“စကစကနေပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လို့၊ စတင်ပစ်ခတ်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာပေါ့။ သူတို့က ထိုးစစ်ဆင်မှုများရင်လည်း တိုက်ပွဲကပိုများမယ်” ဒုတိယဗိုလ်မှူးကြီးတားအိုက်ကျော်(TNLA ပြောရေးဆိုခွင့်ရှိသူ)

0
454
ပုံစာ - TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးတားအိုက်ကျော်။

စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား ထိတွေ့ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးတားအိုက်ကျော်နဲ့ အမေးအဖြေ။

သျှမ်းပြည်၊ မူဆယ်ခရိုင်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ယနေ့(စက်တင်ဘာ ၁ ရက်) အချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအနီးမှာ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီ ဘက်က လက်နက်ကြီး၊ လက်နက်ငယ် အသုံးပြု တိုက်ခိုက်မှုအပြင် စစ်ရဟတ်ယာဉ်နဲ့လည်း လေကြောင်း တိုက်ခိုက်မှုပါ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးရတာနဲ့ နေအိမ်တွေ ထိခိုက် ပျက်စီးတာလည်း ရှိနေပါတယ်။

ဒီလိုထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်တိုင်း စစ်ကောင်စီဘက်က ဘာကြောင့် စစ်ရဟတ်ယာဉ်နဲ့ လေကြောင်းစစ်ကူ တိုက်ခတ်မှုတွေပါ အသုံးပြုတာပါလဲ။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား ထိတွေ့ ပစ်ခတ်မှုတွေက ဘာကြောင့် ဖြစ်တာပါလဲ၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်မလားဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးတားအိုက်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုတလော သျှမ်းမြောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ရဲ့ ထိတွေ့တိုက်ပွဲ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့။ အဓိကဖြစ်တဲ့ နေရာကတော့ မူဆယ်မြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အဖြစ်များတယ်။ ဒီ သြဂုတ်လအတွင်းမှာ တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ပွားခဲ့တယ်။ မနေ့ကလည်း နမ့်ဖတ်ကာဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်။ မူဆယ်ဘက်မှာလည်း စစ်ရေးတင်းမာခဲ့တယ်။

မေး။ ။ အခုလိုမျိုး ထိတွေ့တိုက်ပွဲတွေ များလာတဲ့အကြောင်းရင်းကိုရော ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လို ပြောဆိုချင်ပါလဲ။

ဖြေ။ ။ အဓိက ကတော့ စကစဘက် ထိုးစစ်ဆင်တိုက်ခိုက်မှု ပိုမိုလုပ်လာတော့ တိုက်ပွဲကလည်း ပိုမိုပြင်းထန် လာတာပေါ့။ ပြီးခဲ့တဲ့ ၂၈၊ ၂၉ ရက်နေ့တုန်းက စကစ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ နမ့်ဖတ်ကာဘက်၊ ကွတ်ခိုင်ဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်လိုက်လို့ လူနေအိမ် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်။ စယ်လန့် ဘက်မှာလည်း အရပ်သားတွေ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သတင်း သိရတယ်။ အဓိက ကတော့ လက်နက်ကြီး ရန်ကြောက်လို့ပေါ့နော်။ တကယ့် တကယ်တော့ တိုက်ပွဲက ရွာထဲမှာ မဖြစ်ဘူး။ ဒါပေမဲ့လည်း ရွာထဲကို လက်နက်ကြီးတွေက ရွာထဲကျတော့ စစ်ရှောင်ထွက်ပြေးရတာပေါ့။

မေး။ ။ စယ်လန့်ဘက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်မှုလည်းရှိတော့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ထိခိုက်ကျဆုံးမှုကိုရော ပြောပြပေးလို့ရမလား။

ဖြေ။ ။ ထိခိုက်မှုအတိအကျတော့ ကျနော်တို့ မသိရသေးဘူး။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။

မေး။ ။ တအာင်းတပ်ဖွဲ့TNLA အနေနဲ့ စယ်လန့်ကျေးရွာဘက်ကို ဘယ်လိုလှုပ်ရှားဖြစ်ခဲ့လဲဆိုတာလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ဒါကိုပြောရမယ်ဆိုရင် တိုက်ပွဲစဖြစ်တုန်းက ကွတ်ခိုင်နဲ့မူဆယ်ကြားက ကွတ်ခိုင်အထက်နား ခိုမုန်းကျေးရွာနားမှာ တိုက်ပွဲတွေစတင်ပြီး ပြင်းထန်ခဲ့တာပေါ့နော်။ ဒီစယ်လန့်ဘက်မှာကိုတော့ အဲ့ဒီ ဘုရားတောင်ပေါ်ကနေ ကျနော်တို့ ရှိနေတယ် ဆိုပြီးတော့မှ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်တယ်။ အဲ့ဒီနေရာမှာ ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာလည်း မရှိခဲ့ဘူး။ စကစက တဖက်သတ်ပစ်ခတ်ခဲ့တာပေါ့။ ၁၀၅ မိုင်ကနေရော၊ လွယ်သလောက်တောင်က သူတို့ စခန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခဲ့တာ။ အဲ့ဘက်မှာက တိုက်ပွဲမဟုတ်ဘူး။

မေး။ ။ ဗိုလ်မှူးကြီးတို့ရဲ့ TNLA စစ်ကြောင်းက စယ်လန့်ကျေးရွာအုပ်စုထဲမှာ မရှိခဲ့ဘူးလို့ ဆိုလိုချင်တာ ပါလားရှင့်။

ဖြေ။ ။ ဟုတ်တယ်။ စယ်လန့်ကျေးရွာဘက်မှာ ကျနော်တို့ဘက်က ထိုးစစ်ဆင်တက်တာလည်း မသိဘူး။ ကျနော်တို့အဖွဲ့လည်း မရှိဘူး။ ကျနော်တို့အဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့တာလည်း မရှိတော့ တိုက်ပွဲမဟုတ်ဘူး။ တစ်ဖက်သတ်ပဲတိုက်ပွဲပဲ ဖြစ်ခဲ့တာ။ အဲ့ဘက်က ကျနော်တို့ သွားလာလှုပ်ရှားတဲ့ နယ်မြေဖြစ်တော့ သွားလာ လှုပ်ရှားမှုတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပြန်လည်ပစ်ခတ်ခဲ့တာ မရှိဘူး။

မေး ။ ။ သြဂုတ် ၂၉ ရက်က စယ်လန့်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်လို့ လက်နက်ကြီးကျတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောချင်ပါလဲရှင့်။

ဖြေ။ ။ အဲ့ဒီနေ့မှာက အဓိကက တိုက်ပွဲဖြစ်တာက ကွတ်ခိုင်မြို့နယ်အနီးက ခိုမုန်းကျေးရွာအနီးမှာ ဖြစ်တာပါ။ အဲ့ဒီတိုက်ပွဲမှာ သူတို့ကထိုးစစ်ဆင်ပြီး ကျနော်တို့က ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ စယ်လန့်ဘက် လွိုင်တေးမိန်းဘက်ဆိုတာကတော့ ကျနော်တို့တပ်ဖွဲ့ ရှိတော့ရှိတယ်။ ဒီ ၃ – ၄ ရက် အတွင်းမှာ စကစက လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာပေါ့။ ကျနော်တို့က ပြန်လည်ပစ်ခတ် တိုက်ခိုက်တာ တော့ မရှိဘူး။ ၂၉ ရက်နေ့ ညပိုင်းမှာတော့ စယ်လန့်နားက စခန်းမှာတော့ ကျနော်တို့ကနေပြီးတော့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်တာတော့ ရှိခဲ့တာပေါ့နော်။ အဲ့မှာတော့ သိပ်မကြာဘူး၊ ၁၀ မိနစ် – ၁၅ မိနစ် အဲ့လောက်ပဲ ရှိတာပေါ့။ သူတို့က ၂၈ ရက်နေ့ ကတည်းက စပစ်ခဲ့တာပေါ့။ ၂၈ – ၂၉ နှစ်ရက်လုံးမှာ လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ်ပစ်ခဲ့တာ။ အဲ့တာကျတော့ အပြန်အလှန်တိုက်ပွဲ မဟုတ်ဘူးပေါ့။

မေး ။ ။ ဒီပစ်ခတ်တိုက်ခိုက်မှုတွေမှာ အရပ်သားနေအိမ်တွေ၊ လူတွေ ထိခိုက်တာမျိုးလည်းရှိလာတော့ ဒီအပေါ်မှာရော ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လိုပြောချင်ပါလဲရှင့်။

ဖြေ။ ။ စယ်လန့်ဘက်မှာလည်း ထိခိုက်တယ်။ မူဆယ် – ကွတ်ခိုင်ကြားက နမ့်ဖတ်ကာဘက်မှာလည်း ထိခိုက်မှုတွေ ရှိနေတယ်။ ဒီဟာကတော့ ပြောရမယ်ဆိုလို့ရှိရင် တိုက်ပွဲကြားမှာဖြစ်လို့ စကစဘက်ကနေ လေယာဉ်တွေနဲ့၊ လက်နက်ကြီးတွေနဲ့ အဓိက ကတော့ လူထုထိခိုက်မှုက စကစဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ပြည်သူလူထု ထိခိုက်ရတာ ဖြစ်တယ်။ ပြောရမယ်ဆိုလို့ရှိရင် ဒါက စကစအနေနဲ့ ရန်သူ ရှိရှိ၊ မရှိရှိ ပြည်သူလူထုဘက်ကိုလည်း ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်။

မေး ။ ။ စစ်ကောင်စီဘက်က တိုက်ပွဲတိုင်းလိုလိုမှာ လေယာဉ်စစ်ကူအသုံးပြုပြီး တိုက်ခိုက်တဲ့အပေါ်မှာရော ဘယ်လို ပြောဆိုမှတ်ချက်ပြုချင်ပါလဲ။

ဖြေ ။ ။ သူတို့ ဘာကြောင့် အကူသုံးလဲတော့ ကျနော်တို့မသိဘူး။ ဒါပေမဲ့ ဒီစစ်အာဏာသိမ်းနောက်ပိုင်းမှာ ပိုပြီး များများသုံးလာတာ တွေ့ရတယ်။ သူတို့နဲ့ တိုက်ခိုက်မိတဲ့ကာလတလျှောက် ကျနော်မှတ်မိသလောက် ပြောရမယ်ဆိုရင် ၂၀၁၇ ကနေ စပြီးတော့ သူတို့က တိုက်ပွဲနည်းနည်းပြင်းထန်ပြီး သူတို့ဘက်က အကျအဆုံး များလာပြီဆိုရင် သူတို့ကနေပြီးတော့ လေကြောင်းသုံးပြီး တိုက်ခိုက်လာကြတာပေါ့။ ဒီလိုပါပဲ သူတို့ဘက်က အထိနာလာပြီဆိုရင် စစ်လေယာဉ်နဲ့ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာ အဲ့ကတည်းက ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

မေး။ ။ လက်ရှိအခြေအနေမှာ TNLA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်မလား။

ဖြေ။ ။ ဒါကတော့ ခုနကကျနော်ပြောခဲ့သလိုပဲ စကစကနေပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လို့၊ စတင်ပစ်ခတ်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာပေါ့။ သူတို့က ထိုးစစ်ဆင်မှုများရင်လည်း တိုက်ပွဲကပိုများမယ်။ အဓိကကတော့ သူတို့က ဆက်တိုက်နေဆဲဆိုရင် တိုက်ပွဲကပိုပြင်းထန်နိုင်မယ်။ ထိုးစစ်ဆင်တာ မရှိဘူးဆိုရင်လည်း တိုက်ပွဲကတော့ နည်းနည်းငြိမ်သွားနိုင်တာပေါ့။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here