
မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းကိစ္စ ဟိုးလေးတကျော်ဖြစ်နေချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် လာရောက်သူများအား ဖမ်းဆီးအရေးယူမှုများနှင့် ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား အစစ်အဆေးတင်းကြပ်ပြီး ဖမ်းဆီးအရေးယူမှုများမှာလည်း အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါသည်။
စစ်ကောင်စီတပ်၏ စစ်သည်အင်အားတောင့်တင်းရေးအတွက် နိုင်ငံတစ်ဝန်းလုံး (သို့မဟုတ်) ဒေသအချို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ပါက စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးက စစ်မှုထမ်းဆောင်ရမည်ဟု စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို စစ်ကောင်စီတပ်မှ ပြဌာန်းခဲ့ပါသည်။ ယင်းပြဌာန်းချက်ကြောင့် လူငယ်လူရွယ်များမှာ စစ်မှုထမ်းခြင်းမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံသည် အခရာဖြစ်နေခဲ့ပါသည်။ လူငယ်လူရွယ်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိရန် နည်းမျိုးစုံဖြင့် ဝင်ရောက်လျှက်ရှိနေပြီး ထိုင်းအာဏာပိုင်များကလည်း ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပါသည်။
ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်းသို့ ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းတနေရာတွင် ဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀၂ ဦးနှင့် အမျိုးသမီး ၆၇ ဦးတို့ ပါဝင်ခဲ့ပါသည်။ 1
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်တွင်လည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခဲ့ပြီး ယင်းတို့ထဲတွင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၆ ဦး ပါဝင်ခဲ့ပါသည်။ 2
ထို့ပြင် ထိုင်းနိုင်ငံ စူရတ်ဌာနီပြည်နယ် ကော့ဖငန်းကျွန်းရှိ ဘုရားကျောင်းတစ်ခုတွင် ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ဆရာ၊ ဆရာမ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါသည်။ ယင်းကျောင်းတွင် မြန်မာဆရာ၊ ဆရာမ အပါအဝင် မြန်မာကလေး ၁၉ဝ ကျော် ပညာသင်ကြားနေပြီး မြန်မာဘာသာဖြင့် ရိုက်နှိပ်ထားသည့် ကျောင်းသင်ရိုးစာအုပ် ၃၁ အုပ်ကိုလည်း ထိုင်းအာဏာပိုင်များမှ သိမ်းဆည်းခဲ့ပါသည်။ 3
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို အခမဲ့ ကူညီလုပ်ဆောင်ပေးနေသော Aid Alliance Committee (AAC) အဖွဲ့၏ ရုံးတည်နေရာသို့ လာရောက်စစ်ဆေး၍ ရုံးပိတ်သိမ်းရန်နှင့် ဒဏ်ငွေဆောင်ရန် ပြောဆိုခဲ့ကြပါသည်။ ထိုင်းအာဏာပိုင်များ ရောက်လာချိန်တွင် AAC ရုံး၌ စစ်ကောင်စီမှ နှစ်နိုင်ငံသဘောတူညီချက် MOU နှင့် စေလွှတ်ထားသော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၈၆ ဦး နေထိုင်နေသည်ကို တွေ့ရှိခဲ့ပြီး ထိုင်းဥပဒေများအား ချိုးဖောက်သည်ဟုဆိုကာ အရေးယူခြင်းဖြစ်ပါသည်။ 4
တဖက်တွင်လည်း ယင်းသို့ ထိုင်းအာဏာပိုင်များထံတွင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများအပေါ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူကာ စစ်သားစုဆောင်းမှုများလည်းရှိနေပြီး မြန်မာနိုင်ငံသားများမှာ ‘မိအေးနှစ်ခါနာ’ ရမည့်အဖြစ်နှင့် ကြုံတွေ့နေကြရပါသည်။
ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၂၀ဝ ခန့်ကို ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ပြန်ပို့ပေးခဲ့ပါသည်။ သို့သော် ၎င်းတို့အား နေရပ်ပြန်မပို့ပေးဘဲ စစ်ကောင်စီတပ်သားများမှ စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း၊ ကော့သောင်းမြို့၊ ခမရ (၄၃၁) တပ်ရင်းတွင် ကျန်းမာရေးစစ်ဆေးနေကြောင်း သိရပါသည်။ 5
1 ထိုင်းနိုင်ငံတွင်း ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၇၀ နီးပါး ဖမ်းဆီးခံရ၊ ကေအိုင်စီ၊ ၁ ဖေဖော်ဝါရီ ၂၀၂၅။
2 ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်ဆယ်ကျော် ဖမ်းဆီးခံရ၊ RFA Burmese၊ ၂၉ ဇန်နဝါရီ ၂၀၂၅။
3 မြန်မာကလေး နှစ်ရာနီးပါး ပညာသင်နေတဲ့ စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်း၊ RFA Burmese၊ ၂၉ ဇန်နဝါရီ ၂၀၂၅။
4 ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် AAC ရုံးကို ထိုင်းအာဏာပိုင်များ စစ်ဆေး ပိတ်သိမ်း၊ မဇ္ဈိမ၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၅။
5 ထိုင်းအာဏာပိုင်တွေပြန်ပို့တဲ့ မြန်မာလုပ်သား ၂၀ဝခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ထား၊ People’s Spring၊ ၂၇ ဖေဖော်ဝါရီ ၂၀၂၅။