27 ဇွန် 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာအိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့်ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖယ်ဒရယ်စနစ်” နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန်...

အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့်ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖယ်ဒရယ်စနစ်” နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန်…

အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့်ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖယ်ဒရယ်စနစ်” နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာရက္ခတပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို အိန္ဒိယက ဖိတ်ကြားထားပါသည်။ ဆွေးနွေးပွဲကို လာမည့်နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး (S Jaishankar) ပါဝင်သည့် အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA) မှ အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပါသည်။

စစ်အာဏာသိမ်းကာလတလျှောက်လုံးတွင် အိန္ဒိယနိုင်ငံသည် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသော နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့ရှိခဲ့ရပြီး၊ ယခုဆွေးနွေးပွဲသို့ စစ်‌ကောင်စီအား ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများကို ဖိတ်ခေါ်ထားသည်မှာ မကြုံစဖူး ထူးခြားမှုအဖြစ် တွေ့ရှိရပါသည်။

ထို့ပြင် အဆိုပါတွေ့ဆုံပွဲသို့ မြန်မာစစ်ကောင်စီအား ဖိတ်ကြားထားခြင်း ရှိ/မရှိကိုလည်း မသိရှိရဘဲ ဆွေးနွေးပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ထုတ်ဖော်ပြောဆိုမှုများကိုလည်း မတွေ့ရှိရသေးပါ။ 1

ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” အဖြစ် ကျော်ကြားသည့် ဘယ်လာရုစ်နိုင်ငံ အာဏာရှင်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ခေါ်ကြောင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၂၅နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိတ်ခေါ်ထားသည့် ဘယ်လာရုစ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် မြန်မာစစ်ကောင်စီ၏ ကောင်စစ်ဝန်ချုပ်ရုံးကို တိုးချဲ့ဖွင့်လှစ်ထားသည့်အပြင် စစ်ကောင်စီအာဏာသိမ်းမှုအား ရှုတ်ချရန် ကုလသမဂ္ဂအဆိုကို မထောက်ခံဘဲ ဆန့်ကျင်သည့် နိုင်ငံလည်းဖြစ်ပါသည်။ တဖက်တွင်လည်း မြန်မာစစ်ကောင်စီတပ်အား စစ်လက်နက်ပစ္စည်းများ ရောင်းချနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုထားပါသည်။

ဘယ်လာရုစ်နိုင်ငံသည် အရှေ့ဥရောပဒေသတွင် ကုန်းတွင်းပိတ်တစ်နိုင်ငံတနိုင်ငံဖြစ်ပြီး၊ နိုင်ငံခေါင်းဆောင် အလက်ဇန်းဒါးလူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံအုပ်ချုပ်နေခြင်းဖြစ်ပါသည်။ ဘယ်လာရုစ်အစိုးရသည်လည်း နိုင်ငံသားလွတ်လပ်ခွင့်များ ဖိနှိပ်ခြင်း၊ မီဒီယာများကို ပြင်းထန်စွာ တင်းကြပ်ခြင်းတို့ကြောင့် ဝေဖန်ခံရသည့် နိုင်ငံဖြစ်ပါသည်။ 2

တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးခွဲလိုပြီး တရုတ်နိုင်ငံအား အကြောင်းမဲ့ ပြစ်တင်ပြောဆိုလုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည်ကို ခိုင်မာစွာစွဲကိုင်ထားပြီး မြန်မာပြည်သူများပိုင်ဆိုင်ပြီး မြန်မာပြည်သူများ ဦးဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာကြောင်း၊ မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း ဆိုထားပါသည်။

ထိုသို့ မြန်မာ့အရေး ဝင်မစွက်ဖက်ကြောင်း ပြောဆိုထားသော တရုတ်နိုင်ငံသည် လက်ရှိတွင် ရှမ်း-မန်း တိုက်ပွဲများဖော်ဆောင်နေသည့် တအာင်းတပ်မတော် (TNLA) ထံသို့ ယခုလအတွင်းက တိုက်ပွဲများ ချက်ချင်းရပ်ရန် ခြိမ်းခြောက်စာပေးပို့ခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုနှင့် အရပ်သားများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခြင်းတို့အပေါ်လည်း ဝေဖန်ခြင်းမရှိဘဲ၊ စစ်ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံသည့်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း မြန်မာ့အရေးဆုံးဖြတ်ချက်များအား လိုက်လံတားဆီးပိတ်ပင်သည်များလည်း ရှိခဲ့ပါသည်။ 3

လွန်ခဲ့သည့် ၃ နှစ်က မြန်မာစစ်အာဏာသိမ်းမှုအား ရှုတ်ချရာတွင်ပါဝင်ခဲ့သည့် တောင်ကိုးရီးယားနိုင်ငံ ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီမှ မြန်မာစစ်ကောင်စီသံအမတ်၊ စစ်သံမှူးတို့အား လက်ခံတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ကိုရီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ချုပ်အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၀ဝ ကျော်မှ ကန့်ကွက်ရှုတ်ချစာ ပေးပို့ခဲ့ကြပါသည်။ ၎င်းတို့မှာ ပြီးခဲ့သည့်လက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ကိုရီးယားသတင်းဌာနများမှ သိရှိသွားပြီး ဖော်ထုတ်ရာမှ ယခုကဲ့သို့ ကန့်ကွက်ခံနေရခြင်းဖြစ်ပါသည်။

ယင်းသို့ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ကို အသိအမှတ်ပြုရာရောက်ပြီး ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီအနေဖြင့် ကိုရီးယားနေ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ကိုရီးယားပြည်သူများအား ပြန်လည်တောင်းပန်ရန်လည်း တောင်းဆိုထားပါသည်။ 4

1 AA အပါအဝင် အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယဖိတ်ခေါ်၊ နိရဉ္စရာ၊ ၂၄ စက်တင်ဘာ၂၀၂၄။
2 ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်၊ DVB၊ ၂၄ စက်တင်ဘာ ၂၀၂၄။
3 မြန်မာ့ပြည်တွင်းရေးဝင်စွက်မှု ဆန့်ကျင်ဟု တရုတ်ပြော၊ DVB၊ ၁၅ စက်တင်ဘာ ၂၀၂၄။
4 စစ်ကောင်စီသံအမတ်နှင့် တွေ့ဆုံခဲ့သည့် ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီ ရှုတ်ချခံရ၊ DVB၊ ၁၁ စက်တင်ဘာ ၂၀၂၄။