27 ဇွန် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာလေယာဉ်ဆီ ဆက်လက်ဝယ်ယူရရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များမှ ဝေဖန်ထောက်ပြ

လေယာဉ်ဆီ ဆက်လက်ဝယ်ယူရရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များမှ ဝေဖန်ထောက်ပြ

Photo : cincds

အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရအချို့က စစ်ကောင်စီထံသို့ လေယာဉ်ဆီရောင်းချမှုနှင့် လွှဲပြောင်းမှုတို့ကို ပိတ်ဆို့အရေးယူမှုများ လုပ်ထားသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နှင့် နိုင်ငံတကာဈေးကွက်များမှ လေယာဉ်ဆီ ဆက်လက်ဝယ်ယူရရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များမှ ဝေဖန်ထောက်ပြထားကြပါသည်။

မေ ၁၄ ရက်က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Fortify Right အဖွဲ့သည် လက်ရှိ အာဆီယံဥက္ကဌဖြစ်သော မလေးရှားနိုင်ငံအနေဖြင့် စစ်ကောင်စီထံ လေယာဉ်ဆီ တင်ပို့နေသည့်နိုင်ငံများအား ပိတ်ဆို့အရေးယူပေးရန် တောင်းဆိုခဲ့ပါသည်။ ထို့ပြင် အာဆီယံဥက္ကဌအနေဖြင့် မြန်မာနိုင်ငံမှ အရပ်သားများကို ကာကွယ်နိုင်မည့် အစီအမံများ အဆိုပြုသင့်ပြီး စစ်ကောင်စီကို လေယာဉ်ဆီ၊ လက်နက်နှင့် နိုင်ငံရေးဆိုင်ရာ အထောက်အပံ့ အသိအမှတ်ပြုမှု ရရှိခြင်းမှ တားဆီးရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်သင့်ကြောင်း ထပ်လောင်းတောင်းဆိုထားပါသည်။ 1

Justice For Myanmar-JFM ကလည်း စစ်ကောင်စီထံသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှတဆင့် ဘဏ္ဍာငွေ၊ နည်းပညာနှင့် လေယာဉ်ဆီကဲ့သို့ စစ်လက်နက် အထောက်အပံ့ပစ္စည်းများ စစ်ကောင်စီထံ စီးဝင်နေမှုအပေါ် ပိတ်ဆို့၊ တွန်းအားပေးရန် မေ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် မြန်မာလူထုအပေါ် မျက်ကွယ်ပြုမှုများနှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ထားသော်လည်း စစ်ကောင်စီတပ်အား အရေးယူမှု မရှိသည်များကို ထောက်ပြထားပါသည်။ 2

မေ ၁၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆိုင်ရာ ကွန်းဖရမ့်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းဖြစ်စဉ်အား တင်ပြပြီး၊ နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား ရုပ်ဝတ္ထုပစ္စည်းနှင့် စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ကူညီနေမှုများ ရပ်တန့်ရန် တင်ပြပြောဆိုခဲ့ပါသည်။ 3

အိုးထိမ်းတွင်းဖြစ်စဉ်ပြီးနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှ ကလေးငယ်များကို ထိခိုက်ကျူးလွန်သည့်အမှုများကို ဦးစားပေး စုံစမ်းစစ်ဆေးနေကြောင်းနှင့် စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုနှင့်ဆက်စပ်သည့် အချက်အလက်၊ အထောက်အထားများအား မျှဝေရန် လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများထံ တောင်းခံခဲ့ပါသည်။

IIMM သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုအပါအဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်၏ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် Universal Jurisdiction ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကျင့်သုံးသောနိုင်ငံများမှ တရားရုံးများအတွက် သက်သေအချက်အလက် စုဆောင်းနေခြင်းဖြစ်ပါသည်။ 4

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်း ခါတိုင်းကဲ့သို့ပင် ပြောဆိုခဲ့ပါသည်။ 5

ထို့သို့ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာအပါဝင် နိုင်ငံအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တောင်းဆိုသံ၊ ဝေဖန်သံများအပြင် စိုရိမ်ကြောင့်ကြသံများသည် ယခု ရက်သတ္တပတ်အတွင်းတွင် သောသောညံခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် ထိုအသံများမှာ လေထဲတွင် ပျောက်ကွယ်သွားခြင်းမဖြစ်စေဘဲ ကုလသမဂ္ဂအပါအဝင် အာဆီယံ နှင့် နိုင်ငံတကာ၏ သက်သေပြမှုများကို မြန်မာလူထုအနေဖြင့် လိုအပ်နေဆဲ ဖြစ်ပါသည်။

1 စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့နေသည့် နိုင်ငံများကို ပိတ်ဆို့အရေးယူရန် တောင်းဆို၊ DVB၊ မေ ၁၅ ရက်၊ ၂၀၂၅။
2 အာဆီယံအဖွဲ့ဝင်နိုင်ငံမှတဆင့် စစ်ကောင်စီထံ စစ်လက်နက်အထောက်အပံ့များ စီးဝင်နေခြင်းကို ပိတ်ဆို့ရန် JFM တောင်းဆို၊ ကေအိုင်စီ၊ မေ ၁၃ ရက်၊ ၂၀၂၅။
3 ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခံရမှုကို ကုလအစည်းအဝေးတွင် တင်ပြပြီး စစ်ကောင်စီအား ကူညီမှုရပ်တန့်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို၊ မဇ္ဈိမ၊ မေ ၁၃ ရက်၊ ၂၀၂၅။
4 အိုးတိန်တွင်းလေကြောင်းတိုက်ခိုက်မှုအပါအဝင် စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု သက်သေအချက်အလက်တွေ ပေးပို့ဖို IIMM တောင်းခံ၊ လူထုနွေဦး၊ မေ ၁၅ ရက်၊ ၂၀၂၅။
5 အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလအတွင်းရေးမှူးချုပ် အလွန်အမင်းစိုးရိမ်ဟု ဆို၊ လူထုနွေဦး၊ မေ ၁၄ ရက်၊၂၀၂၅။