26 ဇွန် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာအပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင်...

အပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင်…

မကြာသေးမီက အင်အားပြင်းငလျင်လှုပ်ခတ်မှု၊ ဆက်လက်ဖြစ်ပွားနေသော စစ်ရေးအကြမ်းဖက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအာရုံစိုက်မှု ဆက်လက်ရရှိစေခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေသည့် မြန်မာစစ်ကောင်စီနှင့်ပတ်သက်၍ စိုးရိမ် ကြောင်း ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဖော်ပြခဲ့ကြသည်။

မြန်မာစစ်ကောင်စီသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် တိုက်ခိုက်မှုပေါင်း ၂၄၃ ကြိမ်အထိ လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူ ၂၀ဝ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။ အဆိုပါအခြေအနေနှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်း အကျပ်အတည်းများကြုံနေရသည့်တိုင် အကြမ်းဖက်မှုများကြားက ခါးစည်းခံနေရသည့် မြန်မာပြည်သူများ၏ ဒုက္ခကို မေ့ထား၍မရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် (Volker Türk) က မှတ်ချက်ပြုထားသည်။ 1

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များကို ပြည့်မီစေရန် နိုင်ငံတကာပံ့ပိုးမှု ကျယ်ကျယ်ပြန့်ပြန့် အလျင်အမြန်လုပ်ဆောင်ရန် လိုအပ်ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မာကိုလူဂျီကော်စီ (Marcoluigi Corsi) က တောင်းဆိုခဲ့သည်။ ထို့အပြင် ရန်ပုံငွေထောက်ပံ့မှုနှင့် အကူအညီပေးရာတွင် နှောင့်နှေးပါက လူ့အသက်များ ပိုမိုဆုံးရှုံးနိုင်ပြီး ငလျင်ဒဏ်သင့်အရပ်ဒေသများ ပြန်လည်တည်ဆောက်ရာတွင် အဆောတလျင် အကူအညီပေးရန်လည်း ညှိနှိုင်းရေးမှူးက တိုက်တွန်းထားသည်။ 2

အမေရိကန်နှင့် အခြားသောနိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာနိုင်ငံရှိ ပညာရေးအစီအစဉ်များကို ငွေကြေးထောက်ပံ့ရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တောင်းဆိုထားသည်။ အဆိုပါအစီအစဉ်များအတွက် ဖြတ်တောက်ခံရသည့် ပမာဏမှာ ဒေါ်လာ သန်း ၇၀ ကျော်ရှိပြီး စစ်ရေးပဋိပက္ခရင်ဆိုင်နေရသည့် မြန်မာနိုင်ငံရှိ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများနှင့် မိသားစုများအတွက် အလွန်အရေးကြီးရာ အဆောတလျင်မဆောင်ရွက်ပါက မျိုးဆက်ပျောက်မှုအန္တရာယ် ကြုံရဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ 3

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၎င်း၏ ပိုင်နက်နယ်မြေကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုစင်္ကြန်တစ်ခု တည်ဆောက်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကို ကနဦးတွင် မူအားဖြင့် သဘောတူခဲ့သည်။ 4 သို့သော် မဖြေရှင်းရသေးသည့် ပြဿနာများရှိသေးကြောင်း ပြောဆိုကာ ရခိုင်စင်္ကြန်တည်ဆောက်ရန် အပြီးသတ်သဘောတူညီချက် မရရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ နောက်ပိုင်းတွင် ပြန်လည်ရှင်းလင်းခဲ့သည်။ 5

“ ၆” ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(BIMSTEC) အစည်းအဝေးသို့ မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားကာလအစိုးရ အကြံပေးပုဂ္ဂိုလ်ချုပ်ဒေါက်တာ မိုဟာမက်ယူနွတ်စ် (Dr Muhammad Yunus) ထံ ဧပြီ ၁၅ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံထားရသည့် မြန်မာစစ်ကောင်စီခေါင်းဆောင်အနေဖြင့် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်က တရားဝင်ကန့်ကွက် ဆန့်ကျင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် အံ့အားသင့်ရကြောင်း အဆိုပါစာတွင် ဖော်ပြသည်။ 6

Burma Research Institute က စီစဉ်၍ အမေရိကန်လွှတ်တော်အမတ်များနှင့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များပါဝင်သည့် မြန်မာ့အရေးအပေါ် အမြင်သဘောထား ပေါင်းစပ်ရှင်းလင်းပွဲတစ်ခုကို ဧပြီ ၂၈ ရက်နေ့၊ အမေရိကန်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါရှင်းလင်းပွဲတွင် အမေရိကန်အစိုးရအတည်ပြုပြဋ္ဌာန်းထားသည့် မြန်မာပြည်ဆိုင်ရာဥပဒေ Burma Act ကို အဆောတလျင် အသက်သွင်းပြီး မြန်မာပြည်သူများကို အကူအညီပေးရန် အမေရိကန်လွှတ်တော်အမတ်များက ဒေါ်နယ်ထရမ့်အစိုးရကို တိုက်တွန်းခဲ့သည်။ 7

တဖက်တွင် ငလျင်ဘေးအလွန် လူသားချင်းစာနာမှုအကူအညီပေးမှုကို လက်နက်သဖွယ် အသုံးချနေသည့် စစ်ကောင်စီသည် နျူကလီးယားနည်းပညာကိုလည်း မြန်မာပြည်သူများကို သတ်ဖြတ်ရာတွင် အသုံးချလာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီ ၂၈ ရက်မှ မေ ၉ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးတွင် သတိပေးပြောကြားခဲ့သည်။ 8

နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော် – BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သားဖြစ်သူ စောထူးအယ်မူးနှင့် စောချစ်ချစ်တို့အား ဆိုက်ဘာရာဇဝတ်မှု (အွန်လိုင်းလိမ်လည်မှု) ဖြင့် အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး – OFAC မေလ (၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ထိုင်း – မြန်မာ နယ်စပ်ဒေသတွင် အခြေစိုက်သည့် KNA အဖွဲ့သည် အဆိုပါ ရာဇဝတ်လုပ်ငန်းများအတွင်း မြန်မာစစ်တပ်နှင့် အဆက်အဆံပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေသည်ဟုလည်း အမေရိကန်က ဆိုသည်။ 9

အချုပ်အားဖြင့်ဆိုရလျှင် ကုလသမဂ္ဂနှင့် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို မီးမောင်းထိုးပြနေသော်လည်း ထိရောက်သည့် ကူညီပံ့ပိုးမှု လုပ်ဆောင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ စစ်ကောင်စီနှင့်ဆက်စပ်သည့် KNA အပေါ် ပိတ်ဆို့အရေးယူမှုကို ကြည့်ပါက အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပေါ် အာရုံစိုက်လျှက်ရှိကြောင်း ပြသလျှက်ရှိသည်။ သို့သော် ထို့ထက်မက ကျယ်ပြန့်သော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်အုပ်စု တာဝန်ခံလာမှုရှိလာရန် လုပ်ဆောင်ခြင်းမရှိသေးပေ။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဦးကျော်မိုးထွန်း သတိပေးထားသကဲ့သို့ စစ်ကောင်စီ၏ နိုင်ငံတကာအကူအညီများကို လက်နက်သဖွယ်အသုံးချမှုနှင့် နျူကလီးယားစက်ရုံ တည်ဆောက်ရန် ပေါ်ပေါ်တင်တင် ကြိုးပမ်းနေမှုမှာ ဘက်မလိုက်သော လူသားချင်းစာနာထောက်ထားမှုဝါဒအတွက် စိန်ခေါ်မှုတရပ်အဖြစ် ဆက်ရှိနေသည်ကို တွေ့ရသည်။

1 ငလျင်အပြီး စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ဝ ကျော် သေဆုံးဟု ကုလပြော၊ DVB၊ ၅ မေ ၂၀၂၅
2 UN official calls for swift action as earthquake deepens Myanmar’s humanitarian crisis ၊ OCHA ၊ ၁ မေ ၂၀၂၅
3 Myanmar: Life-saving education funding must be restored following USAID cuts ၊ Amnesty Int’l ၊ ၈ မေ ၂၀၂၅
4 ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ရခိုင်သို့ လူသားချင်းစာနာမှုကူညီပေးမည့် စင်္ကြံတစ်ခုတည်ဆောက်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရ မူအားဖြင့် သဘောတူ ၊ Narinjara ၊ ၂၇ ဧပြီ ၂၀၂၅
5 ရခိုင်ကို လူသားချင်းစာနာမှု အကူအညီပေးရန် သဘောတူညီချက် မရသေးဟု ဘင်္ဂလားဒေ့ရှ် ပြော ၊ DVB ၊ ၅ မေ ၂၀၂၅
6 မြန်မာစစ်ခေါင်းဆောင် BIMSTEC အစည်းအဝေးတက်တဲ့အပေါ် မကန့်ကွက်သည့် ဘင်္ဂလားဒေ့ရှ်ကို SAC-M မေးခွန်းထုတ် ၊ DVB ၊ ၃ မေ ၂၀၂၅
7 Burma Act ကို အမြန်ဆုံးအသက်သွင်းရန် ကန်လွှတ်တော်အမတ်များ တွန်းအားပေး ၊ DVB ၊ ၂၉ ဧပြီ ၂၀၂၅
8 မြန်မာစစ်တပ်က နျူကလီးယားနည်းပညာကို လူသတ်လက်နက်အဖြစ် အသုံးပြုနိုင်ဟု သံအမတ်ကြီးပြော ၊ DVB ၊ ၁ မေ ၂၀၂၅
9 BGF ခေါင်းဆောင် စောချစ်သူနှင့်သားနှစ်ဦးအား ဆိုက်ဘာရာဇဝတ်မှုဖြင့် အမေရိကန် အရေးယူ ၊ KIC ၊ ၆ မေ ၂၀၂၅