိုးတွေ မရှိဖို့ပေါ့နော။

ဒီထက်ပိုပြီးတော့ စိတ်ဓာတ်သစ်၊ ခွန်အားသစ်တွေ ထပ်လောင်းကြဖို့လိုတယ်ပေါ့နော။ နောက်တခုကတော့ ကျနော်တို့ အဓိကဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကလည်း အင်အားလျော့နည်းနေတဲ့ အခြေနေမျိုးမှာ ကျနော်တို့ ဒီခြေနေတွေကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုတယ်ပေါ့နော။ အချုပ်ပြောရရင်တော့ ကျနော်တို့ လိုအပ်ချက်တွေရှိမယ်၊ ကျနော်တို့အလုပ်မှာ ဝိုင်းပြီးတော့ကူကြဖို့လည်း ကျနော်တပါတည်း တောင်းဆိုချင်တယ်။ လိုအပ်တဲ့အရာတွေကိုလည်း ကျနော်တို့ အမြဲတမ်းနားစွင့်နေတယ်။ ဝိုင်းပြီးတော့ ဒီအစိုးရဌာနတခုကို မပံ့ပိုး ကြဘူးဆိုရင်လည်း ကျနော်တို့ရေရှည်ရပ်တည်နိုင်ကြမှာ မဟုတ်ဘူး။ ဝိုင်းပြီးတော့ တာဝန်ခံပေးကြဖို့၊ ဝိုင်းပြီးတော့ ကူပေးကြဖို့၊ ဝိုင်းပြီးတော့ ထောက်ရှု့ကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်။

မကြာခင်မှာ ကျနော်တို့တော်လှန်ရေးကလည်း ဒီထက်ပိုအဆင့်မြှင့်တဲ့တော်လှန်ရေးတခု ကျနော်တို့ရောက်မယ်။ အောင်နိုင်မှု အမြန်ဆုံးရတဲ့နည်းလမ်းနဲ့ သွားနေကြတဲ့အချိန်ဖြစ်တဲ့အတွက် အချင်းချင်းစည်းလုံးနေကြဖို့လိုတယ်။ ဒီအစိုးရလုပ်ငန်းတာဝန်တွေမှာလည်း ကျနော်တို့လူငယ်တွေ လုပ်ချင်တယ်၊ ကိုင်ချင်တယ်ဆိုရင်တော့ ဘယ်ဌာန မှာမဆို လာရောက်ပူးပေါင်းဆောင်ရွက်လို့ ရတယ်ဆိုတဲ့အကြောင်း ကျနော်ပြောပြချင်တယ်။ နောက်ဆုံး တခုကတော့ ကျနော်တို့ရဲ့မျှော်မှန်းချက်က ဘာဖြစ်မလဲဆို ကျနော်တို့ဒီပြည်နယ်ကို ဒီကြားကာလ အစီမံကနေ တဆင့် အသွင်ကူးပြောင်းနိုင်တဲ့အခြေအနေထိ ခိုင်မာတဲ့အစိုးရတရပ် ပေါ်ပေါက်ဖို့အတွက်လည်း ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားနေကြတဲ့အချိန်ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေနိုင်ပါတယ်။

အဲတော့ လူထုတွေကလည်း ဒါရှင်းရှင်းလင်းလင်း ဝေဖန်ကြဖို့လိုတယ်။ ထောက်ပြကြဖို့လိုတယ်။ ကျနော်တို့ ဒီအစိုးရမှာရှိတယ်ဆိုပေမဲ့လည်း ဒါလူထုက ထောက်ခံမှုမရှိဘူးဆိုရင်တော့ ကျနော်တို့ဘာမှလုပ်နိုင်ကြမယ့် အခြေနေမျိုး မဟုတ်ဘူးပေါ့နော။ အဲတော့အားလုံးဝိုင်းပြီးတော့ အကြံပေးပြီးတော့ ဒီအစိုးရရဲ့အလုပ် ဒီထက် ပိုမြန်ဆန်သွားအောင်၊ ဒီထက်ပိုကောင်းမွန်သွားအောင်၊ ဒီထက်ပိုသဟဇာတဖြစ်အောင်၊ လူထုကိုယ်တိုင်ကလဲ ဝိုင်းပြီးတော့ အားပေးကြဖို့လည်း ကျနော့်အနေနဲ့ အထူးတလည်တိုက်တွန်းချင်တာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။