
မြန်မာ့အရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အဆိုပြုလွှာမူကြမ်းတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးနိုင်ရေးကို အဟန့်အတားမရှိ၊ ဘေးကင်းလုံခြုံမှုရှိစွာနှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် တိုက်တွန်းထားပါသည်။ ထို့ပြင် မြန်မာစစ်ကောင်စီတပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချထားပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းထားပါသည်။ 1
မြန်မာစစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်နိုင်ရေးတွင် ပါဝင်ကူညီကြရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ်ကုမ်ဂျန် (Nicholas Koumjian) က တိုက်တွန်းထားပါသည်။ ၎င်းအနေဖြင့် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိချက်များကို တင်ပြချိန်တွင် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။
IIMM အနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်များကို နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ မျှဝေထားပြီး တရားရုံးများမှ အမှုများကို မရပ်မနားစီစစ်နေသော်လည်း စစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်နိုင်ရေးတွင် တရားရုံးများသာမက နိုင်ငံများမှလည်း ပါဝင်ရမည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။ 2
စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး အထိမ်းအမှတ်နေ့တွင် ကရင်ပြည်နယ်အတွင်းမှ စာသင်ကျောင်းများ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) က လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အခြားသော အဖွဲ့အစည်းများအနေဖြင့်လည်း စာသင်ကျောင်းများ လုံခြုံမှုရှိရေး (Safe Schools Declaration) အား လက်မှတ်ရေးထိုးပြီး လေးစားလိုက်နာကြရန် တိုက်တွန်းထားပါသည်။ 3
ကမ္ဘာ့ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mirjana Spoljaric သည် စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ ငါးရက်တာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၎င်းသည် ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှုများ အရှိန်အဟုန်မြင့်တက်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုယိုယွင်းနေချိန်တွင် ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ICRC ဥက္ကဋ္ဌ အနေဖြင့် စစ်ခေါင်းဆောင်အား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးလိုသည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပေးနိုင်စွမ်းတို့ကို စပ်လျဉ်း၍ ဆွေးနွေးပြောဆိုခဲ့သည့်အပြင် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကို ပိုမိုရရှိနိုင်ရန်လည်း တိုက်တွန်းခဲ့သည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ 4
1 မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ကုလအဆိုပြုလွှာမှာ ရှုတ်ချ၊ RFA Burmese၊ ၂၈ သြဂုတ် ၂၀၂၄။
2 စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း၊ RFA Burmese၊ ၉ စက်တင်ဘာ ၂၀၂၄။
3 ပညာသင်ခွင့်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရေး ပဋိဉာဉ်ကို လက်မှတ်ထိုးဖို့ ယူကေ တိုက်တွန်း၊ RFA Burmese၊ ၉ စက်တင်ဘာ ၂၀၂၄။
4 အိုင်စီအာရ် ဥက္ကဋ္ဌသည် မြန်မာခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် ရခိုင်သို့ သွားရောက်ခဲ့၊ နိရဉ္စရာ၊ ၁၀ စက်တင်ဘာ ၂၀၂၄။