23 ဧပြီ 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာအမေ့လျော့ခံဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အတိဒုက္ခများအား ဖော်ထုတ်ရာတွင်...

အမေ့လျော့ခံဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အတိဒုက္ခများအား ဖော်ထုတ်ရာတွင်…

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်သူများက တောင်းဆိုခဲ့ကြစဉ် PHOTO: AFP

၂၀၂၄ ခုနှစ်၏ နှစ်ကုန်ပိုင်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုသံများနှင့်အတူ အဆုံးသတ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်နှင့်အတူ ဗြိတိန်နိုင်ငံအပါအဝင် ဂုဏ်သိက္ခာရှိလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံအချို့၏ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်‌ရေး တောင်းဆိုသံများမှာ ဒီဇင်ဘာလထဲတွင် မြင့်တက်ခဲ့ပါသည်။

လွန်ခဲ့သည့် လေးနှစ်လုံး စစ်ကောင်စီတပ်ထံတွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ ကျန်းမာရေးမကောင်းသည့်အပြင် စစ်ကောင်စီထံတွင် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရခြင်းဖြစ်ပါသည်။

ယင်းနှင့်ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းများဖြစ်သည့် မစ္စတာအင်ဒရူးမစ်ချယ်နှင့် ဆာအလန်ဒန်ကန်တို့က စစ်ကောင်စီတပ်သည် ပြည်သူများကို လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းက ပြသနေသည်ဟု ထောက်ပြပြောဆိုထားကြပါသည်။ 1

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမှုများနှင့်အတူ ဒီဇင်ဘာလ ၁၉ ရက်က ဗြိတိန်နိုင်ငံတွင် The Independent သတင်းစာအယ်ဒီတာချုပ် ဂျော်ဒီဂရိဂျ်က ဒါရိုက်တာအနေဖြင့် ကိုယ်တိုင်ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့သည့် Cancelled: The Rise and Fall of Aung San Suu Kyi ဟု အမည်ရ မှတ်တမ်းရုပ်ရှင်သစ် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ကြပါသည်။ ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေဖြင့် အခြေအမြစ်မရှိသည့် စွဲချက်များအတွက် ထောင်ထဲတွင် ရှိမနေသင့်ကြောင်းနှင့် ၎င်း၏ မှတ်တမ်းရုပ်ရှင်သည့် အမေ့လျော့ခံဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အတိဒုက္ခများအား ဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်လိမ့်မည်ဟု မှတ်တမ်းရုပ်ရှင်ဒါရိုက်တာက မျှော်လင့်ထားပါသည်။

အဆိုပါ အခမ်းအနားမှတဆင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းများဖြစ်သော ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနှင့် ဂျက်ခ်စတောတို့ကလည်း နေပြည်တော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားပုဒ်မများဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ၏ တွန်းအား၊ အမှတ်သင်္ကေတဖြစ်ပြီး ၎င်းလွတ်မြောက်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားသင့်သည်ဟု တိုက်တွန်းအကြံပြုထားပါသည်။ 2

ဒီဇင်ဘာ ၂၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အာဆီယံနိုင်ငံများ တွေ့ဆုံမှုတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အရေးကြီးသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် ထိုင်း၊ လာအို၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ တက်ရောက်ခဲ့ပြီး မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ 3

ဒီဇင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စစ်ကောင်စီကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့သော ခြောက်နိုင်ငံအလွတ်သဘော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ယခုအကြိမ် မြန်မာ့အရေးဆွေးနွေးပွဲတွင် ခေါက်ရိုးကျိုးနေပြီဖြစ်သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ရေးပင်ဖြစ်သည်ကို တွေ့ရှိရပါသည်။

အာဆီယံဘုံသဘောတူညီချက်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန်၊ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးရန်၊ အာဆီယံအထူးသံအမတ်က ကြားဝင်ညှိနှိုင်းပေးရန်နှင့် အာဆီယံကတဆင့် စာနာမှုအကူအညီပေးရန်နှင့် အာဆီယံအထူးသံအမတ်က မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်တို့ဖြစ်ပါသည်။ 4

သို့သော် အဆိုပါဆွေးနွေးမှုတွင် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ လုပ်ဆောင်ပြီးမြောက်မှု၊ အပြန်အလှန်ဆွေးနွေးမှု၊ မြန်မာ့အရေး ပြေလည်သွားစေနိုင်သည့် အခင်းအကျင်းများနှင့် အရေးပါသည့် ကိစ္စများနှင့်ပတ်သက်ပြီး အသံများ ထွက်မလာခဲ့ဘဲ စစ်ကောင်စီမှ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ပရိုမိုးရှင်းများကို နားထောင်ကာ ပြီးဆုံးခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက ကောက်ချက်ချခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာအတွက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် လာအိုတို့မှ နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 5

1 ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ၊ Irrawaddy၊ ၂၃ ဒီဇင်ဘာ ၂၀၂၄။
2 ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဗြိတိန်ဝန်ကြီးဟောင်းများတောင်းဆို၊ ရုပ်သံမှတ်တမ်း ဖြန့်ချိ၊ DVB၊ ၂၀ ဒီဇင်ဘာ ၂၀၂၄။
3 ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ရန် စင်္ကာပူ တောင်းဆို၊ Mizzima၊ ၂၀ ဒီဇင်ဘာ ၂၀၂၄။
4 ဘုံသဘောတူညီချက် ၅ ရပ် ကို ကျော်လွန်လုပ်ဆောင်ရန် အာဆီယံကို အရပ်ဘက်အဖွဲ့အစည်းများ အကြံပြု၊ Mizzima၊ ၁၆ ဒီဇင်ဘာ ၂၀၂၄။
5 အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးဆွေးနွေးပွဲတွင် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ဆွေးနွေး၊ DVB၊ ၂၀ ဒီဇင်ဘာ ၂၀၂၄။