“ကျနော်တို့ မြို့နယ်က တစ်လနဲ့တစ်လ စစ်ကြောင်းကလည်း မပြတ်ဘူး။ အမြဲ ထိုးနေတာ။ အခုဆို အိမ် မရှိတော့တဲ့ လူတွေလည်း အများကြီး၊ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခဲနေတဲ့လူတွေလည်း အများကြီး၊ အဲ့လိုလူတွေက နေ့စဉ်လုပ်ငန်း မလုပ်ရဘဲနဲ့ နေ့စဉ်စစ်ရှောင်နေရတဲ့အတွက် ခက်ခဲမှုတွေဖြစ်တယ်” ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတစ်ဦး

0
337
ပုံစာ - စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ခင်ဦးဒေသခံများ(Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက တပြိုင်တည်း ဝင်ရောက် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ခင်ဦးမြို့နယ်ထဲ ဩဂုတ်လ ၂၅ ရက်နေ့ က စပြီး စစ်ကောင်စီတပ် စစ်ကြောင်း၂ ခု က တပြိုင်တည်း ခြေလျင် စစ်ကြောင်းထိုး လာတာကြောင့် ဒေသခံ ၈၀၀၀ ကျော် ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်း ၂ ကြောင်း အနက် စစ်ကြောင်းတစ်ကြောင်းက ခမရ ၃၆၁ ရဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းစစ်ကြောင်းက ခင်ဦးမြို့ ပင်တင်းရွာနားကို စစ်ကြောင်းထိုးဝင်လာလို့ ပင်တင်းရွာခံတွေ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၃ ရွာက ဒေသခံတွေပါ ဘေးလွတ်ရာကို ထွက်ပြေး နေရပါတယ်။

ပင်တင်းရွာအပြင် အနီးအနားဝန်းကျင်ရှိ တခြားရွာ ၃ ရွာက ဒေသခံ စုစုပေါင်း ၃၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေး ခဲ့ရတာလို့ ခင်ဦးမြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျန် ခြေလျင်စစ်ကြောင်းတစ်ကြောင်းက ရေဦးမြို့ဘက်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ဖြစ်ပြီး ရွှေဘိုနယ် သရက်ပင်ဝန်း ကျေးရွာကနေ ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ကျေးရွာတွေဆီ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီ စစ်ကြောင်းကြောင့် ရွှေဘို- ခင်ဦးနယ်စပ်ရှိ ကြာပင်အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမာတော် စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရတယ်။ အဲ့ဒီအခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ မနေ့က ရွှေဘိုလေ့ကျင့်ရေး ကနေပြီးတော့ ကျနော်တို့မြို့ပေါ်ကို ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ ခမရ ၃၆၁ စစ်ကြောင်းက ခင်ဦးမြောက်ဘက်ကို ညကတည်းက ထွက်တာပေါ့နော်။ ပစ်တိုး တိုးပြီး ထွက်တာ ပေါ့နော်။ မနက်ခင်းမှာ ခင်ဦးမြောက်ဘက်ကို ထွက်တယ်။ ထွက်တဲ့အခါမှာ ခင်ဦးမြောက်ဘက်မှာရှိတဲ့ ရွာတွေ တိမ်းရှောင်ရတယ်ပေါ့နော်။ တိမ်းရှောင်ရတဲ့အနေအထားမှာ အဲ့ဒီစစ်ကြောင်းက အခုလတ်တလောပေါ့နော် နားတောင်းလှ ပျူရွာထဲကို ရောက်သွားပြီပေါ့နော်၊ ရောက်သွားတဲ့အတွက် အဲ့ဒီခင်ဦးမြောက်ခြမ်းက တိမ်းရှောင် ရတဲ့ ဒေသခံ ၃၀၀၀ လောက်က ကိုယ့်နေရပ်ကိုပြန်ဖို့ လုပ်နေကြတယ်ပေါ့နော်။

မေး။ ။ ဒေသခံ ၃၀၀၀ ကျော်က နေရပ်ကိုပြန်ဖို့ လုပ်နေတယ်ဆိုတော့ စစ်ကြောင်းက ပြန်ထွက်သွားပြီလား။ မြေပြင်အခြေအနေက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ဒီလိုပါ၊ ခင်ဦးအနောက်တောင်ခြမ်းပေါ့၊ ရေဦး ကနေ ထွက်လာပြီးတော့ ရွှေဘိုနယ်မြင်းစီးရွာကို ရောက်နေတဲ့စစ်ကြောင်းက ရေဦးဘက်ကို ပြန်ခေါက်တာပေါ့နော်၊ ခေါက်တဲ့အနေအထားမှာ ခင်ဦးနယ်ကို ဖြတ်ဖောက်ရမှာ ဖြစ်တဲ့အတွက် ခင်ဦးနယ်အနောက်တောင်ခြမ်း အောင်သာကျေးရွာဘက်ကို ရောက်နေတာ ပေါ့နော်။ အောင်သာကျေးရွာထဲ ရောက်နေတဲ့အတွက် ဘေးနားဝန်းကျင်မှာ ကျေးရွာ ၇ ရွာ လောက်က ဒေသခံ ၅၀၀၀ ကျော်မှာ လက်ရှိအနေထိ မပြန်ရသေးဘဲနဲ့ တိမ်းရှောင်နေရတုန်းဖြစ်တယ်ပေါ့နော်။

ပုံစာ – စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ခင်ဦးဒေသခံများ(Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်)

မေး။ ။ စစ်ကြောင်းထိုးဝင်လာတာဆိုတော့ မြေပြင်မှာရော တိုက်ပွဲတွေ ဖြစ်နေပါလား။

ဖြေ။ ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ မြေပြင်မှာ ဘာထိတွေ့မှုမှ မရှိဘူး။ သူတို့က တိုက်ပွဲမဖြစ်လည်း လက်နက်ကြီး၊ငယ်တွေနဲ့ မတရား ရမ်းပစ်သုံးပြီး ဝင်တာ၊ အဲ့လိုသုံးတဲ့အတွက် ရွာသားတွေက ဘေးလွတ်ရာကို ရှောင်ရတာပေါ့။ တိုက်ပွဲ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဒီလိုပဲ၊ သူတို့ကတော့ အထက်အမိန့်အရ ဝင်တယ်လို့ ပြောမှာပေါ့နော်။ သူတို့ကတော့ အထက်အမိန့် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဝင်လာပြီဆိုရင်တော့ ပစ်ပြီး ဝင်တာမျိုးပဲ။ အကြောင်းရှိရှိ မရှိရှိ သူတို့က ဘာမှစဉ်းစားမှာ မဟုတ်ဘူး။ ဥပမာ သာမာန်ပြည်သူတွေ နေရင်တောင် PDF တွေ နေတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ တမင်ကို ပစ်နေမှာပဲပေါ့နော်။

မေး။ ။ လက်နက်ကြီး၊ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဆိုတော့ နေအိမ်ပျက်စီးမှုတွေ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေရော ရှိပါလား။

ဖြေ။ ။ လောလောဆယ်တော့ လူထိခိုက်တာမျိုးတော့ မရှိသေးဘူး။ နေအိမ် ပျက်စီးမှုတွေလည်း မသိရသေးဘူး။ ဒါပေမယ့် သူတို့ အခုရောက်နေတဲ့ အောင်သာရွာက နွားတို့၊ ကြက်တို့၊ ဝက်တို့ စတဲ့ တိရိစ္ဆာန်တွေကိုတော့ သတ် စားတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေတော့ ရှိတယ်။ အဲ့ဒါတွေတော့ သိရတယ်။ တခြားတော့ သူတို့ ထွက်သွားမှ သိရမှာ။

မေး။ ။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အခုတင်ထားတဲ့ ပုံတွေအရဆိုရင် ကလေးတွေရော၊ သက်ကြီး ရွယ်အိုတွေရော အကုန်ပြေးနေရတာဆိုတော့ သူတို့တွေရဲ့အခက်အခဲက ဘာတွေပါလဲ။

ဖြေ။ ။ အခုက ရွာသားတွေအကုန်လုံးက စစ်ကြောင်းနဲ့ဝေးတဲ့ နေရာတွေကို အဝေးအထိကို စစ်ဘေး ရှောင်ရတယ် ပေါ့နော်။ စာသင်ကြောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာရော နေနေကြရတယ်ဗျ။ တခြားက ဒီပြီးခဲ့တဲ့ ၂၂ ရက်နေ့ ကတည်းက စစ်ကြောင်းနှစ်ကြောင်းက ဝင်လို့ ပြေးရတာလည်း ဒါနဲ့ဆို နှစ်ခါ သုံးခါ ရှိပြီ။ အဲ့တော့ ရွာသားတွေက စိုက်ပျိုးရေးလည်း မလုပ်ရဘူး။ ခဏခဏ ပြေးနေရတော့ အခက်အခဲတွေက အများကြီး တော်တော် ဖြစ်ကြတယ်။ မိုးရာသီကြီး ပြေးရတော့ ပိုခက်တယ်။ နောက်ပြီး ဒေသခံတွေများတဲ့အတွက် ကျနော်တို့ ထမင်းထုပ်တွေ ဝေတဲ့ခါမှာလည်း အခက်အခဲ ရှိတယ်။ စစ်ကြောင်း မရောက်သေးတဲ့ ရွာတွေကနေ တဆင့် လှူရတာမျိုးတွေတော့ လုပ်နေရတယ်။

မေး။ ။ မြေပြင်အပြင် လေကြောင်းရန်ကိုရော စိုးရိမ်ရတာမျိုး ရှိပါလား။

ဖြေ။ ။ အဲ့လို လေကြောင်းအန္တရာယ်တော့ ထွေထွေထူးထူးတော့ မရှိဘူး။ ဒါပေမယ့် သူတို့က စစ်ကြောင်း လာပြီဆို ရှေ့ကနေ ဒရုန်းတွေက အရင်လာတာ၊ ပြီး အဝေးကြည့် မှန်ပြောင်းတွေ ဘာတွေနဲ့ပေါ့နော်၊ အဲ့လို ဝင်တာဆိုတော့ လူအုပ်စုလိုက် စုနေတာမျိုးမြင်ရင် အဲ့ဒီနေရာကို လက်နက်ကြီးနဲ့ အရင်လှမ်းထုပြီး ဝင်တာမျိုးတော့ လုပ်တယ်။ အဲ့လိုကြည့်ပြီး လူအုပ်စုနေတဲ့ နေရာကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ စိုးရိမ် ရတယ်ပေါ့နော်။ တမင်ပစ်နေတာ ဟုတ်တယ်။ ၂၂ ရက်နေ့ စဝင်ကတည်းကနေ အခုချိန်ထိလို့ ပြောလို့ရတယ်။

မေး။ ။ ခင်ဦးမြို့နယ်ထဲ ဒီလိုစစ်ကြောင်းထိုးဝင်လာတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ အဲ့ဒီအတွက်ရော တခြား အခက်အခဲတွေက ဘာတွေပါလဲ။

ဖြေ။ ။ ကျနော်တို့ ခင်ဦးမြို့နယ်ထဲ ပြည်သူတွေက ခဏခဏ စစ်ရှောင်နေရတဲ့အခါမှာ ခက်ခဲမှုတွေ ဖြစ်တယ်။ အများကြီးပဲ၊ အခု ဒီတကြိမ် စပြေးရတာက ၂၂ ရက်နေ့ကပေါ့နော်။ လစဉ်လတိုင်းကို ရေတွက်မယ်ဆိုရင် ကျနော်တို့မြို့က စစ်ကြောင်းဖြတ်တာ၊ စစ်ကြောင်းထိုးခံရတာဆို ကြာလှပြီ။ တခြားမြို့နယ်တွေ မဖြတ်ခင် မထိုးခင် ကတည်းကပေါ့။ ကျနော်တို့ မြို့နယ်က တစ်လနဲ့တစ်လ စစ်ကြောင်းကလည်း မပြတ်ဘူး။ အမြဲ ထိုးနေတာ။ အခုဆို အိမ်မရှိတော့တဲ့ လူတွေလည်း အများကြီး၊ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခဲနေတဲ့ လူတွေလည်း အများကြီး၊ အဲ့လိုလူတွေက နေ့စဉ်လုပ်ငန်း မလုပ်ရဘဲနဲ့ နေ့စဉ်စစ်ရှောင်နေရတဲ့အတွက် ခက်ခဲမှုတွေ ဖြစ်တယ်။ အဲ့ဒီ အခက်အခဲတွေကို ကူညီနိုင်ဖို့က ဒေသတွင်း အကူအညီနဲ့တော့ မလုံလောက်ဘူး ပေါ့နော်။ အဲ့တော့ ပြည်ပမှာရှိတဲ့ အလှူ ရှင်တွေရော၊ မြန်မာနိုင်ငံထဲက လူတွေရော အားလုံးပေါ့နော် ပူးပေါင်းပြီးတော့ ကူညီပေးစေချင်တယ်ပေါ့နော်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here