1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့ ဖလမ်းမှာ ပြင်ဆင်တဲ့အရာပဲဖြစ်ဖြစ်၊ ချင်းညီနောင်နယ်မြေတွေမှာရှိတဲ့ စခန်းတွေကို ကျနော်တို့ပြောထားသလိုပဲ ၂၀၂၄ ခုနှစ်အတွင်းမှာ စကစ ကင်းစင်အောင် ကြိုစားမယ်ဆိုတဲ့ ကျနော်တို့ဆောင်ပုဒ်အတိုင်းပဲ...

“ကျနော်တို့ ဖလမ်းမှာ ပြင်ဆင်တဲ့အရာပဲဖြစ်ဖြစ်၊ ချင်းညီနောင်နယ်မြေတွေမှာရှိတဲ့ စခန်းတွေကို ကျနော်တို့ပြောထားသလိုပဲ ၂၀၂၄ ခုနှစ်အတွင်းမှာ စကစ ကင်းစင်အောင် ကြိုစားမယ်ဆိုတဲ့ ကျနော်တို့ဆောင်ပုဒ်အတိုင်းပဲ ဆက်လက်ဖော်ဆောင်တာဖြစ်တယ်” ဆလိုင်းတင်မီ – CNO/CNDF ပြောရေးဆိုခွင့်ရှိသူ

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး “မစ်ရှင်ဂျေရုစလင်” အခြေအနေ၊ ဒေသခံပြည်သူတို့ စစ်ဘေးတိမ်းရှောင်ရမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီနှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းညီနောင်အဖွဲ့သည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး “၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” ဆိုသည် စစ်ရေးရည်မှန်းချက်ချမှတ်ပြီး မြို့နယ် ၆ မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ရန် ကြိုးစားနေသည်ဟု ယခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက ကြေညာထားခဲ့သည်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF အဖွဲ့သည်လည်း ဖလမ်းမြို့နယ်တွင် စစ်ကောင်စီကင်းစင်ရေး စစ်ဆင်ရေးအဖြစ် “Mission Jerusalem – မစ်ရှင်ဂျေရုစလင်” ဟု အမည်ပေးထားပြီး ချင်းညီနောင်စစ်ဆင်ရေးအနေဖြင့် ဖော်ဆောင်နိုင်ရေး ပြင်ဆင်ထားပြီဟု သိရပါတယ်။

ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် CNO/ CNDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလာသလို စစ်ကောင်စီဘက်ကလည်း ခလရ – ၂၆၈ တပ်ကုန်း၌သာမက ဖလမ်းမြို့ပေါ် နေရာအများအပြားတွင် တပ်ဖွဲ့ဝင် ၂၀ ခန့်၊ ၃၀ ခန့်ဖြင့် တပ်အင်အားကို ဖြန့်ကျက်နေရာယူထားကြောင်း သိရှိရသည်။

ဖလမ်းမြို့ပေါ်၌ နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲ၊ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံ အရပ်သားပြည်သူတို့ ထိခိုက်သေဆုံးမှုတချို့ ရှိလာနေသလို မြို့ပေါ်လူဦးရေ၏ သုံးပုံနှစ်ပုံကျော်သည်လည်း မြို့ပေါ်နေရပ်ကိုစွန့်ခွါ၍ စစ်ဘေးရှောင်သွားကြပြီးဟု ဆိုပါသည်။

ဖလမ်းမြို့ပေါ် ဒေသခံပြည်သူတို့ စစ်ဘေးရှောင်ရသည့် အခြေအနေများအပါအဝင် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဖြစ်သည့် မစ်ရှင်ဂျေရုစလင်နှင့်ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဖလမ်းမြို့ပေါ်က စစ်ရေးအခြေအတွေကြောင့် မြို့ပေါ်ပြည်သူတွေ စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။ မြို့ပေါ်လူထု ဘယ်လောက်ရာခိုင်နှုန်းက ရှောင်နေကြပါလဲခင်ဗျာ။

ဖြေ။ ။ စစ်ဘေးရှောင်နဲ့ပတ်သက်လို့ ရှိရင်တော့ အခုက ကျနော်တို့ မစ်ရှင်ဂျေရုစလင် – MJ ကို ချင်းညီနောင်စ စ်ဆင်ရေးနဲ့ လုပ်ထားတာဖြစ်တယ်။ ချင်းညီနောင်စစ်ဆင်ရေးမှာ ကျနော်တို့ စပြီးတော့လုပ်တဲ့အချိန်ကနေ ဒီနေ့အထိ စစ်ဘေးရှောင်တွေကတော့ တော်တော်လေးများနေပြီလို့ ပြောလို့ရပါတယ်။ အခုဆိုရင်တော့ သုံးပုံ၊ တစ်ပုံလောက် တောင် မကျန်တော့တဲ့ အခြေအနေမှာရှိတယ်။ ဝန်ထမ်းတချို့နဲ့ စစ်ကောင်စီဘက်ကလူရယ်၊ တချို့ ပြည်သူတွေရယ်၊ လူငယ်တချို့ကျန်တယ်။ မြို့ထဲမှာတော့ အဲလိုအခြေအနေ ရှိနေပါတယ်။

မေး။ ။ စစ်ဘေးရှောင်တွေက ဘယ်နေရာတွေကို တိမ်းရှောင်နေကြပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တာကတော့ အများအဖြင့် ကလေးမြို့ဘက်၊ ရန်ကုန်တို့ စတဲ့ လုံခြုံတဲ့နေရာတွေမှာ ရှောင်ကြတယ်။ ပြည်ပဘက်မှာဆိုရင်တော့ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက်မှာ ရှောင်ကြတာများပါတယ်။ ပြီးတော့ အနီးအနားကမြို့တွေဖြစ်တဲ့ ဟားခါးတို့ ဘာတို့မှာ စစ်ဘေးရှောင်ကြပါတယ်။

မေး။ ။ CNDF နဲ့ ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ချင်းညီနောင်က လွန်ခဲ့တဲ့လကထုတ်ပြန်ဖူးတဲ့ ၂၀၂၄ မှာ ချင်းညီနောင်ရဲ့နယ်မြေတွေ စကစ ကင်းစင်ရေးဆိုတဲ့ မူဝါဒနဲ့အညီ ဖော်ဆောင်တာပါလား။ ဒါနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။

ဖြေ။ ။ အခု ကျနော်တို့ ဖလမ်းမှာ ပြင်ဆင်တဲ့အရာပဲဖြစ်ဖြစ်၊ ချင်းညီနောင်နယ်မြေတွေမှာရှိတဲ့ စခန်းတွေကို ကျနော်တို့ပြောထားသလိုပဲ ၂၀၂၄ ခုနှစ် အတွင်းမှာ စကစ ကင်းစင်အောင် ကြိုစားမယ်ဆိုတဲ့ ကျနော်တို့ဆောင်ပုဒ်အတိုင်းပဲ ဆက်လက်ဖော်ဆောင်တာဖြစ်တယ်။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကလည်း ကျနော်တို့က ချင်းညီနောင်နဲ့ပဲ ဆက်လက်လုပ်သွားဖို့ ရှိပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်မတိုင်မီမှာ ကျနော်တို့ချင်းပြည်နယ်ကို လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး။ ။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို မစ်ရှင်ဂျေရုစလင်လို့ အမည်ပေးထားတာဆိုတော့ အဲဒီစစ်ဆင်ရေးအကြောင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ မစ်ရှင်ဂျေရုစလင်လို့ ကျနော်တို့ပေးတာက CNO/ CNDF ရဲ့ အခြေအနေ၊ အဓိက ကျနော်တို့ရဲ့ ဖြစ်တည်လာခဲ့တဲ့ဟာက ဖလမ်းမြို့ဟာ ဒီဖလမ်းမျိုးနွယ်စုတွေကနေ ဖြစ်တည်လာတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ အိမ်ပေါ့လေ။ ကျမ်းစာထဲမှာရှိတဲ့အတိုင်းပဲ ဂျေရုစလင်မြို့ဆိုတာ အစ္စရေးလူမျိုးတွေရဲ့ မြို့တော်ကြီးဖြစ်တယ်။ အဲဒီလိုပဲ ကျနော်တို့မြို့တော်ကြီးဖြစ်တဲ့ ဖလမ်းကို ဂျေရုစလင်ဆိုတဲ့ဟာနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

အဲဒါကို ကျနော်တို့ပြန်ရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မစ်ရှင်ဂျေရုစလင်ဆိုတဲ့ စစ်ဆင်ရေးနာမည်ကို ကျနော်တို့ CNO/ CNDF က ပေးထားတာဖြစ်တယ်။ ဒါပေမယ့် မစ်ရှင်က တကယ်ဖြစ်မြောက်အောင် ချင်းညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မှာဖြစ်တယ်။ ချင်းညီနောင်ရဲ့ မူဝါဒအတိုင်းပဲ ကျနော်တို့သွားမယ်။ ချင်းညီနောင်ရဲ့ စစ်ဆင်ရေးဗျူဟာအတိုင်းပဲ ကျနော်တို့သွားမှာဖြစ်ပါတယ်။

မေး။ ။ ဒီစစ်ဆင်ရေးအတွက် ဘယ်လိုပြင်ဆင်ထားပါလဲ။

ဖြေ။ ။ စစ်ဆင်ရေးကတော့ ကျနော်တို့ စတင်ပြင်ဆင်တာက တော်တော်လေးကြာနေပါပြီ။ ပြင်ဆင်တယ်ဆိုတာက ကျနော်တို့ဘက်ကနေ အမျိုးမျိုး ပြင်ဆင်တာပေါ့လေ။ အခုချိန်မှာဆိုရင် ချင်းညီနောင်ရဲ့ မူဝါဒအတိုင်းပဲ ၂၀၂၄ မှာ ဖလမ်းကိုရယူဖို့အတွက် ပြင်ဆင်နေတယ်။ ကျနော်တို့ ၂၀၂၄ အတွင်းမှာ ပြီးစီးအောင်တော့ ကြိုးစားပြီး လုပ်ဆောင်မှာဖြစ်တယ်။ ဖလမ်းမြို့စစ်ဆင်ရေးမှာကတော့ ချင်းညီနောင်ရဲ့ ဦးဆောင်မှုအားဖြင့် ကျနော်တို့သွားမှာဖြစ်တယ်။

ဒါပေမယ့်လည်း ပါဝင်မယ့်အဖွဲ့အစည်းတွေကတော့ ကျနော်တို့မှာ များပါတယ်။ အဲဒါကိုတော့ နောက်ပိုင်းမှာ ကျနော်တို့စစ်ဆင်ရေး အောင်မြင်မှ ပြန်ထုတ်ပြန်မှာဖြစ်တယ်။ မဟာမိတ်အများကြီးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ မစ်ရှင်ကိုတော့ ချင်းညီနောင်ရဲ့ မစ်ရှင်အနေနဲ့ပဲ ကျနော်တို့သွားမယ်။ တခြားမဟာမိတ်အဖွဲ့တွေလည်း ရှိနေပါတယ်။ ဒါကိုတော့ အောင်မြင်မှုရတဲ့အချိန်မှာ ပါဝင်တဲ့အဖွဲ့တွေကို သတင်းမီဒီယာမှာ ပြန်ဖော်ပြပေးမယ်လို့ ပြောချင်ပါတယ်။

KNG ပေးပို့သည်။