26 ဇွန် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာမြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ဆွေးနွေးအဖြေရှာမှုနည်းလမ်းများဖြင့်...

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ဆွေးနွေးအဖြေရှာမှုနည်းလမ်းများဖြင့်…

Photo : Reuters

“၄၆” ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဗရာဟင် ဦးဆောင်၍ မေလ၂၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့အား ယခင်နှစ်များကဲ့သို့ပင် တက်ရောက်ခွင့်ပိတ်ခဲ့ပါသည်။

ထောင်နှင့်ချီသည့် ပြည်သူများသေဆုံးခဲ့ရသည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ပိုင်း တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထောက်ခံမှုတညီတညွတ်တည်းရရှိထားကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့သည်။ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်မှုသည် အာဆီယံဒေသတွင်း သံခင်းတမန်ခင်းပြန်ရှင်သန်ရန် အဓိကအခွင့်အလမ်းတခုဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ပိုမိုနက်နက်ရှိုင်းရှိုင်းထိတွေ့ဆက်ဆံရန် ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က တိုက်တွန်းခဲ့သည်။ 1

မလေးရှားနိုင်ငံသည် အာဆီယံ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့်သာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်နှင့်ပါ ထိတွေ့ဆက်ဆံမှုများပြုလုပ်နေသည်။ ၂၀၂၅ ခုနှစ် မေလကုန်တွင် သက်တမ်းကုန်ဆုံးမည့် ငလျင်အလွန်အပစ်အခတ်ရပ်စဲရေးကာလများကို သက်တမ်းတိုးရန်နှင့် ကျယ်ပြန့်သည့်အပစ်အခတ်ရပ်စဲမှုများပြုလုပ်ရန် မေလ ၂၅ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးအထူးပြုဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်က တောင်းဆိုခဲ့သည်။ 2

အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် မြန်မာနိုင်ငံသို့ထပ်မံသွားရောက်ရန် စီစဉ်နေကြောင်းနှင့် မလေးရှားကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ တောင်းဆိုချက်စာရင်းကို စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များထံ ပေးအပ်သွားမည်ဖြစ်ကြောင်း မိုဟာမက်ဟာဆန်က ဆိုပါသည်။ 3

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ဆွေးနွေးအဖြေရှာမှုနည်းလမ်းများဖြင့် အဆုံးသတ်နိုင်မည့်အခြေအနေများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်မျှော်လင့်နေဆဲဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေသတွင်းဆွေးနွေးပွဲများ၊ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ပေးရန် ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်ဆတ်ငီရမ်ဖုန်က ပြောဆိုခဲ့သည်။ 4

အခြားတဖက်တွင်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပါသည်။ သို့သော် စစ်ကောင်စီနှင့် သံတမန် ရေးရာပြဿနာမရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရအဖွဲ့ ခေါင်းဆောင်မိုဟာမက်ယူနွတ်စ်က ပြောကြားလိုက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကောလဟလများ နှင့်ပတ်သက်၍လည်း ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။ 5

အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီ (၅၄) ခုသည် မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့်ကုမ္ပဏီများနှင့် စီးပွားရေး ဆက်နွယ်မှုများကို ဆက်လက်ထိန်းသိမ်းထားရှိကြောင်း Justice For Myanmar က မေလ (၂၄) ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ 6

ယင်းစီးပွားရေးလုပ်ငန်းများမှအချို့သည် ပထမဆုံးအကြိမ်ထုတ်ဖော်ခံရခြင်းဖြစ်ပြီး ၄င်းတို့မှာစစ်အုပ်စုထိန်းချုပ်ထားသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊သစ်လုပ်ငန်းကဏ္ဍ၊ မြေနေရာ ငှားရမ်းမှုနှင့် အခွန်ပေးချေမှုများမှတဆင့် အခွန်ဝင်ငွေများ ပံ့ပိုးပေးခြင်း၊ လေယာဉ်ဆီ၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများ ထောက်ပံ့ခြင်းတို့ဖြင့် ပြည်သူများအပေါ် စစ်အုပ်စုကျူးလွန်လျက်ရှိသည့်အကြမ်းဖက်စစ်ဆင်ရေးကိုအားပေးကူညီခဲ့ကြကြောင်း Justice For Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

1 မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်ရန် မလေးရှားဝန်ကြီးချုပ် တိုက်တွန်း၊ DVB၊ ၂၂ မေ ၂၀၂၅
2 အပစ်ရပ်သက်တမ်းတိုးရန် မြန်မာကို မလေးရှား တိုက်တွန်း၊ Mizzima၊ ၂၆ မေ ၂၀၂၅
3 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များကို တင်ပြရန် မလေးရှားကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာမည်၊ Mizzima၊ ၂၅ မေ ၂၀၂၅
4 မြန်မာ့အကျပ်အတည်းစေ့စပ်ညှိနှိုင်းမှုနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်အာဆီယံကယုံကြည်ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို၊ People’s Spring၊ ၂၆ မေ၂၀၂၅
5 သံအမတ်ကိုပြန်ခေါ်ခဲ့သော်လည်းစစ်ကောင်စီနှင့်ဆက်ဆံရေးတွင်ပြဿနာမရှိဟုဘင်္ဂလားဒေ့ရှ်ဆို၊ Myanmar Now၊ ၂၉ မေ ၂၀၂၅
6 မြန်မာစစ်အုပ်စုကိုရာဇဝတ်မှုကြီးများတွင်အားပေးကူညီနေသည့်အာဆီယံအတွင်းရှိကုမ္ပဏီများ၅၄ခု၊ Justice for Myanmar၊ ၂၄ မေ ၂၀၂၅