
အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ဒန်နီရယ်လ်ခရိုက်တန်ဘရင့်ခ်က မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုတွေ လျော့ပါးရေးစသည့် ဦးစားပေးလုပ်ငန်းစဉ်များ၏ တိုးတက်မှုသည် မရှိသလောက်နည်းပါးနေကြောင်း ပြောဆိုခဲ့သည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများအား ထောက်ခံလျက်ရှိသော်လည်း မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် စဉ်ဆက်မပြတ် ဖိအားပေးသွားမည်ဟု ၎င်းကဆိုပါသည်။ 1
သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သတ်ပြီး ဆွေးနွေးအဖြေရှာရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရေးပေါ်ထိပ်သီးဆွေးနွေးပွဲတရပ် ပြုလုပ်သွားသင့်ကြောင်း တိုက်တွန်းထားသည်။ အာရှ – ပစိဖိတ်ဒေအတွင်းရှိ နိုင်ငံများအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လက်နက်နှင့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက် ရပ်တန့်ထားကြဖို့ တွမ်အန်ဒရူးစ်က တောင်းဆိုခဲ့သည်။ 2
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မိုဟာမက်ယူနွတ်စ်ကတော့ စစ်ရေးပဋိပက္ခအရှိန်အဟုန် မြင့်တက်နေသည့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ၏အစီအစဉ်ဖြင့် ဘေးကင်းဇုန် (Safe Zone) တစ်ခု ဖန်တီးပေးရန် တိုက်တွန်းထားသည်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်နှင့် ဒါကာမြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ Safe Zone စီစဉ်ခြင်းသည် ရွှေ့ပြောင်းဒုက္ခသည်များအား ကူညီခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအား ဖြေရှင်းနိုင်ရေးအတွက်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါသည်။ 3
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အောက်တိုဘာလ ၁၀ ရက်က ပြုလုပ်ခဲ့သည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မတီအစည်းအဝေးတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းသွားခြင်းနှင့် အကျင့်ပျက်ခြစားမှုအခြေအနေများကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။
တရားဥပဒေမစိုးမိုးနိုင်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှုနှင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများအပါအဝင် တရားမဝင်စီးပွားရေးများအပေါ် အကျိုးသက်ရောက်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို ထိခိုက်စေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ထောက်ပြခဲ့သည်။ 4
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်သံတမန်တဦးလည်းဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုတရားမျှတရေးရုံး (GCJ) ၏ အထူးသံအမတ်ကြီး မစ္စဘန်ရှော့ခ်ကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုမှ ကျင်းပရန်စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ရှုမြင်ပါသည်။ မစ္စဘန်ရှော့ခ်သည် မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျူလီတာနာနှင့် ပြုလုပ်ခဲ့သည့် အောက်တိုဘာ ၁၁ ရက်၊ အထူးသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြား အကြမ်းဖက်လုပ်ရပ်နှင့် ဖြစ်စဉ်များ မြင့်တက်နေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေသည့် အခြေအနေတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် စိတ်ကူးကြည့်ဖို့ပင် ခက်ခဲသည်ဟု မစ္စဘန်ရှော့ခ်က ဆိုပါသည်။
“စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်သလို မြန်မာပြည်သူတွေဟာလည်း ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် နောက်ကွယ်က ကြိုးကိုင်မှုတွေမရှိဘဲ သူတို့ရဲ့ ဒေသအဆင့်နဲ့ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေကို လွတ်လပ်စွာနဲ့ ရွေးချယ်သွားနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး” ဟု GCJ အထူးသံအမတ်ကြီး မစ္စဘန်ရှော့ခ်က ပြောဆိုခဲ့ပါသည်။ 5
1 မြန်မာ့အရေးတိုးတက်မှု သုညသာရှိဟု အမေရိကန်ပြော၊ DVB၊ ၁၁ အောက်တိုဘာ ၂၀၂၄။
2 မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို၊ DVB၊ ၁၁အောက်တိုဘာ ၂၀၂၄။
3 ရခိုင်တွင် ကုလအစီအစဉ်ဖြင့် Safe Zone ထားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို၊ ဒီဗွီဘီ၊ ၁၄ အောက်တိုဘာ ၂၀၂၄
4 မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများပြားနေခြင်းသည် ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော ၊ မဇ္ဈိမ ၊ ၁၂ အောက်တိုဘာ ၂၀၂၄
5 စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟု အမေရိကန်ပြော၊ ဒီဗွီဘီ၊ ၁၅ အောက်တိုဘာ ၂၀၂၄