3 ဇူလိုင် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာမြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ ကုလသမဂ္ဂ (UN) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ဝင်ရောက်ခွင့်ရရှိရေး တောင်းဆို

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ ကုလသမဂ္ဂ (UN) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ဝင်ရောက်ခွင့်ရရှိရေး တောင်းဆို

၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်တာအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်း၊ ထုတ်ပြန်ချက်နှင့် အစီရင်ခံစာများကိုကြည့်ပါက နိုင်ငံအတွင်း ဆိုးရွားလာသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့်အတူ မြန်မာနိုင်ငံသားများ ဗီဇာကန့်သတ်ခံရမှု၊ စစ်ကောင်စီ၏ ရုရှား-မြန်မာ ဗီဇာကင်းလွတ်ခွင့် ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ ကုလသမဂ္ဂ (UN) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ဝင်ရောက်ခွင့်ရရှိရေး တောင်းဆိုမှု အစရှိသည့် သတင်းများကို အဓိကတွေ့ရှိရသည်။

မြန်မာစစ်ကောင်စီတပ်သည် မတ်လကလှုပ်ခတ်ခဲ့သော ငလျင်နောက်ဆက်တွဲ မငြိမ်သက်မှုများကို အခွင့်ကောင်းယူကာ အရပ်သားများအပေါ် တိုက်ခိုက်မှုများကို နှစ်ဆတိုးခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ကို ပိုမိုကန့်သတ်ခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က “၅၉” ကြိမ် မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး‌တွင် ပြောကြားခဲ့သည်။ 1

အာဏာသိမ်းစစ်ကောင်စီသည် စာသင်ကျောင်းများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်ဖြစ်ပြီး မြန်မာလူငယ်မျိုးဆက်တခုလုံးအား ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရသည့် တစ်လပြည့်သည့် ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ ထိုဖြစ်စဉ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လက်ယက်ကုန်း အစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု လူသိများသည် ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်နှင့် ပုံစံတူဖြစ်ကြောင်း SAC-M ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။ 2

မြန်မာပြည်သူများ ခံစားနေရသည့် ဆင်းရဲဒုက္ခလျော့ပါးစေရန်၊ ငြိမ်းချမ်းရေးကို မြှင့်တင်ရန်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအပြင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ကုလသမဂ္ဂအထွေထွေညီလာခံ၊ “၇၉” ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) ကလည်း ဘစ်ရှော့၏ ကြိုးပမ်းမှုများနှင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အဟန့်အတားမရှိ ဝင်ရောက်ခွင့်ရရှိရေး တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ကို အခိုင်အမာထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 3

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇွန်လ ၅ ရက်နေ့တွင် ကျင်းပသည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ညီလာခံတွင် အတည်ပြုခဲ့သည်။ ထိုညီလာခံတွင် တရုတ်၊ ရုရှား၊ လာအိုနှင့် ဘယ်လာရုစ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း အများသဘောတူဆုံးဖြတ်ချက်ဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 4

အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးအတွက် မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့် လုံးဝ ရပ်ဆိုင်းကြောင်း အိမ်ဖြူတော်က ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအနက် B1/B2 ဗီဇာဖြင့် ဝင်လာသူ ၂၇ ဒဿမ ဝ၇ ရာခိုင်နှုန်းသည်လည်းကောင်း၊ F, M, J ဗီဇာဖြင့် ဝင်လာသူ ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းသည်လည်းကောင်း သက်တမ်းကျော်လွန်ကာ နေထိုင်နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 5

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဇွန်လ ၁၀ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသည့် “၅” ကြိမ်မြောက် မော်စကို နိုင်ငံတကာခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲသို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအပါအဝင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ရုရှား-မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်လုပ်ဆောင်ရေး၊ နှစ်နိုင်ငံခရီးသွားပြပွဲများ ပူးပေါင်းပြသရေး ဆွေးနွေးခဲ့သည့်အပြင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ 6

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဘို့ ယောင်ယန်းဒေသတွင် လူဦးရေဆိုးရွားစွာ လျော့နည်းကျဆင်းလာသည့် ပြဿနာကိုဖြေရှင်းရန် စီစဉ်ခဲ့သည့် “မြန်မာနိုင်ငံသားဒုက္ခသည်များကို ခေါ်ယူနေရာချထားရေး စီမံကိန်း” ကို အပြည့်အဝ ဖျက်သိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ဇွန် ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ UNHCR ကနေတဆင့် ယောင်ယန်းဒေသသို့ ထိုင်း-မြန်မာနယ်စပ်က မြန်မာလူမျိုးဒုက္ခသည် ၄၀ ခန့်ကို ပထမအကြိမ်ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီးနောက် ဒေသခံများ၏ သဘောထားနှင့် တရားရေးဝန်ကြီးဌာန ဆွေးနွေးမှုတွင် အခက်အခဲကြုံသည့်အတွက် ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားသတင်းမီဒီယာများက ဖော်ပြခဲ့သည်။ 7

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များကို ကုလသမဂ္ဂ (UN) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့မှ အကန့်သတ်မရှိ ဝင်ရောက်ခွင့်ရရှိစေရေး တောင်းဆိုရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန်လ ၁၃ ရက်နေ့တွင်ကျင်းပသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ပြုလုပ်သည့် ကမ္ဘာပေါ်ရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်းနှင့်စပ်လျဉ်းသည့် တံခါးဖွင့်ဆွေးနွေးပွဲအတွင်း တိုက်တွန်းခဲ့သည်။ 8

1 လူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက်အစည်းအဝေး ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြခြင်း၊ OHCHR၊ ၁၆ ဇွန် ၂၀၂၅
2 မျိုးဆက်တခုလုံးကိုဖျက်ဆီးရန် ကလေးသူငယ်များအား စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း SAC-M ပြော၊ Mizzima၊ ၁၆ ဇွန် ၂၀၂၅
3 မြန်မာနိုင်ငံဆိုင်ရာ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် အစီရင်ခံတင်ပြခြင်း၊ EU၊ ၁၀ ဇွန် ၂၀၂၅
4 စစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူရန် ILO ညီလာခံ အတည်ပြု၊ ရွေးကောက်ပွဲမတိုင်ခင် ပုံပေါ်အောင် ကြိုးစားမည်ဟုဆို၊ Mizzima၊ ၅ ဇွန် ၂၀၂၅
5 မြန်မာကို အမေရိကန် ပြည်ဝင်ခွင့် လုံးဝ ရပ်ဆိုင်း၊ Mizzima၊ ၅ ဇွန် ၂၀၂၅
6 မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ဆွေးနွေး၊ DVB ၊ ၁၂ ဇွန် ၂၀၂၅
7 မြန်မာဒုက္ခသည်များ ခေါ်ယူနေရာချထားရေးစီမံကိန်း တောင်ကိုရီးယား ဖျက်သိမ်း၊ DVB၊ ၁၂ ဇွန် ၂၀၂၅
8 အကျဉ်းထောင်များကို UN နှင့် ICRC အကန့်သတ်မရှိဝင်ခွင့်ရရေးတောင်းဆိုရန် ဦးကျော်မိုးထွန်း တိုက်တွန်း၊ Mizzima၊ ၁၅ ဇွန် ၂၀၂၅