27 ဇွန် 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာမြန်မာနိုင်ငံအတွင်းရှိအခြေအနေများ အလွန်အမင်းစိုးရိမ်စရာဖြစ်နေပြီး ပိုမိုဆိုးရွားလာနေကြောင်း...

မြန်မာနိုင်ငံအတွင်းရှိအခြေအနေများ အလွန်အမင်းစိုးရိမ်စရာဖြစ်နေပြီး ပိုမိုဆိုးရွားလာနေကြောင်း…

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo : Reuters/Chalinee Thirasupa

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တော်လှန်ရေးတပ်ဖွဲ့များအား ကူညီနိုင်ရန် အရေးတကြီးဆောင်ရွက်ဖို့လိုအပ်ကြောင်း အမေရိကန်လွှတ်တော်အမတ်များက ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူးတို့ထံ ဇူလိုင် ၂၉ ရက်က စာရေးသားတိုက်တွန်းခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဖက်ဒရယ်မူဘောင်နှင့်အတူ ဒီမိုကရေစီအစိုးရ ထူထောင်ရေးအတွက် ဒီမိုကရေစီလိုလားသောအုပ်စုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို အတူတကွပေါင်းစည်းကာ လုပ်ပိုင်ခွင့်အပ်နှင်းနိုင်မည့် သံတမန်အခင်းအကျင်းတစ်ခုကို အမေရိကန်အနေဖြင့် ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။ 1

ဇူလိုင် ၂၇ ရက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက မြန်မာနိုင်ငံအတွင်းရှိအခြေအနေများ အလွန်အမင်းစိုးရိမ်စရာဖြစ်နေပြီး ပိုမိုဆိုးရွားလာနေကြောင်း လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တော်မှာ ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် ဒေသဆိုင်ရာအစည်းအဝေးပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဆီယံမှ ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာရန်နှင့် ပဋိပက္ခများဖြေရှင်းရေးအတွက် မတူကွဲပြားသည့်နည်းလမ်းနှင့် လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

Photo – DSINFO

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ စိတ်ဆန္ဒမရှိမှုကြောင့်သာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်၏ တိုးတက်မှု အလွန်နှေးကွေးလွန်းခဲ့ရသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ 2

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆငဲမ်ဖုန်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ရန် ပံ့ပိုးကူညီရာမှာ အိမ်နီးချင်းနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းထားပါသည်။ ၎င်းသည် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမှာကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ခဲ့ပြီး ဇူလိုင် ၂၇ ရက်က သတင်းဌာနများမှတဆင့် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 3

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀,ဝ၀ဝ ကို အာဆီယံ လူသားချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ထံ ပေးအပ်သွားမည်ဟု ၎င်းကကတိပြုခဲ့ပါသည်။ 4

ဇူလိုင် ၁၉ ရက်တွင် တောင်အာဖရိကနိုင်ငံတရားရုံးမှ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုဆိုင်ရာ ခွင့်ပြုချက်အားလုံးကို နိုင်ငံတော်အဆင့် လက်နက်ထိန်းချုပ်ရေးကော်မတီ (NCACC) အနေဖြင့် ပြန်လည်သုံးသပ်သွားရန်နှင့် ဆိုင်းငံ့သွားရန် အမိန့်ချမှတ်ခဲ့ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကို ကိုယ်စားပြုသည့် အာဖရိကတောင်ပိုင်း တရားစွဲဆိုရေးစင်တာ (SALC) မှ လက်နက်တင်ပို့ရောင်းချမှုနှင့်ပတ်သက်သည့် တိုင်ချက်တစ်ခုကို ၂၀၂၂ ခုနှစ်က အမှုဖွင့်ပြီးနောက် တောင်အာဖရိက၏ အုပ်ချုပ်ရေးမြို့တော် ပရီတိုးရီးယားရှိ အဆင့်မြင့်တရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ 5

1 မြန်မာတော်လှန်ရေးတပ်များအား ပို၍ကူညီရန် ကန်လွှတ်တော်အမတ်များ အရေးတကြီးတိုက်တွန်း
2 မြန်မာအခြေအနေပိုဆိုးလာဟု ဩစတြေးလျပြော၊ မြန်မာ့အရေး အလွယ်တကူအဖြေရှာရန် မမျှော်လင့်ဟု စင်ကာပူပြော
3 မြန်မာပြည်တွင်းစစ်ရပ်စဲရေး အိမ်နီးချင်းနိုင်ငံများပူးပေါင်းလုပ်ဆောင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
4 မြန်မာအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအကူအညီ ဘတ် ၉ သန်းဖိုး ပေးမည်
5 မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ရပ်ဆိုင်းရန် တောင်အာဖရိကတရားရုံး အမိန့်ချ