“ငွေကြေးအပေါ် ယုံကြည်မှုကျဆင်းသွားလို့ လုပ်ငန်းအကြီးရော အသေးရော ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကနေ ပွဲရုံကြီးအထိ ခရိုနီအထိ သက်ရောက်မှု ဖြစ်သွားတယ်ပေါ့” ဦးတင့်လွင် (NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ)

0
457
ပုံစာ - NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်။

ဘဏ်လုပ်ငန်းကျွမ်းကျင်သူ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အမေးအဖြေ

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး စတင်ထုတ်ဝေခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် ရွှေ၊ ဒေါ်လာ အပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာခဲ့ပြီး ဈေးကွက်ပျက်တဲ့အထိ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှု ဂယက်၊ စီးပွားရေးနဲ့ ဘဏ်တွေအပေါ် သက်ရောက်မှု၊ စစ်ကောင်စီရဲ့ ဘဏ်လုပ်ငန်းအခြေအနေ၊ NUG ရဲ့ နွေဦးဘဏ် အလားအလာတွေနဲ့ ပတ်သက်ပြီး ဘဏ်လုပ်ငန်း ကျွမ်းကျင်သူလည်း ဖြစ်သလို NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှုအပေါ် ဘယ်လိုမြင်ပါလဲ။ ဘဏ်တွေ အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဖြေ။ ။ ဘဏ်တွေနဲ့ တိုက်ရိုက် မပတ်သက်ဘူးထင်တယ်။ ငွေအသုံးချမှုနဲ့ ဆိုင်တယ်။ သူက ဘဏ်တွေပေါ်မှာ မယုံကြည်ဘူးဆိုပြီးလည်း မဟုတ်ဘူးပေါ့။ ဘဏ်က နဂိုကဘဏ်တွေ ပိတ်ဆို့မှုဖြစ်တုန်းက ဘဏ်တွေအပေါ် မယုံကြည်မှု ဖြစ်ခဲ့တယ်။ ဘဏ်တွေပေါ် အပ်ငွေတွေ လျော့သွားတယ်။ သုံးတာ တတ်နိုင်သလောက် နည်းသွားတယ်ပေါ့။ ဘဏ်ကို မအပ်ကြဘူး။ ငွေရှိတဲ့သူကလည်း တဖက်မှာ ပစ္စည်းတွေဝယ်တာ ရှိတယ်။ အခုဟာက ငွေအလုံးအရင်းနဲ့ ထားတဲ့အပေါ်မှာ ယုံကြည်မှု အားနည်းလာတယ်။ အားနည်းလာတဲ့အခါ ငွေကို ငွေသားနဲ့ကိုင်ထားလို့ရှိရင် စိတ်မချဘူးဆိုရင်တော့ အဲဒီအမြင်နဲ့ ဘဏ်ကနေ ငွေထုတ်ပြီး ပစ္စည်းဝယ်တာတို့ ဖြစ်နိုင်တယ်။

လောလောဆယ်မှာ ကျန်တဲ့ဈေးကွက်တွေက ပျက်နေတော့ လူတွေမှာ ရွေးချယ်စရာသိပ်မရှိဘူးပေါ့။ ဘဏ်အပ် ငွေထုတ်ပြီး ရွှေဝယ်ထားမယ်ဆိုတာမျိုး အိမ်ခြံမြေ၊ ကားဝယ်ထားမယ်ဆိုတာမျိုး ဘယ်ဈေးကွက်မှ မတည်ငြိမ်ဘူး။ ဘယ်ဈေးကွက်ကမှ ဘာဈေးဖြစ်မယ်လို့ မပြောနိုင်ဘူး။ အရာအားလုံးက ဘဏ်တွေမှာ ငွေထုတ်တယ်လို့ သတင်းလည်း မကြားရဘူး။ ဒါပေမယ့်လူတွေကတော့ ငွေပေါ်မှာတော့ ယုံကြည်မှုအားနည်းနေတာတော့ အမှန်ပဲ။ အဲဒီသဘောတော့ ရှိတယ်လို့ ထင်ပါတယ်။

မေး။ ။ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဂယက်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဖြေ။ ။ နှစ်သောင်းတန် ထုတ်လိုက်တာက အစိုးရက သူ့ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းအတွက် ဆောင်ရွက်ခဲ့တာလို့ မြင်တယ်။ အစဉ်အလာအရလည်း ဒီလိုပဲလုပ်ခဲ့တာရှိတယ်ပေါ့။ ပြန်ကြည့်မယ်ဆိုရင် လက်ရှိမှာ ငွေစက္ကူအကြီးကြီးတွေပေါ့၊ တစ်သောင်းတန်၊ ငါးထောင်တန် ဒါတွေက ပြည်သူ့အစိုးရလက်ထက်မှာ ထုတ်တာမဟုတ်ပဲ အာဏာရှင်အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တာပေါ့။ ထုတ်ဝေခဲ့တာဆိုတော့ သူတို့တွေက လက်ရှိ နှစ်သောင်းတန် ထုတ်တော့လည်း ဒီပေါ်မှာ လူတွေက လည်ပတ်နေတာက တစ်သောင်းတန်ပေါ့။

နှစ်သောင်းတန် ထွက်လာရင် လက်ရှိလည်ပတ်နေတဲ့ငွေက ဒီလောက်ပဲ ဖြစ်တဲ့အတွက် လက်ရှိငွေဖောင်းပွမှုက နှစ်ဆ တက်သွားမယ်။ သာမန်အားဖြင့် အဲဒီလိုတွက်ကြတယ်။ ကိုယ့်လက်ထဲကငွေက တဝက်လျော့သွားမယ်ပေါ့။ အဲဒီလိုစဉ်းစားကြတာ ရှိတယ်။ အဲဒီအပေါ်မှာ ယုံကြည်မှုအားနည်းမှု ဖြစ်တယ်။ အားနည်းမှုက လုပ်ငန်းကြီးလား၊ ပွဲရုံလား၊ ပို့ကုန်သွင်းကုန်လား အဲဒီလိုရှိတော့ ပို့ကုန်ဆိုတာလည်း ဈေးက ကမောက်ကမဖြစ်တော့ မူလ တွက်ချက်တာနဲ့ မကိုက်ဘူးပေါ့။ နဂိုတည်းက ပို့ကုန်က တော်တော်လေး အဆင်မပြေဘူးလေ။

ဒေါ်လာရှားပါးမှု ပို့ကုန်အပေါ် သတ်မှတ်ချက်တွေ များတယ်။ သူတို့ပြောသလို လုပ်လို့မရတဲ့အချိန်မှာ ပို့ကုန်လုပ်ငန်းက ရပ်ဆိုင်းတဲ့ အချိန်ပေါ့လေ။ ပို့ကုန်အတွက် ပစ္စည်းဝယ်ယူမှုမှာ ဈေးကွက် ကမောက်ကမဖြစ်သွားတယ်။ ဈေးသတ်မှတ်တာက မူလဈေးနဲ့ဆိုတော့ အခုပြောင်းလဲတဲ့ ဒီဈေးနဲ့ ရောင်းလို့ရမလား ပြဿနာပါ။ အဲဒီလိုမျိုး ကိုက်ပါ့မလား၊ ဒေါ်လာဈေးက တက်နေတော့ တက်ဦးမယ်ဆို မကိုက်တော့ဘူး စသဖြင့်ပေါ့။ ငွေကြေးအပေါ် ယုံကြည်မှုကျဆင်းသွားလို့ လုပ်ငန်းအကြီးရော အသေးရော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကနေ ပွဲရုံကြီးအထိ ခရိုနီအထိ သက်ရောက်မှု ဖြစ်သွားတယ်ပေါ့။

မေး။ ။ စစ်ကောင်စီလက်ထက် ဘဏ်လုပ်ငန်းတွေက ဘယ်လိုအခြေအနေတွေကို ဆက်လက်ရင်ဆိုင်နေရလဲ။ တဖက်မှာလည်း ပြည်သူတွေက ယုံကြည်မှု ကျဆင်းတာတွေရှိနေတော့ ရေရှည် ဘဏ်တွေရဲ့အလားအလာအပေါ် သုံးသပ်ပေးပါဦး။

ဖြေ။ ။ ဒီအစိုးရတက်လာတည်းက မြန်မာပြည်မှာက ဘဏ်လုပ်ငန်းရဲ့ထူးခြားချက်တွေ အများကြီးရှိတယ်။ ပြင်ပက စီးပွားရေးပညာရှင်တွေ သုံးသပ်တာက မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းကို နားလည်ဖို့ခက်တာ ရှိတယ်။ မြန်မာပြည်မှာ ဘဏ်လုပ်ငန်းက ဖြစ်ပေါ်လာတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းကလည်း သိပ်မကြာသေးဘူး။ စောစောတုန်းက ဖဆပလခေတ်မှာ ပြည်သူပိုင်သိမ်းတယ်။ နောက်ပိုင်း ၈၈ ဒီဘက် ၉၁ လောက်မှာ ပုဂ္ဂလိကဘဏ်တွေကို ပြန်ဖွင့်ခွင့်ပြုလို့ ပြန်ပေါ်လာတယ်။ ပေါ်လာပေမယ့် တိုင်းပြည်အနေနဲ့ဆို နည်းနေသေးတယ်။ ၈၈ ဒီဘက်ပိုင်းမှာ ဖွံ့ဖြိုးလာတော့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ္ဍာရေးပိုင်းထောက်ပံ့မှု လိုအပ်လာတယ်။

အစိုးရဘဏ်တွေကလည်း ငွေချေးတယ်။ ဘဏ်လုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်တယ်။ ဒါပေမယ့် အမှန်တိုင်းပြောရရင် ပြည်တွင်းရဲ ဘဏ္ဍာရေးလိုအပ်ချက်ထက်စာရင် ဘဏ်တွေရဲ့ ဖြည့်ဆည်းပေးနိုင်မှုက နည်းနေခဲ့တယ်။ ငွေတွေ တအားထုတ်တော့ ဘဏ်တွေက ငွေပြန်ပေးနိုင်မှု အားနည်းနေတဲ့ကာလပေါ့။ သူများထက်ထူးခြားချက် ပြဿနာက ဘဏ်တွေက လုံးဝ ပျက်ကျသွားတာမဟုတ်ဘဲ ဘဏ်တွေရဲ့ ချေးထားတဲ့ငွေတွေက အလွတ်သဘော ချေးထားတာမဟုတ်လို့ အိမ်ခြံမြေနဲ့ ချေးထားတာဖြစ်လို့ ဘဏ်တွေက ခိုင်မာနေတယ်။ လူတွေက ဘဏ်တွေ ပျက်နိုင်တယ်၊ ငွေတွေ ထုတ်ကြတာ၊ ဒါမြန်မာပြည်မှာ မကြာခဏဖြစ်တယ်။

ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက ဘဏ်မဟုတ်တဲ့ အကျိုးဆောင်လုပ်ငန်းတွေက ဘဏ်ဆိုတဲ့နာမည်နဲ့ ငွေချေးခဲ့တာရှိတယ်။ အဲဒီလုပ်ငန်းတွေ ပျက်သွားတော့ တော်တော်လေး ဆုံးသွားတယ်။ လူတွေက ဘဏ်တွေအပေါ် အယုံအကြည် မရှိဘူးပေါ့။ တကယ်တမ်းကျတော့ မြန်မာပြည်ရဲ့ ဘဏ်တွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတဲ့ဘဏ်တွေရှိတယ်။ အာရှဓန၊ မေဖလားဝါးတို့လို ပျက်သွားတဲ့ဘဏ်တွေလည်းရှိတယ်။ သာမန်အားဖြင့် ချေးငွေက ပြန်တောင်းဖို့လွယ်တဲ့အတွက် ငွေအပ်ထားတဲ့သူတွေ ကျဆုံးလေ့မရှိဘူး။ လူတွေက အဲဒါကို သိပ်မသိကြဘူး။ အကျိုးဆောင်ကုမ္ပဏီကို ဘဏ်လို့ ယူမှတ်ထားတဲ့အတွက် ဘဏ်က ပျက်တတ်တယ်။ ငွေဆုံးတတ်တယ်ဆိုပြီး ဘဏ်တွေအပေါ် ယုံကြည်မှု အားနည်းနေတယ်။

အစိုးရမဟုတ်သော အစိုးရအာဏာရှင်ပေါ့၊ ဒီကောင်တက်လာတဲ့အခါကျတော့ သူက ဒီသပိတ်မှောက်တာကြောင့်လည်းပါတယ်။ ငွေကြေးလည်ပတ်မှု အားနည်းသွားတဲ့အခါမှာ ဘဏ်တွေ ရပ်ဆိုင်းသွားတယ်။ ရပ်ဆိုင်းသွားတဲ့အခါမှာ လိုအပ်တဲ့ငွေက ထုတ်လို့မရဘူးဆိုတဲ့ ရှုထောင့်ကနေ ဘဏ်တွေအပေါ်မှာ လူတွေယုံကြည်မှုက ကျဆင်းသွားတယ်ပေါ့။ ဘဏ်တွေအတွက် မကောင်းတဲ့လက္ခဏာပေါ့။ ဒီဘက်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းကလည်း ကျဆင်းသွားတယ်။ ကျဆင်းသွားတဲ့အခါ ဘဏ်တွေရဲ့ဝင်ငွေကလည်း ကျဆင်းသွားတယ်။ ဘဏ်တွေရဲ့ လိုအပ်ချက်က ရှိတဲ့ဈေးကွက်ထက် ဘဏ်လုပ်ငန်းက အများကြီး ပိုနေတာမဟုတ်တော့ သူ့ဟာသူ လည်ပတ်နေတာပေါ့။ လက်ရှိအချိန်မှာ ဘဏ်တွေအများကြီး ထိခိုက်ပြီး ပျက်သွားမလား၊ အဲဒီလောက် မဖြစ်လောက်ဘူး။ ဘဏ်ကို ယုံကြည်မှု မဖြစ်မချင်း မဖြစ်လောက်ဘူး။

မေး။ ။ စစ်ကောင်စီဟာ ဒီနောက်ပိုင်း ဘဏ်တွေကို ငွေတိုက်စာချုပ် ထုတ်ရောင်းတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီအခြေအနေက ဘယ်လိုအကျိုးဆက်တွေ ဖြစ်သွားနိုင်ပါလဲ။

ဖြေ။ ။ အမှန်က ငွေတိုက်စာချုပ်က ဒီအစိုးရလက်ထက်မှ တီထွင်ပြီး လုပ်တာတော့မဟုတ်ဘူး။ အရင်အစိုးရတွေ လက်ထက်တည်းက ရှိခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ လွှတ်တော်က ဗဟိုဘဏ်က အစိုးရရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရတဲ့ အလေ့အထပေါ့။ အစိုးရက ငွေလိုလိုက်၊ ဗဟိုဘဏ်က ငွေချေးလိုက်ဆိုတော ငွေဖောင်းပွမှုကို ပိုကြီးစေတဲ့အတွက် ဒီဟာကို အစားထိုးဖို့ ငွေတိုက်စာချုပ်တွေကို ပြည်သူတွေကို လက်ရှိဈေးကွက်ရဲ့ အတိုးနှုန်းနဲ့ ရောင်းချပေးသင့်တယ်လို့ လွှတ်တော်က အကြံပေးခဲ့တာရှိတယ်။ ပြည်သူ့အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘဏ်တွေမှာက ဘဏ်ရဲ့ ငွေဖြည့်လွယ်မှု အချိုးပေါ့။ ဘဏ်မှာက အများပိုက်ဆံနဲ့ ပြန်ချေးတာမို့ ငွေက ပြန်ဖြစ်လွယ်တယ်။ ငွေဖြစ်လွယ်မှု အချိုးပေါ့။ ဘဏ်က သူ့ဆီမှာ မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ များနေတယ်ဆိုရင် ငွေဖြစ်လွယ်မှု ကျတယ်ပေါ့။ တကယ်တော့ သူ့မှာ ပြောင်းလွယ်ပြင်လွယ်၊ ငွေဖြစ်လွယ်တာ ပစ္စည်းတွေ ရှိနေမယ်ဆိုရင် ကောင်းတယ်ပေါ့။

ငွေတိုက်လက်မှတ်ဆိုတာက တစ်နှစ်အတွင်းမှာ အစိုးရက ဘဏ်က ဝယ်ထားတယ်ဆိုရင် တစ်နှစ်အတွင်းမှာ ပိုက်ဆံပြန်ရမယ်။ ဒါက ငွေဖြစ်လွယ်တယ်ပေါ့။ ဘဏ်တွေအတွက် ဘဏ္ဍာရေးညှိနှိုင်းဆောင်ရွက်ဖို့ နည်းလမ်းတစ်ခုအနေနဲ့သုံးဖို့ ဘဏ်တွေကို အစိုးရက ရောင်းခိုင်းတာပေါ့။ ဘဏ်တွေကို အတင်းလည်း မဝယ်ခိုင်းဘူး။ ဘဏ်တွေက ဆုံးဖြတ်ချက်နဲ့ ဝယ်ရမှာပေါ့။ အခုကျ အဲဒီလိုမဟုတ်ပဲ အစိုးရက ဘဏ္ဍာရေးအခက်အခဲကို အသုံးချဖို့ ရောင်းတဲ့အခါမှာ အရင်ကထက် နှစ်ဆ၊ သုံးဆလောက် များနေတာပေါ့။ အရင်တုန်းက ကာလတွေနဲ့ ပြန်ပြီးယှဉ်ကြည့်ရင် ၁၀ ဘီလီယံအကျော် ၂၀ ဘီလီယံတွေ ဖြစ်နေတာပေါ့။ ဒီအပေါ်မှာ ရည်ရွယ်ချက်လည်း မတူဘူး။ လုပ်ပုံကိုင်ပုံလည်း မတူဘူး။ ပြည်သူအပ်နှံငွေများကို အစိုးရက တဖက်လှည်နဲ့ လုပ်နေတဲ့ပုံပေါက်နေတာပေါ့။ ရောင်းချတဲ့နှုန်းက သိပ်များနေတော့ ဘဏ်တွေ လုပ်ငန်းရှင်တွေ မဖြစ်မနေဝယ်ဖို့ ဖိအားပေးပုံပေါက်တယ်။ အဲဒါ ပြဿနာဖြစ်နေတာပေါ့။

တကယ်တမ်းတော့ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တို့က လုံးလုံး ဆုံးသွားတာမဟုတ်ဘူး။ ချေးသုံးတာဖြစ်တဲ့အတွက် အစိုးရက ဘဏ်တွေကနေ ရောင်းထားတဲ့ဟာကို အစိုးရကယူထားတော့ အချိန်တန်ရင် သက်တမ်းစေ့ရင် ပိုက်ဆံကပြန်ရမှာပဲ။ အတိုးနဲ့အတူ အရင်းပြန်ရမယ်။ ဒါပေမယ့် သူရောင်းတဲ့နှုန်းက များလွန်းတဲ့အခါကျတော့ အစိုးရက ပြည်သူ့ဆီကနေ၊ ဘဏ်တွေဆီကနေ ငွေတွေချေးသုံးတာ တအားများတယ်ဆိုတဲ့ ရှုထောင့်ကကြည့်ရင် မှန်တယ်ပေါ့။ ဒါပေမယ့် ဒီပိုက်ဆံက လုံးလုံးဆုံးသွားတာ မဟုတ်ဘူး။ အစိုးရက ငွေအကျပ်အတည်း ဖြစ်နေတဲ့အချိန် ရပေါက်ရလမ်း ရှိတာမှန်သမျှကို အကုန်လုံး လိုက်ရှာလုပ်တယ်။ ကျွန်တော်က ပြည်သူကို အမှန်အတိုင်းသိစေချင်တယ်ပေါ့။ ဒီပိုက်ဆံက ကိုယ့်ပိုက်ဆံတွေ ပါနေတယ်။ ဘဏ်အပ်ငွေက ကိုယ့်ပိုက်ဆံပါနေတော့ ဒီအပေါ်မှာ စိုးရိမ်ပြီးတော့ ဘဏ်တွေကို ယုံကြည်မှုမဲ့တာမျိုးလည်း ဖြစ်မှာစိုးတယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေက တိုင်းပြည်အတွက် မကောင်းဘူး။ တဖက်မှာတော့ ဒီဟာက အတိုင်းအတာတစ်ခု သူ့ရဲ့ ငွေတိုက်လက်မှတ်ကို တစ်နှစ်အတွင်းပေါ့ ၃၊ ၄ နှစ်အတွင်းပေါ့၊ သူသတ်မှတ်ထားတဲ့အချိန်မှာ ပိုက်ဆံပြန်ရမယ်။ ဒါပေမယ့် ဒီကာလမှာတော့ သူက အဟောင်းပေး အသစ်ယူနဲ့ ငွေကို လှည့်သုံးနေမှာတော့ သေချာတယ်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်တဲ့ နွေဦးဘဏ်အပေါ် ဘယ်လိုမြင်ပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ ဒါက ဘဏ္ဍာရေးလိုအပ်ချက်ကို NUG က ဖြည့်ဆည်းတဲ့သဘောနဲ့ အချိန်ကိုက် ဆောင်ရွက်တာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဘက်မှာ အခက်အခဲတွေက အများကြီးရှိတယ်ပေါ့။ ဘဏ်တစ်ခု တည်ထောင်တယ်ဆိုတာ မလွယ်ဘူး။ ကျွန်တော်တို့က ဗဟိုဘဏ်ကို စတင်တည်ထောင်တာ မကြာသေးဘူး။ မကြာသေးပဲနဲ့ ဒီအောက်မှာ ကျွန်တော်တို့က ဒါက အစိုးရပိုင်ဘဏ်လို့ပဲ ယူဆပါတယ်။ နောက်ပိုင်းတော့ အများပိုင်ဘဏ်လို့ ပြောင်းလဲရင်လည်း ပြောင်းလဲမှာပေါ့။ လောလောဆယ်တော့ အစိုးရက ထိန်းကွပ်စီမံတဲ့ ဘဏ်ပေါ့။ လောလောဆယ်မှာတော့ ပိုင်းလော့ပရောဂျက်အနေနဲ့ အကောင့်တစ်ထောင်လောက် လက်ခံပြီး စမယ်ပေါ့။ နောက်ပိုင်းမှာ ဒီဟာအဆင်ပြေတယ်ဆိုရင် တိုးချဲ့လက်ခံပြီး အွန်လိုင်းဘဏ်စနစ်ပေါ့။ အွန်လိုင်းဘဏ်စနစ်လည်း အားသာချက်တွေများစွာ ရှိပါတယ်။

သမာရိုးကျဘဏ်တွေ အားသာချက်လည်း ရှိတယ်။ လက်ရှိအစိုးရနဲ့ ပိုကိုက်တဲ့ဟာပေါ့။ ဒါပေမယ့် လုပ်လေ့လုပ်ထမရှိတဲ့ဟာမျိုးမို့ စနစ်တကျနဲ့ လက်ရှိမှာ ပထမခြေလှမ်းအနေနဲ့ အကောင့်တစ်ထောင်ကို လက်ခံစလုပ်တယ်ပေါ့။ ဘာလို့လဲဆိုတော့ အများပြည်သူ အားကိုးရာ ဘဏ္ဍာရေးအဆောက်အအုံ တစ်ခုဖြစ်ဖို့ လုပ်ရမှာဖြစ်တဲ့အတွက် သေချာတဲ့ဘဏ္ဍာရေး ယန္တရားဖြစ်ဖို့ တိကျစွာပြင်ဆင်ဖို့ လိုတာပေါ့။ နိုင်ငံတကာက ပညာရှင်တွေနဲ့ ကျွန်တော်ထင်ပါတယ်၊ ဒါကိုစနစ်တကျ ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ သေချာတာကတော ပြည်သူမျှော်လင့်သလောက် တအားကြီး မြန်မြန်ဆန်ဆန် ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်။ ဒါက စနစ်တကျ ပြင်ဆင်ရတာဖြစ်တဲ့အတွက် ခြေလှမ်းမှန်မှန်လှမ်းပြီး ပြည်သူတွေ မျှော်လင့်ထားတဲ့ ဘဏ္ဍာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ပြီး စစ်ကောင်စီကိုလည်း ဘဏ္ဍာရေးအရ ထိုးနှက်နိုင်မယ့် ဘဏ္ဍာရေး စစ်မျက်နှာကောင်းဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here