နယူးဒေလီမြို့က မြန်မာဒုက္ခသည်အခြေအနေများနှင့်ပတ်သက်ပြီး ချင်းဒုက္ခသည်ကော်မတီ၊ နယူးဒေလီ (CRC) ဥက္ကဋ္ဌ Ma Su Htwe Awng ကို ဆက်သွယ်မေးမြန်းချက်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ချင်းဒုက္ခသည်ကော်မတီ (CRC) ဦးဆောင်မှုဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဒုက္ခသည်အခွင့်အရေးရရှိရေး ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာကြသည့် မြန်မာနိုင်ငံသားများအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထံ အဓိက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
နယူးဒေလီမြို့တွင် ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်အများစုကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်မပြုတာကြောင့် ဒုက္ခသည်အခွင့်အရေးများ ဆုံးရှုံးနေကြရကြောင်း သိရသည်။ နယူးဒေလီမြို့က မြန်မာဒုက္ခသည် အခြေအနေများနှင့်ပတ်သက်ပြီး ချင်းဒုက္ခသည်ကော်မတီ၊ နယူးဒေလီ (CRC) ဥက္ကဋ္ဌ Ma Su Htwe Awng ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဇွန်လ ၂၀ ရက်နေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ချင်းဒုက္ခသည်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ နယူးဒေလီမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာတွေ့ရပါတယ်။ ဘယ်လိုကြောင့် အခုလိုဆန္ဒဖော်ထုတ်ရတာပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်မတို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်လိုက်တာပေါ့နော်၊ ဒုက္ခသည် တွေအားလုံးရဲ့စိတ်ထဲမှာ ဒီနေ့ဟာ ကိုယ့်နေ့ ဆိုတဲ့ဟာကို ကောင်းကောင်းသိစေချင်တယ်။ နောက်တခု အရေးကြီးဆုံးအချက်က ပုံမှန်လုပ်တာကတော့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒီလိုပဲပျော်ပွဲရွှင်ပွဲလုပ်ပြီးတော့ ပြီးသွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကမ္ဘာ့ဒုက္ခသည်များနေ့ရဲ့ အနှစ်သာရလဲ ရှိစေချင်တယ်၊ ပြီးတော့ ကျွန်မတို့မြန်မာနိုင်ငံက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက ကိုယ့်ရဲ့အသက်ဘေးကနေလွတ်ဖို့ ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ လာရောက်ခိုလှုံကြတယ်။ လာခိုလှုံတယ်လို့ပြောတဲ့နေရာမှာ UNHCR ဒီအိန္ဒိယနိုင်ငံမှာရှိတယ်ဆိုတဲ့အချက်ကိုလဲ ထည့်သွင်းစဉ်းစားရမှာပေါ့နော်။ ဆိုတော့ UNHCR က ကျွန်မတို့ကို Protection ပေးမယ်ဆိုရင်တော့ ကျွန်မတို့လုံခြုံမှုရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လဲရှိတယ်။ UNHCR ကလဲ ကျွန်မတို့ဘက်မှာရှိမယ်ဆိုတဲ့ ယုံကြည်ချက်လဲအပြည့်အဝရှိလို့ လာခိုလှုံကြတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာ အချက်က ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းလို့ရောက်လာသူအားလုံး၊ မြန်မာပြည်က ဒီလောက်ထိ ဗုံးတွေ ကြဲတယ်။ ရွာလုံးကျွတ် မီးရှို့ခံရတယ်။ လူတွေရဲ့အသက်တွေပေးဆပ်ရတယ်။ အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံး ရတယ်။ နေလို့မရဘူးဆိုတဲ့ အခြေအနေမှာတောင်မှ UNHCR က ဒုက္ခသည် အဆင့်အတန်း သတ်မှတ်မှုမရှိဘူး။ Asylum seekers (ခိုလုံခွင့်တောင်းသူ) လို့ပဲသတ်မှတ်တယ်။ တကယ်တော့ ပေါ်လစီအရဆိုရင် Asylum seekers လို့ သတ်မှတ်ပြီးသွားလို့ရှိရင် လူတိုင်းကို ၆ လအတွင်းမှာ Refugees Status Determination ဆိုတဲ့ RSD Interview ကို ခေါ်ရမှာပေါ့နော်။ အဲမှာ He or She ပေါ့။ ဒီလူက Reject လား၊ Refugee Status လားဆိုတာ သတ်မှတ်ရမဲ့ဟာကို သူတို့က Asylum seekers အနေနဲ့ပဲ မျှောထားတဲ့အတွက် ကြောင့် ကျွန်မတို့ Refugee ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးက မရတော့ဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ ပြောမယ်ဆိုရင် လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးက အဓိကပဲပေါ့နော်။ နောက် ကျန်းမာရေး၊ ပညာရေး ပါမယ်ပေါ့နော်။
ဆိုတော့ ဒီနယ်ပယ်ကဏ္ဍအသီးသီးမှာ ဆုံးရှုံးမှုဖြစ်နေတယ်။ နောက် အိန္ဒိယနိုင်ငံမှာက သိတဲ့အတိုင်းပဲ။ လူဦးရေ အရမ်းများနေတယ်ဆိုတော့ Local Integration ဆိုတာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ နောက် အိန္ဒိယမှာ အလုပ်အကိုင်အခွင့်အလမ်းကလဲ အရမ်းရှားပါးတယ်။ ဆိုတော့ ဒုက္ခသည်တွေက လူတစ်ယောက်ရဲ့ ရရှိပိုင်ဆိုင်ခွင့်တွေ အကုန်ဆုံးရှုံးခံပြီးမှ အသက်လေးရှင်ရင် ပြီးရောဆိုပြီး ဒီမှာလာခိုလှုံကြတာ။ ဒါကို UNHCR က ignore လုပ်ထားတယ်ပေါ့နော်။ ဆိုတော့ ကျွန်မ UNHCR ကို message ပေးချင်တယ်။ ကျွန်မတို့က နိုင်ငံပျက်လို့ ဒီမှာ လာရောက်ခိုလှုံတဲ့သူတွေ ဖြစ်တယ်။ အဲတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း UNHCR India မှာ လာပြီးတော့မှ Register လာလုပ်တဲ့သူတွေအားလုံးကိုခေါ်ပြီး RSD Interview မေးမြန်းပြီးတော့ Refugees status သတ်မှတ် ပေးပါဆိုပြီး တောင်းဆိုချင်တဲ့အတွက် ကျွန်မတို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဂျန်တာမန်တာမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
မေး။ ။ UNHCR အနေနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ်အသိအမှတ်ပြုဖို့ အဓိက တောင်းဆိုခဲ့ကြတာဆိုတော့၊ ဘာကြောင့် UNHCR က မြန်မာစစ်ဘေးရှောင်တွေကို ဒုက္ခသည်တွေအဖြစ် အသိအမှတ် မပြုနိုင်သေးတာပါလဲ။ ဘယ်လိုအခက်အခဲ အဟန့်အတားတွေရှိနေလို့ပါလဲ။
ဖြေ။ ။ ဒါကတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ Refugees Convention မှာ India က Signatory မဟုတ်ဘူး။ ပြီးတော့ UNHCR ဆိုတာကလဲ အိန္ဒိယအစိုးရကို မကျော်နိုင်ဘူး။ နောက်ပြီး သူတို့နဲ့ အိန္ဒိယအစိုးရနဲ့က ဘယ်လိုအသွားအလာ၊ အပေးအယူရှိလဲဆိုတာ ကျွန်မတို့လဲ မသိနိုင်ဘူး။ နောက် ဘာကြောင့်ဒုက္ခသည်အဖြစ် မသတ်မှတ်လဲဆိုတာကတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က တကယ့်တကယ် ဒုက္ခသည်တွေဖြစ်တယ်။ နိုင်ငံပျက်လို့ အသက်အန္တရာယ်စိုးရိမ်ရလို့ Life to Liberty ဆိုပြီး ဒီမှာ လာခိုလှုံတာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့က ဒုက္ခသည်အစစ်အမှန်တွေဖြစ်တယ်။ အဲ့တွက်ကြောင့် ကျွန်မတို့ ဒုက္ခသည်တွေ ရသင့်ရထိုက်တာတောင်းတယ်။ သူတို့ဘက်က ဘာကြောင့်မပေးလဲဆိုတော့ပြောရခက်တယ်။ မပေးဘူးဆိုတဲ့နေရာမှာ Factors တွေ အများကြီးရှိ မှာပေါ့နော်။
မေး။ ။ လက်ရှိ နယူးဒေလီမှာ မြန်မာနိုင်ငံသားဒုက္ခသည်တွေ ဘယ်လောက်ရှိလဲ။ အဲဒီထဲမှာ UN က အသိမှတ်ပြုပြီးသူတွေ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ ဒါကတော့ ကျွန်မတို့ခန့်မှန်းခြေအနေနဲ့ပဲ ပြောလို့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က community မှာ စာရင်းမပေးထားတဲ့သူရှိသလို တချို့ကလဲ Low Profile နဲ့ နေတဲ့သူတွေ ရှိတဲ့အတွက်ပေါ့နော်။ ဆိုတော့ နယူးဒေလီမှာ မြန်မာနိုင်ငံကနေလာရောက်ခိုလှုံသူက ၁၂,၀၀၀ ဝန်းကျင်ရှိမယ်။ နောက် အဲထဲက ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် ၅% – ၁၀% ကြားကလူတွေလောက်ကသာ ဒုက္ခသည်တွေဖြစ်ပြီးတော့ ကျန် ၉၅% လောက်ကတော့ Asylum seekers တွေပဲပေါ့နော်။
မေး။ ။ ဒီလို UN ကလည်း ဒုက္ခသည်အဖြစ်အသိအမှတ်မပြုတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရပါလဲ။
ဖြေ။ ။ ကျွန်မတို့အဓိက Protection အတွက် ဒီကိုလာတယ်။ Protection ရဖို့ Refugees ဆိုတဲ့ status ဖြစ်ဖို့လိုတယ်။ Refugees status ဖြစ်မှပဲ ပေးသင့်ပေးထိုက်တဲ့ Protection ကို UNHCR ကပေးမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သိတဲ့အတိုင်းပဲ အိန္ဒိယ အစိုးရက National Security ကို အဓိကထားတယ်။ ဒါလဲမှန်ပါတယ်။ ဒါတော့ နိုင်ငံတိုင်းပါပဲ။ ကိုယ့်လုံခြုံရေးကို ဦးစားပေးမယ်။ ကိုယ့်နိုင်ငံကိုထိခိုက်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို Zero Tolerance ပေါ့နော်၊ အဲလိုသွားနေတာကိုတွေ့ရတယ်။ ဆိုတော့ လက်ရှိအစိုးရကတော့ National Security ကို ဦးစားပေးတဲ့အတွက်ကြောင့် သူ့နိုင်ငံသားကလွဲရင် ကျန်တဲ့သူတွေပေါ်မှာ အရင်နှစ်တွေထက်စာရင် ပိုတင်းကြပ်လာတယ်။
အစစအရာရာ၊ နေရာတကာ နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စအဝဝမှာ ပိုပြီးတင်းကြပ်လာတာ ဖြစ်တယ်။ သူတို့ရဲ့မျက်စိမှာလဲ ကျွန်မတို့ကို Refugees လို့ မမြင်ဘူး။ ကျွန်မတို့ကို Foreigners ဥပဒေနဲ့ပဲ တခုခုဆိုရင် ကိုင်တွယ်မှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုအခြေအနေမှာ ကျွန်မတို့ကို Refugees လို့ မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့အခွင့်အရေးမှန်သမျှကို ဆုံးရှုံးရတာပေါ့နော်။ ဒီနေရာမှာ ကျွန်မတို့ အခွင့်အရေး ဆိုပြီးတော့ တောင်းဆိုနေတာတော့မဟုတ်ပါဘူး။ ခုနပြောသလို ကျွန်မတို့ဟာ တကယ် Refugees ဖြစ်လို့ Refugees ဖြစ်ကြောင်းဆိုတဲ့ဟာအတွက် ရပ်တည်နေတာဖြစ်တယ်။ ကျွန်မ ဒီနေရာမှာ အမြဲပြောချင်တာရှိတယ်။ ကျွန်မတို့က Refugees ကို ရွေးချယ်ခဲ့တာမဟုတ်ဘူး။
ကိုယ့်နိုင်ငံကောင်းတုန်းမှာ CDM ဆိုလဲသူ့အလျောက်၊ သူရဲ့လစာ၊ သူ့ရဲ့စီးပွားရေး၊ ကိုယ့်ရဲ့ social status တစ်ခုစီနဲ့ အကုန်လုံးက ကောင်းကောင်းမွန်မွန်နေခဲ့ကြတဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာနေလို့မရလို့ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ၊ အိမ်ကိုယ့်ယာ၊ ပိုင်ဆိုင်မှုတွေ၊ ဆွေမျိုးသားချင်းတွေ မောင်နှမတွေ ကိုယ့်အသက်လုံခြုံရေးတခုနဲ့ ရေခြား၊ မြေခြား၊ ဘာသာခြား၊ လူမျိုးခြား စကားမတတ်တဲ့နေရာမှာ လာပြီးခိုလှုံရတဲ့အခါမှာ အရမ်းအခက်အခဲရှိပါတယ်။ အဲနေရာမှာ ဒုက္ခသည်ဘဝနဲ့ မဟုတ်ဘဲနဲ့တောင် နိုင်ငံရပ်ခြား၊ ဘာသာခြားမှာနေရတဲ့ ခံစားချက်က ဘာနဲ့မှလဲလို့မရဘူးပေါ့နော်။ အဲလိုအချိန်မှာ UNHCR ကလဲ အသိအမှတ်မပြုဘူး။ အိန္ဒိယအစိုးရ ကလဲ ဆက်ပြီးတင်းကြပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ဘဝက တကယ်ကို ဝမ်းနည်းစရာဖြစ်တယ်။ Hopeless, Helpless လို ဖြစ်နေတာပေါ့နော်။
မေး။ ။ လက်ရှိ နယူးဒေလီမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားစစ်ဘေးရှောင်တွေဟာ ဘယ်လိုနေထိုင် စားသောက်ကြရပါလဲ။ အသက်ရှင်ရပ်တည်ဖို့ ဘယ်လိုရုန်းကန်ကြလဲ။ UN ဘက်ကနေ အကူအညီတစုံတရာ ရတာမျိုးရှိပါလား။
ဖြေ။ ။ အိန္ဒိယအစိုးရကလေ Refugees တွေကို တရားဝင် အလုပ်လုပ်ခွင့်မပေးထားဘူး။ ဒါပေမဲ့ လူတစ်ယောက်က အလုပ်မရှိဘဲ ဘယ်လိုအသက်ရှင်နေထိုင်မှာလဲ။ မိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ အရေး ရုန်းကန်ကြရတာပေါ့။ ဒီမှာအလုပ်ကတော့ တချို့ကအိမ်ဖော်လုပ်တဲ့သူရှိမယ်။ တချို့ကလဲ စက်ရုံတွေမှာ၊ စက်ချုပ်၊ အဝတ်ခေါက်တာကအစပေါ့ လုပ်ကြတယ်။ ရေထမ်းရောင်းတဲ့သူတွေ ရှိမယ်ပေါ့။ အမှန်တိုင်းပြောရရင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ကိုယ်ကာယအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေ ပိုလုပ်ကြရတယ်ပေါ့နော်။ ညာဏအား နဲ့ လုပ်ရတဲ့အလုပ်တွေကြတော့ ဘာသာစကားအခက်အခဲကြောင့် မလွယ်ကူတဲ့အတွက် ညာဏအားနဲ့လုပ်ရတဲ့ စစ်ဘေးရှောင်ကြတော့ နည်းပါတယ်။
စက်ရုံတွေမှာလုပ်တဲ့သူကြတော့ ရူပီး ၆၀၀၀၊ ၇၀၀၀ ဝန်းကျင်ပေါ့။ တချို့အလုပ်တွေကြတော့လဲ ရူပီး ၁၂,၀၀၀၊ ၁၃,၀၀၀ ပုံမှန်အားဖြင့် အဲလောက်တော့ရကြတယ်။ ဒါပေမဲ့ ဒါကလောက်လားဆိုတော့ အိမ်ငှားခလောက်ပဲပေါ့။ UNHCR ကလဲ ဘာထောက်ပံ့ခြင်းမှမရှိဘူး။ ပေးကမ်းခြင်းလဲ မရှိဘူး။ Ration တွေ ထုတ်ပေးခြင်းလဲ မရှိတဲ့ အခါကြတော့ ကိုယ့်စားသောက်ဖို့အတွက်ကလဲ လူတိုင်းက ဒုက္ခ ကိုယ်စီနဲ့။ အဲတော့ Contract မရှိဘူး။ စာချုပ် စာတမ်းလဲမရှိဘူး။ အဲလိုတွေမှာ အလုပ်လုပ်ရတယ်။ အလုပ်ခန့်တဲ့ သူတွေကလဲ ခေါင်းပုံဖြတ်တာတွေ အများကြီး ရှိတာပေါ့နော်။ လုပ်ခလစာကလဲ ဒီကနိုင်ငံသားတွေထက် လျော့ပြီး ပေးတာတို့ အလုပ်ကို အရမ်းခိုင်းတာ၊ ခိုင်းပြီး လုပ်ခလစာကို ၃, ၄ လ မပေးတာတို့ အမျိုးမျိုးရှိတာပေါ့နော်။ ဒီအရာတွေကို UNHCR ကလဲ ဘာမှမဖြေရှင်း ပေးဘူး။ ဒုက္ခသည်အချင်းချင်းပဲ ကူညီနေကြတာပေါ့။
ကျွန်မဆိုလဲ တချို့သူတွေ လစာမထုတ်ပေးလို့ လိုက်ရှင်းပေးတဲ့ဟာတွေတောင် တော်တော်များများရှိတယ်။ UNHCR ဘက်ကနေ ဘယ်လိုထောက်ပံ့မှုတွေရှိလဲဆိုရင်၊ Refugees status ၁၀၀ မှာ ၁၀၀ က ထောက်ပံ့မှု မရဘူး။ သူတို့မှာ Criteria တွေရှိတယ်။ ဥပမာ- ကျန်းမာရေးမကောင်းတဲ့သူ၊ နာတာရှည်ရောဂါခံစားရတဲ့သူတို့၊ မသန်စွမ်းတွေ သူတို့ကို ဦးစားပေးကူညီတာရှိတယ်ပေါ့။ ဒါပေမယ့်လဲ အဲလိုလူတွေ အကုန်ပေးလားဆိုတော့ အားလုံးကို မပေးနိုင် ပြန်ဘူး။ ဆိုတော့ UN ဘက်ကနေ ကူညီထောက်ပံ့မှုကတော့ မရှိသလောက်နည်းတယ်လို့ ပြောရမှာပေါ့။ ကျွန်မတို့ CRC လဲ လိုအပ်ချက်တွေ အမြဲတင်ပြဖြစ်တယ်။ ဒါပေမဲ့သူတို့ Action မယူတော့ နောက်ဆုံး ဒုက္ခသည်များနေ့မှာ ကျွန်မတို့ပြောချင်တဲ့အသံကို သူတို့ဆီရအောင်ပို့လိုက်ရတာပေါ့။
မေး။ ။ ဇွန်လ ၂၀ ရက် ဆန္ဒဖော်ထုတ်မှုအပြီးမှာ UNHCR ရုံးကိုလည်း အိတ်ဖွင့်ပေးစာပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဓိက ဘာတွေတောင်းဆိုခဲ့ကြပါလဲ။
ဖြေ။ ။ အိတ်ဖွင့်စာပေးတာကတော့ ဘာလဲဆိုတော့ Chin Refugees တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။ ဘာတွေလိုအပ်နေလဲ၊ မြန်မာနိုင်ငံမှာ ဘယ်လိုဘယ်လိုဖြစ်တယ်ပေါ့။ ခုနပြောထားတဲ့အတိုင်း ပေါ့နော်၊ ဆိုတော့ ဒီလူတွေက ဒုက္ခသည်တွေဖြစ်ကြောင်း ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ပေးပါလို့ ဒီတစ်ခုပဲ ရေးလိုက်ကြတာပါ။ UNHCR ကို ဦးဆောင်နေတဲ့ Chief of Mission ကိုလဲသိစေချင်လို့ World Refugees Day မှာ ပေးလိုက်တာပေါ့နော်။
မေး။ ။ CRC ရဲ့တောင်းဆိုချက်တွေကို UN ဘက်က လိုက်လျောပေးတာမျိုးမရှိရင် ဘာဆက်လုပ်ဖို့ရှိပါလဲ။
ဖြေ။ ။ အခုကတော့ စောင့်ကြည့်နေတုန်းပေါ့နော်။ တခုသိထားရမှာက အိန္ဒိယရဲ့ Process တိုင်းက အရမ်းကြာ တယ်။ ဒါပေမယ့် ကျွန်မဆန္ဒပြတုန်းကပြောခဲ့တာက ဒီဟာကိုဒီမှာတင် ပြီးဆုံးသွားမဲ့အရာမဟုတ်ဘူး။ ကျွန်မလဲ ဒါကို သေချာ Risk ယူပြီးလုပ်ခဲ့ရတာ။ ကျွန်မအတွက် အရမ်းခက်တယ်။ အခုလိုအိန္ဒိယရဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်မှာ National Security ဆိုပြီး ဦးစားပေးနေတဲ့အချိန်မှာပေါ့။ ဒီဆန္ဒပြပွဲကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး။ ဆိုတော့ ကျွန်မဒီတာဝန်ကိုထမ်းဆောင်ရတဲ့အချိန် လူထုအတွက် တစ်ခုခုတော့လုပ်ပေးမယ်ဆိုစိတ်နဲ့ မဖြစ် ဖြစ်အောင်လုပ်သွားမယ်။ အဲတော့ ကျွန်မတို့ Long-term plan လဲ လုပ်ထားတယ်။ အဲဒါကတော့ ဒီမှာ မပြောပါရစေနဲ့ CRC ရဲ့ Plan ကို စောင့်ကြည့်ပေးကြပါ။ တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ သေချာစဉ်းစားပြီးမှ လုပ်ထားတာဖြစ်တယ်။ ဒီဟာက တကယ် Long-term plan ဖြစ်တယ်။ အဲတော့ မဟာဗျူဟာ နည်းဗျူဟာကျကျ ကျွန်မတို့ CRC အနေနဲ့ သေချာလေးစီစဉ်နေပါတယ်။
မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ကျွန်မ အားလုံးကိုအားပေးချင်တယ်။ ကျွန်မတို့ရဲ့ ရွေးချယ်မှုမဟုတ်ဘဲ ဒီမှာ ဒုက္ခသည်အနေနဲ့ လာနေကြရတယ်။ တခါတလေ ပြိုလဲတဲ့အချိန်လဲရှိပါတယ်။ ဒါကို ကိုယ့်အချင်းချင်းအားပေးကြပါ။ ဝိုင်းဝန်းကြပါ။ ဖေးမကြပါ။ ကျွန်မတို့ခရစ်ယာန်တွေ အချင်းချင်းဆုတောင်းပေးကြပါ။ ဗုဒ္ဓဘာသာတွေ အချင်းချင်းမေတ္တာပို့ကြပါ။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်ရာတိုးတက်ကြောင်း လိုလားကြပါ။ ရင်ဘတ်ချင်းထိထားကြပါ။ ဒီအချိန်ဟာ Refugees တွေအတွက် အရမ်းအရေးကြီးတဲ့အချိန်ဖြစ်တယ်။
စကားပုံရှိတယ်လေ နွားကွဲရင် ကျားဆွဲလိမ့်မယ် ဆိုတဲ့အတိုင်းပါပဲ။ ကျွန်မတို့စည်းစည်းလုံးလုံးနဲ့ ကျွန်မ CRC President ကနေ ဦးဆောင်ပြီးတော့မှ မရရအောင် တိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အင်အားက ကျွန်မအတွက် အမြဲတမ်းလိုအပ်နေပါတယ်။ အဲတော့ ကျွန်မနဲ့အတူ အားလုံးပဲတိုက်ပွဲဝင်ပေးကြပါ။ ကျွန်မကို ယုံကြည်ပေးကြပါ။ အားလုံးရဲ့အင်အားနဲ့ ခရီးတခုက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ CRC ရဲ့ Long-term plan မှာ အားလုံးအတူတကွ ပါဝင်ပေးကြပါလို့ အားပေးချင်ပါတယ်။
KMG ပေးပို့သည်။