
Photo: Reuters
အာဂျင်တီးနားတရားရုံးတော်အနေဖြင့် မြန်မာနိုင်ငံမှ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားအစိုးရရှေ့နေက ဇွန်လ ၂၈ ရက်တွင် လျှောက်ထားခဲ့ပါသည်။ ဗြိတိန်အခြေစိုက် မြန်မာ- ရိုဟင်ဂျာအသင်းမှ ၂ဝ၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးစုများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားလိုလုပ်ပြီး အာဂျင်တီးနားတရားရုံးတော်တွင် ၂၀၁၉ ခုနှစ်က တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလျှောက်ထားမှုသည် ၎င်းတို့တိုင်ကြားပြီးနောက် ၆ နှစ်ခန့်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ဖမ်းဝရမ်းထုတ်ရန် တင်ပြခံထားရသူများတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့်အတူ အရပ်ဘက်ခေါင်းဆောင်များဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်ပါသည်။ 1
ယင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးတစ်ဖွဲ့ဖြစ်သည့် Global Justice Center မှ အကြီးတန်းဥပဒေအကြံပေး Michelle Onello က အာဂျင်တီးနားတရားရုံးသို့ လျှောက်ထားခြင်းသည် မြန်မာစစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် နိုင်ငံတကာမှ ပထမဆုံးလုပ်ဆောင်လိုက်သော အားတက်စရာ ခြေလှမ်းတစ်ခုဖြစ်သည်ဟု ဇူလိုင် ၁ ရက်တွင် ပြောဆိုခဲ့ပါသည်။ 2
မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအနေဖြင့် ပိုမိုထိရောက်စွာဆောင်ရွက်ဖို့ Burma Caucus အဖွဲ့ကို ဇွန်လ ၂၇ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦးတွင် အခမ်းအနားပြုလုပ်၍ ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအဖွဲ့တွင် အမေရိကန်လွှတ်တော်အမတ်များပါဝင်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ပိုမိုပျံ့နှံ့ပြီး အာရုံစူးစိုက်မှု လျော့နည်းမသွားအောင် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ထားကြပါသည်။

Photo: RFA
အခမ်းအနားသို့ Burma Caucus အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်မည့် မစ်ရှီဂန်ပြည်နယ် အမတ်ဘေလ်ဟိုင်ဇန်ဂါ၊ မင်နီဆိုတား ပြည်နယ်အမတ် ဘက်တီမက်ကောလင်၏ ကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကနေဒါနိုင်ငံလွှတ်တော်အမတ် ဂါးနက်ဂျန်းနက်တို့ တက်ရောက်ခဲ့ကြ ပါသည်။ 3
စင်ကာပူအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းရောက်ရှိမှု ဟန့်တားရန်ဆောင်ရွက်နေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ စင်ကာပူနိုင်ငံသည် မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် သေစေနိုင်လောက်သော အင်အားအသုံးပြုမှုကို ဆန့်ကျင်သည့်ဘက်တွင် အခိုင်အမာရပ်တည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 4
ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သော ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ထိုင်းဘဏ်အချို့သည် မြန်မာစစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် ပါဝင်နေကြောင်း ဖော်ပြခဲ့ပါသည်။
အစီရင်ခံစာတွင် မြန်မာစစ်ကောင်စီသည် လွန်ခဲ့သော ၂ နှစ်အတွင်းက စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတကာဘဏ် ၁၆ ခုကိုအသုံးပြုခဲ့ပါသည်။ ထိုထဲတွင် ထိုင်းဘဏ် ၅ ခု ဖြစ်သော Siam Commercial Bank (SCB)၊ Bangkok Bank၊ Kasikorn Bank၊ Krungthai Bank နှင့် TMB Thanachart Bank တို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။
ယင်းနှင့်ပတ်သက်၍ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းက ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် ထိုင်းဘဏ်များအနေဖြင့် ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ရာတွင် အသုံးပြုမည့် လက်နက်ပစ္စည်းဝယ်ယူမှုများအတွက် ငွေလွှဲပြောင်းသော ဝန်ဆောင်မှုများကို တားမြစ်ထားကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားပါသည်။ 5
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW မှ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအား မြန်မာစစ်ကောင်စီကို အကူအညီပေးနေသော နိုင်ငံခြားဘဏ်များကို ချက်ချင်းအရေးယူရန် တိုက်တွန်းထားပါသည်။ 6
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင်ပြုလုပ်သော ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူ ၅ ချက် (ဘန်ဒေါင်းမူ ၅ ချက်) ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲသို့ တရုတ်အစိုးရမှ စစ်အုပ်စုဝင် သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်အားဖိတ်ခေါ်ခဲ့ပါသည်။ ဇွန်လ ၂၈ ရက် အဆိုပါအခမ်းအနားနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်မှ ဦးသိန်းစိန်အား နေရာပေးဆက်ဆံမှု ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၉ ရက် တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဦးသိန်းစိန်တို့တွေ့ဆုံခဲ့သည်ကို တွေ့ရှိရပါသည်။ 7
1 အာဂျင်တီးနား ဖမ်းဝရမ်းလျှောက်ထားချက် အားတက်စရာခြေလှမ်းဟု လူ့အခွင့်အရေးအဖွဲ့ပြော
2 အာဂျင်တီးနား ဖမ်းဝရမ်းလျှောက်ထားချက် အားတက်စရာခြေလှမ်းဟု လူ့အခွင့်အရေးအဖွဲ့ပြော
3 မြန်မာ့အရေးအာရုံစိုက်မှုရအောင် ဆောင်ရွက်ဖို့ ကန်လွှတ်တော်မှာ ဆွေးနွေး
4 မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ဟန့်တားဖို့ လုပ်ဆောင်နေကြောင်း စင်ကာပူအစိုးရပြော
5 မြန်မာစစ်တပ် လက်နက်ဝယ်ဖို့ ကူညီခဲ့တာ မရှိကြောင်း ထိုင်းဘဏ်တွေ ငြင်းဆို
6 စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံခြားဘဏ်တွေကို အရေးယူဖို့ HRW တိုက်တွန်း
7 တရုတ်က ဦးသိန်းစိန်ကို ဖိတ်ခေါ်နေရာပေး၊ ဒီမိုကရေစီအင်အားစုများ စစ်နိုင်အောင်တိုက်ရန် နည်းလမ်းသာရှိဟု သုံးသပ်