
၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာသတင်း ဖော်ပြချက်များကိုကြည့်ပါက ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ စစ်ကောင်စီအပေါ် ပြင်းထန်လာသော နိုင်ငံတကာဖိအားများနှင့် ဒေသတွင်းတုံ့ပြန်မှုများ ပြောင်းလဲလာမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အာရုံစူးစိုက်မှု၏ ရှေ့တန်းတွင် ဆက်လက်ရှိနေသည်ကို တွေ့ရသည်။
ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုအကျပ်အတည်း
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အရေးပေါ်အခြေအနေသည် သိသာထင်ရှားစွာ ပိုမိုဆိုးရွားလာခဲ့သည်။ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားလျှက်ရှိရာ ၂၀၂၅ ခုနှစ် ဧပြီလကနေစ၍ မြန်မာနိုင်ငံတဝှမ်း လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းရတော့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်ပွားမှုများ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီနိုင်ခွင့် ကန့်သတ်ချက်များကြောင့် ယခုကဲ့သို့ အထောက်အပံ့ ရပ်ဆိုင်းရသည့်အခြေအနေကို ရောက်လာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 1
အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ထောက်ပံ့မှုများကို ၄ နှစ်ကြာ ရပ်ဆိုင်းလိုက်၍ ရခိုင်ပြည်အတွင်း မြေပြင်၌အလုပ်လုပ်ကိုင်နေသည့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ လုပ်ငန်းရပ်နားလိုက်ခဲ့ရသည်။ 2 အမေရိကန်၏ USAID ရန်ပုံငွေဖြတ်တောက်မှုကြောင့် တနင်္သာရီတိုင်းတွင်လည်း ငှက်ဖျားဆေးဝါးပြတ်လပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ 3
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား လူသားချင်းစာနာထောက်ထားရေးစင်္ကြန် ဖွင့်လှစ်နိုင်ရေး ဖြစ်နိုင်ချေများကို လေ့လာဖော်ထုတ်လျက်ရှိပြီး အာရက္ခတပ်တော် (AA) နှင့် ဆွေးနွေးမှုများ ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က မတ်လ ၁၅ ရက်နေ့မှာ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ 4
စစ်ကောင်စီဆန့်ကျင်သည့် နိုင်ငံတကာတွန်းအား
မြန်မာစစ်ကောင်စီသည် နိုင်ငံတကာမှ ပြင်းထန်သော ပြစ်တင်မှုများ ရင်ဆိုင်ရလျှက်ရှိသည်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ကမ္ဘာ့နိုင်ငံများအား စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။ 5 လက်ရှိအချိန်ထိ စစ်ကောင်စီသည် နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှု အကြိမ် ၇၀ အထိ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ 6 ထို့အပြင် ဆွစ်ဇာလန်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း မတ်လ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။ 7 စစ်ကောင်စီ၏ ဘဏ္ဍာရေးကို ဖြတ်တောက်ရန် အလားတူ အရေးယူပိတ်ဆို့မှုများကို အခြားနိုင်ငံများအား လိုက်လုပ်ရန် Justice for Myanmar က မတ်လ ၂၅ ရက်တွင် တိုက်တွန်းခဲ့သည်။ 8 နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ကလည်း စစ်ကောင်စီ၏ ဝင်ငွေကို ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ရပ်ကို အလုပ်သမားအဖွဲ့များက ချီးကျူးခဲ့သည်။ 9
ဒေသတွင်းတုံ့ပြန်မှုများ
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများက ပုံစံအမျိုးမျိုးဖြင့် ချဉ်းကပ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ ပန်ဆောင်တွင် နယ်စပ်ဝင်ရောက်မှုကို တစ်ရက်လျှင် ၂၀ ဦးသာ ခွင့်ပြုရန် ကန့်သတ်ခဲ့သည်။ 10 ထို့အပြင် ၁၀ နှစ်အတွင်း နည်းပညာစနစ်ပါ ခြံစည်းရိုးတည်ဆောက်ရန် စီစဉ်ကာ စစ်ရေးပစ်မှတ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၏ အခြေအနေကို အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း India.com က ဖော်ပြသည်။ 11 12
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ကြောင်း မတ် ၁၇ ရက်ထုတ် ဘင်္ဂလားဒေ့ရှ် သတင်းတွေများက ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ (RAB) အသက် ၄၈ နှစ်အရွယ် ARSA ခေါင်းဆောင် အာတာအူလာအပါအဝင် ၆ ယောက်ကို မြို့တော်ဒါကာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 13
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးပေးရန် တရုတ်လက်နက်ကိုင် ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦး ရောက်ရှိနေပြီး အဆိုပါတပ်ဖွဲ့ဝင်များကို ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ Power China စက်ရုံတွင် အခြေချထားသည်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ (Power China) ကို တရုတ်ကြေးစားလက်နက်ကိုင်များသည် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ရောက်ရှိလာခဲ့သည်။
အမေရိကန်မူဝါဒအပြောင်းအလဲ
သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်မူဝါဒသည် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံကို သိသာစွာထိခိုက်ခဲ့သည်။ USAID ၏ လူသားချင်းစာနာမှုရန်ပုံငွေများ ဖြတ်တောက်ခံရခြင်းက မြန်မာပြည်သူများအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်စေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က မတ်လ ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတိပေးပြောကြားခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရိက္ခာအထောက်အပံ့များ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသည့်အခါ ရှိရင်းစွဲအခြေအနေမှာပင် အရမ်းကျပ်တည်း နစ်မွန်းနေသည့် မြန်မာ့လူသားချင်းစာနာမှုရေးရာကဏ္ဍဟာ ဆိုးသထက်ဆိုးသွားခဲ့ပြီဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။ 14
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်ပြီးနောက် အမေရိကန်အစိုးရကနေ ကမ္ဘာတဝှမ်း၌ ထောက်ပံ့ပေးထားသည့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရပ်ဆိုင်းခြင်းနှင့်အတူ မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာများနှင့် ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် မြန်မာ့သတင်းမီဒီယာများအပေါ်တွင်လည်း ကြီးမားသည့်သက်ရောက်မှုများ ရင်ဆိုင်ခဲ့ရသည်။

သမ္မတဒေါ်နယ်ထရမ့်သည် VOA နှင့် RFA အပြင် လွတ်လပ်သည့်သတင်းဌာနများအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင် အစိုးရဌာနခုနစ်ခု၏ လုပ်ငန်းများကို လျှော့ချရန် မတ်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက် VOA မြန်မာပိုင်း၏ တိုက်ရိုက် Live ထုတ်လွှင့်မှု ရပ်နားသွားခဲ့ရသည်။ အစီအစဉ်များကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလတွင် ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း VOA Burmese က မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်အသိပေးသည်။ ၈၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် VOA ကို အသံတိတ်ဆိတ်သွားစေသည့်အတွက် အထူးပင် ဝမ်းနည်းမိကြောင်း VOA ညွှန်ကြားရေးမှူး Michael Abramowitz က ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။ ၎င်းအပါအဝင် VOA ၏ သတင်းထောက်များ၊ ထုတ်လုပ်သူများနှင့် ပံ့ပိုးကူညီနေသည့် ဝန်ထမ်း ၁,၃၀ဝ ကျော်ကို လစာခံစားခွင့်နှင့် ခွင့်ပေးခံထားရကြောင်းလည်း အသိပေးသည်။ 15
မြန်မာနိုင်ငံ၏ ရှုပ်ထွေးသောအကျပ်အတည်းသည် လျော့ပါးမည့် အရိပ်အယောင်မပြသေးဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ရှိနေသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခြင်းခံထားရသည့်တိုင် ဖိအားပေးဒဏ်ခံမှုများကို ဆက်လက်ခုခံလျှက်ရှိကာ မြန်မာပြည်သူများကမူ အကူအညီ လျော့နည်းမှုနှင့် ကျယ်ပြန့်လာသည့် တိုက်ပွဲဒဏ်ကို ဆက်လက်ခံစားနေရသည်။ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ ဒေသတွင်း အင်အားကြီးနိုင်ငံများသည် လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို ချိန်ဆလျှက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
1 မြန်မာလူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့ရပ်ဆိုင်းမည်ဟု WFP ကြေညာ၊ DVB၊ ၁၄ မတ် ၂၀၂၅
2 အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား၊ DMG ၊ ၁၂ မတ် ၂၀၂၅
3 USAID Cuts Cause Antimalarial Drug Shortage in Tanintharyi Region၊
4 လူသားချင်း စာနာထောက်ထားရေး စင်္ကြံအတွက် AA နှင့်လည်း ဆွေးနွေးရမည်ဟု ကုလသမဂ္ဂ အကြီးအကဲ ပြော၊ မတ် ၁၈ ၂၀၂၅
5 စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို မကူညီရန် နိုင်ငံတကာကို HRW တောင်းဆို၊ DVB၊ ၁၂ မတ် ၂၀၂၅၊
6 နိုင်ငံတကာက စစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့၊ DVB၊ ၁၁ မတ် ၂၀၂၅
7 မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန် ဒဏ်ခတ်ပိတ်ဆို့၊ RFA၊ ၁၁ မတ် ၂၀၂၅
8 ဆွစ်ဇာလန်နိုင်ငံကိုအတုယူ၍ MOGE အပေါ် ပိတ်ဆို့မှုများလုပ်ဆောင်ကြရန် ကမ္ဘာ့သုံးနိုင်ငံအား Justice for Myanmar တောင်းဆို၊ KIC၊ ၁၂ မတ် ၂၀၂၅
9 စစ်ကောင်စီကို ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ရန် ILO အုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ချက် အလုပ်သမားအဖွဲ့များ ကြိုဆို၊ Mizzima၊ ၂၀ မတ် ၂၀၂၅
10 အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်မှာ အိန္ဒိယအစိုးရဘက်က တစ်ရက်လျှင် လူဦးရေ ၂၀ သာ ဝင်ခွင့်ပြု၊ KNG၊ ၁၁ မတ် ၂၀၂၅
11 မြန်မာနှင့်နယ်စပ်တလျှောက် နည်းပညာစနစ်ပါခြံစည်းရိုး ၁၀နှစ်အတွင်း အိန္ဒိယကာမည်၊ Mizzima၊ ၁၆ မတ် ၂၀၂၅
12 AA ၏ အရေးကြီးသည့် စစ်ရေးပစ်မှတ်ဖြစ်သည့် စစ်တွေကို အိန္ဒိယ အနီးကပ်စောင့်ကြည့်နေ၊ Narinjara၊ ၂၅ မတ် ၂၀၂၅
13 ARSA ရိုဟင်ဂျာ ခေါင်းဆောင် အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ DVB၊ ၁၉ မတ် ၂၀၂၅
14 USAID ဖြတ်တောက်မှုတွေကြောင့် မြန်မာပြည်သူတွေ ဆိုးကျိုးခံစားနေရပြီလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော၊ People’s Spring၊ ၁၈ မတ် ၂၀၂၅
15 ထရမ့်အမိန့်ကြောင့်VOA ဝန်ထမ်း ၁,၃၀ဝ ကျော်ခွင့်ပေးခံထားရ၊ RFA လည်း ရပ်တန့်သွားနိုင်သည့်အရေးကြုံ၊ Mizzima၊ ၁၆ မတ် ၂၀၂၅