27 ဇွန် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာမြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ မပေးကြရန် တိုက်တွန်း

မြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ မပေးကြရန် တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ရန် ၎င်းရုံးရှေ့နေမှ လျှောက်ထားမှုသည် မြန်မာလူထုအကြား သတင်းကောင်းအဖြစ် ပျံ့နှံခဲ့ပါသည်။ ICC မှ မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စစ်တပ်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ဖမ်းဆီးရန် နိုဝင်ဘာ ၂၇ ရက်က ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ 1

ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခြင်းခံရသည့် စစ်‌ကောင်စီအနေဖြင့် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ခြင်းကြောင့် ၎င်းတို့ပြောဆိုချက်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကမ္ဘာတဝန်းတွင် ICC ခုံရုံး စီရင်ပိုင်ခွင့်ကို လက်ခံထားသည့် နိုင်ငံပေါင်း ၁၂၄ နိုင်ငံရှိပြီး၊ ၎င်းတို့အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်များကို လိုက်နာရမည့်တာဝန်ရှိကာ၊ ICC မှ ဖမ်းဝရမ်းထုတ်လျှင် ၎င်းနိုင်ငံများမှ အကောင်ထည်ဖော်ရမည်ဖြစ်ပြီး မင်းအောင်လှိုင်အနေဖြင့်လည်း ၎င်းနိုင်ငံများသို့ သွားလာ၍ ရမည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ယခုလျှောက်ထားချက်အား အလေးမထား၍မရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းလည်းဖြစ် လူ့အခွင့်အရေး ရှေ့နေလည်းဖြစ်သည့် Tomas Quintana က ဆိုထားပါသည်။ 2

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်အား ဖမ်းဝရမ်း လျှောက်ထားချက်နှင့်ပတ်သက်ပြီး ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) မှ ကြိုဆိုကြောင်း နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများကို ပေးအပ်ရန် ICC နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားပါသည်။ 3 ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့မှလည်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်အား ဖမ်းဆီးနိုင်ရန် ICC ခုံရုံးသို့ ဝရမ်းလျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ 4

G7 စက်မှုထိပ်သီး ၇ နိုင်ငံဖြစ်သော အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့သည် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အီတလီနိုင်ငံတွင် တွေ့ဆုံခဲ့ကြပါသည်။ ယင်းတွေ့ဆုံမှုတွင် မြန်မာစစ်တပ်သို့ လက်နက်နှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ မပေးကြရန် တိုက်တွန်းချက်အား ထုတ်ပြန်ခဲ့ကြပါသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အရပ်သားများအား ထိခိုက်မှုဖြစ်စေသော လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့ကြပါသည်။ 5 ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်အဖြစ် မစ္စတာ မိုင်ကယ်ဒန်ဖော့ (Mr. Michael Dunford) ဆိုသူ ဖြစ်လာခဲ့ပါသည်။ ၎င်းအနေဖြင့် ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူရမည့် ယခုကာလသည် မြန်မာနိုင်ငံအတွက် ပိုမိုဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော နိုင်ငံအတွက် အရေးကြီး အခိုက်အတန့် ဖြစ်နေပါသည်။

ဌာနေကိုယ်စားလှယ်အသစ်အနေဖြင့် မြန်မာနိုင်ငံအတွင်း အရေးပေါ်အကူအညီ လိုအပ်နေသူများအား အထောက်အပံ့များပေးနိုင်ရန် ဘက်ပေါင်းစုံနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုထားပြီး၊ ၎င်းဦးဆောင်မည့်ကာလတွင် ပဋိပက္ခဒေသများရှိ ပြည်သူလူထုထံသို့ ကူညီထောက်ပံ့မှုများ ရောက်ရှိရေးနှင့် ၂၀၂၅ ခုနှစ်အတွင်း ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေး၊ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့အား လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု WFP က ထုတ်ပြန်ထားပါသည်။ 6

1 စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ ခွင့်ပြုချက်တောင်းခံ ၊VOA၊ ၂၇ နိုဝင်ဘာ ၂၀၂၄။
2 မြန်မာစစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ ကုလအထူးကိုယ်စားလှယ်ဟောင်းလိုလား၊VOA၊ ၂၈ နိုဝင်ဘာ ၂၀၂၄။
3 စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှု BROUK အဖွဲ့ ကြိုဆို၊ မဇ္ဈိမ၊ ၂၈ နိုဝင်ဘာ ၂၀၂၄။
4 စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ရေး ICCနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ IIMM ပြော၊ VOA၊ ၂၈ နိုဝင်ဘာ ၂၀၂၄။
5 မြန်မာလေကြောင်းတိုက်ခိုက်မှုနဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ G7 တောင်းဆို၊ VOA၊ ၂၇ နိုဝင်ဘာ ၂၀၂၄။
6 မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော၊ DMG ၊ ၂၀ နိုဝင်ဘာ ၂၀၂၄။