1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျန်းမာရေးအဖွဲ့တွေလည်း ထိထိရောက်ရောက်လုပ် ကာကွယ်ဆောင်ရွက်ပေးတာတွေ မရှိဘူးလေ။ ကျန်းမာရေးအဖွဲ့တွေက ရောဂါကူးစက်ပြန့်ပွားမှုဖြစ်နေတာကို ပြည်သူတွေကြား အကျယ်တဝင့်မဖြစ်ဖို့ သတင်းပိတ်တယ်” သံဖြူဇရပ်မြို့မှ လူမှုကူညီဆောင်ရွက်ပေးနေသူတစ်ဦး

“ကျန်းမာရေးအဖွဲ့တွေလည်း ထိထိရောက်ရောက်လုပ် ကာကွယ်ဆောင်ရွက်ပေးတာတွေ မရှိဘူးလေ။ ကျန်းမာရေးအဖွဲ့တွေက ရောဂါကူးစက်ပြန့်ပွားမှုဖြစ်နေတာကို ပြည်သူတွေကြား အကျယ်တဝင့်မဖြစ်ဖို့ သတင်းပိတ်တယ်” သံဖြူဇရပ်မြို့မှ လူမှုကူညီဆောင်ရွက်ပေးနေသူတစ်ဦး

မွန်ပြည်နယ်တွင် ရေလုပ်သားများကြား ဝမ်းပျက်ဝမ်းလျှောကူးစက်ခံရမှု နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်ပြီး သံဖြူဇရပ်မြို့မှ လူမှုကူညီဆောင်ရွက်ပေးနေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်ကမ်းရိုးတမ်းတလျှောက် အလုပ်လုပ်ကိုင်နေသည့် ပင်လယ်ရေလုပ်သားများကြား ဝမ်းပျက်ဝမ်းလျှောကူးစက်မှုသည် အောက်တိုဘာလနောက်ဆုံးအပတ်အထိ ဆက်လက်ဖြစ်ပွားနေပြီး အသက်သေဆုံးမှုတို့ ထပ်တိုးရှိနေသည်ဟု သိရသည်။

စက်တင်ဘာလမှစတင်၍ မွန်ပြည်နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ စုစုပေါင်းသေဆုံးသူ ၇ ဦး ရှိနေသည်။ ယင်းအပြင် ပင်လယ်ပြင်တွင်လည်း လက်ရှိချိန်ထိ ရေလုပ်သားတို့ မကြာခဏ ထပ်တိုးသေဆုံးမှု ရှိနေသည်ကို လုပ်ငန်းရှင်တို့က ထုတ်ဖော်ပြောဆိုမှု မရှိခြင်း၊ စစ်ကောင်စီ ကျန်းမာရေးအဖွဲ့တို့ကလည်း ထိထိရောက်ရောက် စစ်ဆေးကာကွယ်ခြင်း မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသူတို့သည် တရားမဝင် လိုင်စင်မဲ့လှေလုပ်သားများ ဖြစ်ကြသလို လုပ်ငန်းရှင်တို့ကလည်း လုပ်ငန်း အကျိုးစီးပွား ဆုံးရှုံးနစ်နာမှု မရှိလိုခြင်းကြောင့် သတင်းပိတ်ဆို့ထားသည့်အပြင် ရေလုပ်သားများ ဆေးဝါး အလုံအလောက် မရရှိနေသည့် အခြေအနေတို့နှင့် ပတ်သက်ပြီး သံဖြူဇရပ်မြို့မှ လူမှုကူညီဆောင်ရွက်နေပေးသူ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ပင်လယ်ပြင်ငါးဖမ်းဖောင်များ။

မေး။ ။ လက်ရှိချိန်ထိ မွန်ပြည်နယ်ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံနေရတဲ့ အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ။ ။ လတ်တလောမှာ ဧရာဝတီ၊ ရန်ကုန်နဲ့ မွန်တို့မှာ အဖြစ်များနေတယ်။ မွန်ထဲမှာဆိုရင် ရေး၊ ကျိုက်မခီ၊ မုဒုံနဲ့ အခုဖြစ်နေတဲ့ ပေါင်မြို့နယ် အလှပ်ဘက်ကဆိုရင် နောက်ဆက်တွဲတွေပေါ့။ ကမ်းရိုးတန်းရှိတဲ့ နေရာတိုင်းမှာ ဆက်စပ်နေတယ်။ ပင်လယ်ရေလုပ်သားက အဓိက ဖြစ်နေတယ်ပေါ့။ ကျိုက်ခမီမှာဆို အခုထိဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ ကုန်းပေါ်မှာဆိုတော့ ဆေးမီတယ်လေ။

ဆေးမီတော့ ဒီအတိုင်းပဲ ပုံမှန်လေးပဲ ကောင်းကောင်းသွားတယ်။ ဖြစ်တော့ဖြစ်နေကြတယ်၊ စက်တင်ဘာလနေ လက်ရှိအချိန်အထိကို ကူးစက်ခံရတာတွေ ရှိနေတုန်းပဲ။ သေတာတော့ မရှိပေမဲ့ ဝမ်းပျက်ဝမ်းလျှောက ထပ်ဖြစ်တယ်။ ကာကွယ်ဆေးတိုက်တဲ့အခါမှာလည်း အဓိက စီးပွားရေး လုပ်ငန်ရှင်တွေက ဖုံးဖိချင်တာတွေ များနေတယ်။ လှေတွေ ပြန်ဝင်ခိုင်းပြီး ကာကွယ်ဆေးတိုက်ကျွေးရမယ့်နေရာမှာလည်း လွဲချော်မှုတွေ ရှိနေတယ်။

မေး။ ။ စစ်ကောင်စီကျန်းမာရေးအဖွဲ့နဲ့ ရေလုပ်ငန်းရှင်တွေက ရေလုပ်သားတွေအတွက် ဘာတွေဆောင်ရွက်ပေးနေတာရှိပါလဲ။

ဖြေ။ ။ အဓိက အဖြစ်များတဲ့ ကျိုက်ခမီက လှေဆိပ်နဲ့နီးတဲ့ အောင်သုခရပ်ကွက်ပေါ့လေ၊ အဲဒီမှာက ယင်လုံအိမ်သာ အလုံအလောက် မရှိဘူး။ ဒါလေးတွေကို ကျန်းမာရေးဌာနက လုပ်ပေးရမှာ၊ လုပ်ပေးရမဲ့ဟာမျိုးကို မလုပ်ဘဲနဲ့ ဆေးတိုက်ရင် ပြီးသွားပြီ။ ငြိမ်သွားရင် ပြီးသွားပြီဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့ဗျာ။ ဆေးဖြန်းတယ် ဆိုတာကလည်း အဆင်ပြေတဲ့ပုံစံနဲ့ ပြီးရင်ပြီးရောပဲ လုပ်လိုက်တာပေါ့ဗျာ။ ကျနော်တို့က အခြေခံလူတန်းစား ဘက်ကို ပိုကြည့်ပါတယ်။ အခုဖြစ်နေတာက လုပ်ငန်းရှင်တွေရဲ့ လုပ်သားတွေပဲ ဖြစ်နေတာ။ ကာကွယ်ဆေး တိုက်တဲ့အခါမှာလည်း ကုန်းပေါ်ကလူထက် ပင်လယ်ရေးလုပ်သားကို အဓိကတိုက်ရမှာဗျ။

အဲဒါပြီးမှ ကုန်းပေါ်က လူတွေကို တိုက်ရမှာလေ။ သူတို့ သွားလာလှုပ်ရှားတတ်တဲ့နေရာနဲ့ သူတို့မိသားစုဝင်ရယ် ဖြစ်နေတဲ့ရပ်ကွက်က လူတွေရော (ကာကွယ်ဆေး) တိုက်မယ် ဒါက အိုကေတယ်။ ရေလုပ်သားတွေကို ဆေးတိုက်မယ် လှေတွေဝင်ကြပါ၊ အလှည့်ပုံစံနဲ့ တိုက်မယ်ဆိုတဲ့အခါမှာ လှေတွေက မဝင်ချင်ဘူး။ သူတို့တခါ ဝင်ရင် ဘယ်လောက်နစ်နာမယ် ဘာညာဆိုတဲ့အခါကြတော့ မတိုက်ဘဲနဲ့ လူအစားထိုးတိုက်တာမျိုးတွေ ဒါမျိုးတွေ ဖြစ်သွားတယ်ဗျ။ အဲဒါကို ကျနော်တို့တိုင်ကြားတော့ သက်ဆိုင်ရာတွေက သူတို့အချင်းချင်း ပြောကြဆိုကြ အနည်းငယ် အရေးယူတာတွေတော့ ရှိတာပေါ့ဗျ။ ဒါပေမဲ့ အခုအချိန်အထိကို လှေတွေမပေးဝင်ဘဲနဲ့ ကုန်းပေါ်မှာ ရှိတဲ့လူကို လှေသားအဖြစ် (ကာကွယ်ဆေး) တိုက်လိုက်တာ။

မေး။ ။ ပင်လယ်ပြင်မှာရှိနေချိန် ရေလုပ်သားတွေ လှေပေါ်မှာဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးမှုရှိနေတယ်လို့ ကြားသိရတယ်၊ အဲ့အကြောင်းတွေလည်း ပြောပြပေးပါအုံး။

ဖြေ။ ။ လှေမှာက နှစ်စားရှိတယ်ဗျ။ without လိုင်စင်နဲ့ ရှင်းရှင်းပြောရရင် without ဆိုရင် သူတို့မှာ လှေရှိနေမှန်း ရေလုပ်သားရှိနေမှန်းကို ဖျောက်ထားကြတယ်ပေါ့။ သေဆုံးတာတွေက without တွေမှာလည်းရှိတယ်ဗျ။ ကျနော် ဒီလောက်ပဲ ပြောလို့ရမယ်။ ဆရာမတို့ ကိုယ်ဘာသာ သဘောပေါက်မယ် ထင်ပါတယ်။

သဘောက without တွေလိုက်ရင် ဒီလူက သေသေရှင်ရှင် ဘာဖြစ်ဖြစ် မှတ်ပုံတင်ကိုပါ အလုပ်ရှင်က သိမ်းထားတော့၊ သေရင်လည်း စာရင်းပြဖို့ မလိုဘူး။ ပြရင်လည် လှေလုပ်ငန်းရှင်တွေက သူတို့ဘက် ပြဿနာတွေ များသွားမှာလေ။ အခု သေစာရင်းပြထားတဲ့လူတွေထက် ပိုများတယ်ပေါ့။ အရေအတွက်အားဖြင့် ကျနော်လည်း ပြောလို့မနိုင်ဘူး။

မေး။ ။ ဆိုတော့လေ ပင်လယ်ပြင်မှာသေဆုံးခဲ့တဲ့ ရေလုပ်သားတွေအတွက် လုပ်ငန်းရှင်တွေက ဘာတွေ လုပ်ဆောင်ပေးနေတာရှိလဲ။

ဖြေ။ ။ ကျနော်က ကျိုက်မခမီဘက်ကိုပဲ ပိုသိတာပေါ့။ နောက် ပင်လယ်မှာသေဆုံးတာကလည်း ကျိုက်ခမီ ရေလုပ်သားတွေပဲလေ။ သူတို့ကို သူတို့လုပ်ငန်းရှင်တွေက ကာကွယ်ဆေးတိုက် သောက်သုံးနိုင်ဖို့တောင် မစီစဉ် ပေးဘူး။ လှေလည်း ကမ်းလည်းမကပ်ခိုင်းဘူး။ သေဆုံးသွားတာတောင်မှ ရေးက ဓမင်ဆိပ်ဘက်မှာ ကမ်းကပ်ပြီး မြေမြှပ် သဂြိုလ်တာတွေလုပ်တယ်။ အနစ်နာဆုံးက သူတို့တွေပေါ့ဗျာ။

တဖက်က ကျန်းမာရေးအဖွဲ့တွေလည်း ထိထိရောက်ရောက်လုပ် ကာကွယ်ဆောင်ရွက်ပေးတာတွေ မရှိဘူးလေ။ ကျန်းမာရေးအဖွဲ့တွေက ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နေတာကို ပြည်သူတွေကြား အကျယ်တဝင့်မဖြစ်ဖို့ သတင်း ပိတ်တယ်။ ရေလုပ်ငန်းရှင်တွေကလည်း ရေလုပ်သားတွေ ထပ်တိုးသေဆုံးနေတာကို ထုတ်ဖော်ပြောဆိုတာတွေ မလုပ်ဘူးဆိုတော့ ဘာမှ လုပ်မရဘူး ဖြစ်နေတယ်။

မေး။ ။ ရောဂါကူးစက်ခံရတဲ့လူတွေ ဘယ်လိုကုသမှု ခံနေတာရှိလဲ။ ဘာ့ကြောင့်ရေလုပ်သားတွေ ပိုမို ကူးစက်ခံနေရပါလဲ။

ဖြေ။ ။ ရေလုပ်သားတွေ ရေလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေကနေတဆင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သက်ဆိုင်တဲ့ဆေးရုံမှာ ဆေးကုသခံနေရတာက တကယ်ပြင်းထန်လက္ခဏာဖြစ်တဲ့လူတွေပဲ၊ လူအနည်းအကျဉ်း လောက်ပဲပေါ့ဗျာ။ အိမ်မှာပဲ ကိုယ့်ဟာကိုယ် အဆင်ပြေသလို လုပ်နေရတဲ့လူတွေက များနေတာ။

ဥပမာ- အခု ပေါင်၊ အလှပ်မှာ ဖြစ်နေတာက ဆေးရုံတက်တာက ၅၀ ကျော်ပဲ။ မြေပြင်မှာ ဖြစ်တဲ့လူက ၁၀၀ ကျော် နေတယ်လေ။ သောက်သုံးရေ မသန့်တာ၊ အပူလွန်တာလို့လည်း ပြောတယ်။ ရေလုပ်သားတွေဆိုတော့ဗျာ သိတဲ့ အတိုင်းပဲ တကိုယ်ရေသန့်ရှင်းမှုနှင့် နေထိုင်မှုသန့်ရှင်းတာ အားနည်းတယ်လေ။ ရန်ကုန်မှာ ဖြစ်ပြီးတော့ မကြာပါဘူး၊ ကျိုက်ခမီရေလုပ်သားတွေ အရင်ဆုံးဖြစ်တာ။

မေး။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ နောက်ဆက်တွဲအခြေအနေ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဒေသခံတွေ ဘာတွေ ရင်ဆိုင်နေရတာရှိပါလဲ။

ဖြေ။ ။ အခုဆို လုံးဝပျောက်ကင်းနေတဲ့ အခြေအနေတွေ မဟုတ်ဘူး။ ရောဂါတခုခုဖြစ်ရင် နောက်ဆက်တွဲ အနေနဲ့ အဲဒီဝမ်းပျက်တာက ပါပါလာတာ။ ဥပမာ- ဆိုပါစို့ သွေးတိုး၊ နှလုံးဆိုပြီး အဲဒါရဲ့နောက်ဆက်တွဲက ဝမ်းပျက်တာ ပါလာတယ်။ အဲဒါတွေကို သူတို့တွေ မထုတ်ပြောဘူး။ လူနာတွေကိုမေးကြည့်မှ ရောဂါဖြစ်နေမှန်း သိရတယ်။

နောက်တခု လူတွေက ဘာကြောက်လဲဆိုတော့ ကိုဗစ်ကလို ကွာရန်တင်းထားထားမှာ သူတို့တွေ အလုပ်မလုပ်စား ရတော့မှာ၊ အပြင်မထွက်ရတော့မှာ စိုးရိမ်တယ်ပေါ့။ ဖုံးဖိပြီးတော့ နေနေကြတာပေါ့၊ နီးစပ်ရာ ဆေးဆိုင်ဆေးခန်း တွေနဲ့ပြီးသွားတာ။ ဆေးမီရင်ပြန်ငြိမ်သွားတဲ့ခါကြတော့ ရောဂါကပြီးသွားသယောင်ရှိပေမဲ့ ဖြစ်တော့ဖြစ်နေဆဲပါ။

IMNA ပေးပို့သည်။