“ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးက တော့ တွေ့ဆုံကြ၊ ဆွေးနွေးကြတာ အကောင်းဆုံးနည်းလမ်းပဲ အဖြေပဲ ဆိုပြီးတော့၊ အဲဒါကြောင့်မို NCA ထဲမှာ လည်း အဲဒီသဘောထားတွေ ပါတာပေါ့နော်။ ဒါကြောင့်မို့ NCA က ပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး ပေါ့နော” RCSS ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးအုမ်ခေး

0
308
ပုံစာ - RCSS ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးအုမ်ခေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးအုမ်ခေးနဲ့ ဆက်သွယ်မေးမြန်းချက်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ သြဂုတ် ၁၈ ရက်နေ့ ကနေ ၂၀ ရက်နေ့ အထိ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်မှာ ၆ လ ပတ် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးပြီးနောက် RCSS ရဲ့ ရပ်တည်ချက်အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်ပြီး သဘောထား ၅ ချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီအခြေအနေတွေကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ RCSS ရဲ့ ရပ်တည်ချက်၊ ဆက်လက်ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်တွေ၊ NCA စာချုပ် အပေါ် သဘောထားတွေနဲ့ ပတ်သက်ပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရ ဒုဗိုလ်မှူးကြီးအုမ်ခေးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၃ ရက်တာ ကျင်းပခဲ့တဲ့ RCSS ရဲ့ ၆ လပတ် အစည်းအဝေးတစ်ရပ်မှာ လက်ရှိ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးဖြစ်ပါလဲ။

ဖြေ။ ။ အစည်းအဝေးထဲမှာတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတာ မရှိပါဘူး။ ခြောက်လပတ် ပုံမှန် အစည်းအဝေးမို့လို့ အဖွဲ့ထဲက နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘက်ပေါင်းစုံက တွေ့ဆုံကြ၊ ဆွေးနွေးကြတာ အကောင်းဆုံး အဖြေပဲဆိုတာ အမြင်တွေ၊ သဘောထားတွေ တွေ့ရှိခဲ့တာပေါ့။

မေး။ ။ ကရင်အမျိူးသားအစည်းအရုံး KNU က NCA စာချုပ် ပျက်ပြယ်သွားပြီလို့ ပြောတဲ့အပေါ် RCSS အနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။

ဖြေ။ ။ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်ကတော့ ပုံမှန်အတိုင်းပါပဲ။ အဓိကကတော့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းပဲ ဆက်သွားမယ်ဆိုတဲ့ သဘောပဲပေါ့။

မေး။ ။ NCA စာချုပ်မှာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်လို့ အတိအလင်း ပြဌာန်းထားတယ်။ အခုက အရပ်သားတွေ ထိခိုက်သေဆုံးမှု စိုးရိမ်ဖွယ်ဖြစ်လာတာပေါ့၊ ဆိုတော့ NCA စာချုပ်အပေါ် လိုက်နာမှု ရှိသေးလား။ ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ အမြင်သဘောတွေကတော့ အဘက်ဘက်က ပါဝင်နိုင်မယ့်၊ ဆက်သွယ်နိုင်မယ့် အခွင့်အရေးတွေ အားလုံးလက်တွဲပြီးတော့ တတ်နိုင်သလောက်တော့ ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပဲ ရှိသွားပြီနော်။

မေး။ ။ RCSS အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ရှိပါလား။

ဖြေ။ ။ အဲဒါကတော့ NCA လက်မှတ်ထိုးပါဝင်မှုမရှိတဲ့ အဖွဲ့အစည်းတွေတော့ မဆိုလိုဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးက တော့ တွေ့ဆုံကြ၊ ဆွေးနွေးကြတာ အကောင်းဆုံးနည်းလမ်းပဲ အဖြေပဲ ဆိုပြီးတော့၊ အဲဒါကြောင့်မို NCA ထဲမှာ လည်း အဲဒီသဘောထားတွေ ပါတာပေါ့နော်။ ဒါကြောင့်မို့ NCA က ပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး ပေါ့နော။

ဖြေ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာအပေါ် RCSS အနေနဲ့ ဘယ်လိုမြင်ပါလဲ။ ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

ဖြေ။ ။ NCA ထဲမှာ ပါတဲ့အတိုင်းပဲ ဘာနိုင်ငံရေး ဘယ်လို ရှုပ်ထွေးမှုပဲရှိရှိ လက်နက်အင်အား မသုံးဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်မှုတွေ မရှိရလေအောင်ဆိုတဲ့ အချက်အလက်ပါတယ်။ ဘာကိစ္စပဲ ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးကြတာရယ်၊ နောက်ဆုံး ပြည်သူလူထုကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အတိုင်း အဲ့ဒါကြောင့်မို့ ကြိုးစားကြတာပေါ့နော်၊ အပြည့်အဝရယ်လို့တော့ မရှိသေးဘူးဆိုတာတော့ လက်ခံပါတယ်။ ဆက်လက်ပြီးတော့ ကြိုးစားသွားရမှာပဲ။

တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းပဲ အကောင်းဆုံးပဲ အဖြေပဲ ဆိုပြီး မြင်တာပေါ့နော်။ ဆွေးနွေးထိုက်တာရှိရင်လည်း ဆွေးနွေးရမှာပဲ၊ အဲဒါမျိုးတော့ လက်ခံထားတာပေါ့နော်။ နိုင်ငံရေး နည်းလမ်းကျ တစ်နိုင်ငံလုံး အတိုင်းအတာ ပြောရရင် တွေ့ဆုံကြ၊ ဆွေးနွေးကြ နည်းလမ်းအကောင်းဆုံးရှိတယ် ပြောတဲ့အတိုင်းပဲ အဲဒီ အတိုင်းပဲ ဖြစ်သွားမှာ။ လက်နက်အင်အားနဲ့ အဖြေရှာတဲ့ နည်းလမ်းကြောင့်မို့ ပိုမိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်နေတာလို့ ကျွန်တော်တို့ အဲဒီလိုမျိုး အမြင်ကို မြင်နေကြတာ။

ဒါကြောင့်မို့ လက်နက်အင်အားကို မသုံးဘဲနဲ့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်း အကောင်းဆုံးလို့ ကျွန်တော်တို့ အဲဒီလိုမျိုး မြင်တာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေက ပိုပြီးကျယ်ပြန့်လာတာကို ကျွန်တော်တို့တွေ စိတ်မကောင်း ဖြစ်ရတာပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ လက်နက်အင်အားကို သုံးပြီးတော့ အဖြေရှာတဲ့နည်းတော့ ကျွန်တော်တို့ အားမပေးဘူးပေါ့လေ။

အဲ့ဒါကြောင့် အတတ်နိုင်ဆုံး ဆွေးနွေးနိုင်တဲ့ နည်းလမ်းပဲ အဖြေရှာသွားမယ်လို့ ကျွန်တော်တို့ အမြင်ရှိတယ်။ လက်နက်အင်အားသုံးရင် ပိုပိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်လာလိမ့်မယ်။ ပိုပိုပြီး ကျဆုံးတာ များလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပိုပြီး ဆုတ်ယုတ်သွားလိမ့်မယ်။ ဒါကြောင့် လက်နက်အင်အား သုံးပြီး တိုက်ခိုက်ကြတာကို ကျွန်တော်တို့ သိပ်ဦးစားမပေးဘူးပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုတာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့တော့ နိုင်ငံရေးကို နိုင်ငံရေးအရ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ အဓိက က တော့ ကျွန်တော်တို့ ပြည်သူလူထုကို အဓိကထားပြီးတော့ ပြည်သူလူထု မနစ်နာအောင်ဆိုတဲ့ အဓိက သဘောထားပြီးတော့ တွေ့ဆုံကြ၊ ညှိနှိုင်းကြ၊ ဆွေးနွေးကြဆိုတဲ့ နည်းလမ်းကို အဓိက ထားရတာဆိုတဲ့ဟာပဲ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here