“ခေါင်းဆောင်နဲ့ရဲဘော် အချိတ်အဆက်တွေ ရဲဘော်ရဲဘက်မှု အပြည့်ရတယ်။ အမိန့်နာခံမှုလည်း အရမ်းကောင်းတယ်။ ဗျူဟာတွေလည်း အရမ်းကောင်းတဲ့အပြင် ပွဲပြီးသွားတဲ့ အချိန်မှာလည်း ရှေ့တန်းကနေ ပြန်လာပြီဆိုရင် ကယားသီချင်းတွေ ခွန်အားဖြည့်စေတဲ့သီချင်းတွေ ကျနော်ကြည့်တာ လုံးဝအားရတယ်ပေါ့” အဆိုတော်နိုဗယ်ထူး

0
308
ပုံစာ - အဆိုတော်နိုဗယ်ထူး

ကရင်နီပြည်၊ တော်လှန်ရေးနယ်မြေရောက် အဆိုတော်နိုဗယ်ထူး (Novem Htoo) နှင့် အမေးအဖြေ။

အဆိုတော် နိုဗယ်ထူးဟာ လက်ရှိမှာတော့ ကရင်နီပြည်က တော်လှန်ရေးရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကရင်နီလူငယ်တွေရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ သူ့ရဲ့အမြင်၊ စစ်ရှိန်မြင့်နေဆဲ ဖြစ်တဲ့ ကရင်နီပြည်အပေါ် သူ့ရဲ့မျှော်လင့်ချက်၊ လူထုတွေအတွက် တော်လှန်ရေးစကားသံတွေအကြောင်း သူ့ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ကရင်နီပြည်ကို ရောက်ရှိလာတဲ့အကြောင်းနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ ကရင်နီပြည်ကို ရောက်ရှိလာတဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ မြေပြင်အခြေအနေတွေကို သိချင်တယ်။ ရဲဘော်တွေကို အားပေးချင်တယ်။ သူတို့ဘာတွေလိုအပ်နေလဲ ဘာတွေပြောပြချင်လဲဆိုတာ လာနားထောင်တာ။ ရှင်းရှင်းပြောရရင် အားလာယူတာပေါ့။ သူတို့ဆီကနေ ခွန်အားပြန်လာယူတာပေါ့။

မေး။ ။ လက်ရှိကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေကို ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျနော်အရမ်းအားရတယ်၊ နဂိုကတည်းက ကိုမာဝီ (KNDF ဒုစစ်ဦးချုပ်) နဲ့ ပြောတဲ့အတိုင်းဆိုရင် ကရင်နီပြည်က ကျနော်တို့လက်ထဲ ပြန်ရနေပြီ။ ၂၀ ရာခိုင်နှုန်းက သူတို့ (စစ်ကောင်စီ) လက်ထဲမှာပေါ့နော၊ ၂၀ ရာခိုင်နှုန်းက တောတောင်တွေပေါ့နော၊ ဘယ်သူမှ နေလို့မရဘူး၊ အဲ့လိုတော့ ပြောတယ်။ ကိုယ်တိုင်လည်း ရှေ့တန်းကို လိုက်သွားတဲ့အချိန်မှာ အရမ်းအားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စစ်တိုက်တဲ့ပုံစံ သူတို့ရဲ့မျက်နှာ ယုံကြည်ချက်တွေပေါ့နော၊ ကျနော် စကားသွားပြောတဲ့အချိန်မှာ သူတို့ရဲ့ တိုက်ရေးခိုက်ရေး ခဏတာအတွင်းမှာ ဖြစ်ပေါ်လာပေမယ့် ရှေ့မှာမိခင်တပ်ရင်းလို့ပြောတဲ့ KA (ကရင်နီတပ်မတော်) လည်း ရှိနေတော့လေ၊ လူကြီးလူငယ် အပေးအယူ၊ လူကြီးတွေကလည်း ရင်ဘတ်ဖွင့်ပေးထားတယ်။

လူငယ်တွေ အလုပ်လုပ်ခွင့်ကလည်း သေချာရတယ်။ သူတို့ကြားက နားလည်မှု တည်ဆောက်ပုံကလည်း အရမ်းကောင်းတယ်။ စစ်တိုက်တဲ့ အချိန်မှာတော့ Change Of Commond ပေါ့နော။ ခေါင်းဆောင်နဲ့ရဲဘော် အချိတ်အဆက်တွေ ရဲဘော်ရဲဘက်မှု အပြည့်ရတယ်။ အမိန့်နာခံမှုလည်း အရမ်းကောင်းတယ်။ ဗျူဟာတွေလည်း အရမ်းကောင်းတဲ့အပြင် ပွဲပြီးသွားတဲ့ အချိန်မှာလည်း ရှေ့တန်းကနေ ပြန်လာပြီဆိုရင် ကယားသီချင်းတွေ ခွန်အားဖြည့်စေတဲ့ သီချင်းတွေ ကျနော်ကြည့်တာ လုံးဝအားရတယ်ပေါ့။ သီချင်းတွေနဲ့ကိုယ့်ကိုယ် ပြန်ဖျော်ဖြေ ကြတယ်။

မေး။ ။ ကရင်နီပြည်ကို မရောက်လာခင်ကြားသိရတာနဲ့ အခုလက်ရှိမြေပြင်ရောက်ရှိတဲ့အချိန် ဘာကွာခြားမှုရှိလဲ။

ဖြေ။ ။ ကျနော်ကိုယ်တိုင်ကလည်း တောင်ပိုင်းတဂွင်မှာ နေခဲ့တယ်။ ကျနော်လည်းစစ်ပွဲတွေ ကြုံဖူးတယ်။ ဒါပေမဲ့ ကျနော်လတ်တလောလိုက်သွားတဲ့ ရှေ့တန်းဆိုရင် လေယာဉ်တွေပျံတာ ပလူပျံနေတယ်။ ဟိုဘက်မှာကျ လေယာဉ်ကို အဲ့လောက်မကြုံခဲ့ဖူးဘူးပေါ့နော၊ ဒီဘက်မှာက တော်တော်လေးဖိနှိပ်ခံနေရတဲ့ အနေအထားရှိတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ စစ်ဘေးရှောင်စခန်းတွေ ကျနော်သွားတဲ့အခါကျတော့ သူတို့အကြောက်တရားတွေ မတရားမှုပေါ့နော။

ဆေးရုံတွေ ဗုံးကြဲခံရတာတော့ စိတ်မကောင်းဘူး။ တော်တော်လေး ဖိနှိပ်ခံရတဲ့ အနေအထားပေါ့နော။ ဓါတ်ပုံထဲ မြင်တာနဲ့ ကိုယ်တိုင်တိုက်ပွဲထဲရောက်သွားတဲ့အချိန်မှာ လက်နက်ကြီးတွေ အရမ်းသုံးတဲ့ဟာတွေ ကမ္ဘာပျက်နေတဲ့ ပုံစံ မြင်ရတော့လည်း ဒီမှာ တော်တော်အခြေနေဆိုးပါလားပေါ့။ စာထဲမှာ မြင်ရတဲ့ဟာနဲ့ ထပ်တူကျတယ်လို့ ဖြစ်ပေမယ့် ကိုယ်တိုင်သေမင်းထဲမှာ ရောက်နေတဲ့ခါကျတော့ ပိုပြီးတော့ ခံစားရတာပေါ့။

မေး။ ။ လက်ရှိကရင်နီပြည်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ခွဲခြားဆက်ဆံမှု မရှိဘူး။ လူမျိုးစွဲ၊ ဘာသာစွဲ၊ အသားအရောင်စွဲတို့ အဲ့လိုတွေ မရှိဘူးပေါ့နော။ အဲဒါမြင်ရတာနဲ့တင် အားရတယ်။ ပြီးတော့ ဘယ်ကပဲလာလာ ကျနော်တို့ကို ကြိုဆိုတယ်။ တပ်ပေါင်းစု အင်အားပေါ့နော PDF တွေ ပါတယ်။ KNDF၊ KA တခြားသော Local PDF အစုံပေါ့နော၊ အဲ့လိုတွေ စုစည်းဖို့ သူတို့အချိန်တွေ အများကြီးယူပြီး တည်ဆောက်ခဲ့တယ်ပေါ့နော။ အခုက အကောင်းဆုံးအနေအထားကို ရောက်နေပြီဆိုတာ ကျနော်တွေ့ရတယ်။

မေး။ ။ ကရင်နီပြည်မှာ ဘယ်အရာက အတုယူစရာအကောင်းဆုံးဖြစ်မလဲ။

ဖြေ။ ။ အတူယူစရာဆိုရင်တော့ ခေါင်းဆောင်ပိုင်းကို ကျနော်အရမ်းသဘောကျတယ်။ ညီအစ်ကိုမှုပေါ့။ တောင်ပိုင်းမှာလည်း ရှိပါတယ် အကုန်လုံးပေါ့။ ဒီမှာက ထူးဆန်းတာက ပျော်ပွဲရွင်ပွဲလုပ်တဲ့အခါ ပုခုံးဖက် ပေါင်းပြီးတော့ အထာတောင်မထားတော့ဘူး။ ခြင်းဝိုင်းပေါ့နော ခြင်းခတ်ကြတယ် ဆရာ၊ တပည့်ပေါ့နော ရှုံးရင် ဒိုက်ထိုး ၃၀ ကြေး ဆော့တဲ့အခါ ရဲဘော်တွေနိုင်သွားရင်လည်း လုပ်လိုက်တော့ဆရာ ပြောရင်လည်း ထိုးရတာပေါ့ဗျာ။ ပြောချင်တာက ဒါလေးက သေးသေးလေးပဲ ရှိပါသေးတယ်။ ညီအစ်ကိုမှု ဖြစ်သွားတယ် ဆိုကတည်းက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှု တည်ဆောက်တာ အရမ်းကောင်းတယ်။ ကျနော်မြင်ရတယ်ပေါ့နော။ ဘယ်အရာနဲ့မှ မတူတဲ့အချက်က အဲ့ဒါပဲပေါ့နော။ အချင်းချင်း နားလည်မှု အပြည့်ရှိတယ်။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတယ်ဆိုတာ မြင်ရတယ်။

မေး။ ။ ကရင်နီပြည်အပေါ် ဘာတွေကိုမျှော်လင့်ထားပါလဲ။

ဖြေ။ ။ ကရင်နီပြည်က လွတ်မြောက်နယ်မြေ ဖြစ်မယ်ဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုရင်တော့ လူတွေရဲ့အကျင့်တွေ စစ်ဘေးရှောင်တွေ သွားတွေ့ရင်လည်း တောင့်ခံနေကြတယ်။ စစ်ဘေးရှောင်တွေကို သွားလျှော့တွက်လို့ မရဘူးပေါ့။ စစ်ဘေးရှောင်တချို့ကို စကားသွားပြောကြည့်တဲ့အခါ စီးပွားရေး သမားတွေလည်းပါတယ်၊ သူတို့ဘဝတွေ ပျက်ခဲ့တယ် ပြုံးပြုံးပဲ၊ လောကဓံကို ပြန်ပြီး ပျက်ရယ်ပြု လိုက်တယ်ပေါ့နော။ ဘဝအနိမ့်အမြင့် အတက်အကျကို သူတို့လက်ခံထားတယ်။ ဒါနောက်ဆုံးပွဲလို့လည်း ယုံကြည်ကြတယ်။

မေး။ ။ ကရင်နီပြည်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့စားနပ်ရိက္ခာအပိုင်းမှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ စားနပ်ရိက္ခာက ခက်ခဲတယ်။ ပြည်သူကနေ လည်ပတ်တဲ့အနေအထားကိုး၊ ပြည်သူကနေ ပြည်သူ သွားနေရတော့ ကျနော်တို့က စစ်ရေးပိုင်းလည်း အားထုတ်ရတယ်။ စစ်ဘေးရှောင်တွေရဲ့ဒုက္ခတွေကိုလည်း ဝိုင်းဖြေရှင်းနေရတော့ တခုက နှလုံးသားလှတဲ့သူတွေ စုနေတာ၊ Volunteer လာလုပ်တဲ့သူ Clean Yangon တို့လို နွေဦးဂုရုတို့လို ဆရာဝန်တွေလည်း ရှိတယ်။

သူတို့အားလုံးက ဘဝတွေကိုပုံပေးပြီး လွတ်မြောက်ရေးအတွက် ကြိုးစားနေတာ မြင်ရတော့ ပြည်မတွေ တောင်တန်းတွေ မခွဲခြားဘူးပေါ့နော၊ စုစုစည်းစည်းနဲ့ အရမ်းအလုပ် လုပ်နေတော့ အခက်ခဲကတော့ရှိတာပဲ၊ နိုင်ငံတော်ဘဏ္ဍာငွေကို ခိုးစားသူတွေမှမဟုတ်တာ။ ရှိတာလေးတွေနဲ့ ဝေမျှစားသောက်နေရတော့ အခက်အခဲတွေတော့ရှိတယ်။ ဆေးဝါးဆိုရင်လည်း စစ်ကောင်စီက မတရား နည်းလမ်းနဲ့ ပိတ်ဆို့ထားတယ်။ လိုအပ်တာတွေတော့ အများကြီးရှိတယ်၊ ဆက်လက်တောင့်ခံနေကြတယ်။

မေး။ ။ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူလူထုတွေကို ဘယ်လိုအားပေးစကားပြောကြားချင်လဲ။

ဖြေ။ ။ ရဲဘော်တွေကတော့ အားပေးစရာတောင်မလိုဘူး၊ ကျနော် သူတို့ကိုကြည့်ပြီး အားတွေတောင် တက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော သူတို့ကိုတွေ့ရတယ် ပျော်ရတယ်။ သူတို့ပြောတာ တစ်ခုပဲရှိတယ်ပေါ့နော၊ ပြည်သူတွေက သူတို့နဲ့အတူ ရပ်တည်ပေးပါ၊ စိတ်ခွန်အားတွေပေးပေးပါ ဆုတောင်းပေးတာက အစပေါ့နော၊ လူထုကလည်း ကျနော်ဒါမျိုးတွေ ပြောပြပေးတယ်ဆိုတာက လူထုတွေအနေနဲ့လည်း ဒါကို မမေ့ဖို့ လိုတယ်ပေါ့နော။

ရဲဘော်တွေက အသက်​တွေချွေးတွေ ဒုက္ခမျိုးစုံတွေ ခံပြီးတော့ ပြည်နယ်လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်နေချိန်မှာ ဒီလက်နက်ကိုင်ပွဲကိုတော့ အားမလျော့ဘဲနဲ့ ရောက်တဲ့နေရာကနေ ဆက်လက် ရုန်းကန်ပေးကြပါ ပေါ့နော။ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ စစ်တပ်က ကြောက်အောင်ခြောက်တဲ့ အချိန်မှာ လိုက်ကြောက် ရင် ကျနော်တို့က သူ့အလိုအတိုင်း ဖြစ်သွားမှာပေါ့နော။ သူတို့(စစ်ကောင်စီ) ပိတ်ဆို့ ထားတဲ့ကြားကနေ ကျနော် တို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်လက်ပါဝင်လို့ ရတယ်ဆိုတာ ဝိုင်းဝန်း အဖြေရှာရင်းနဲ့ ဆက်လက်ပါဝင် ပေးကြပါ။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here