27 ဇွန် 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာဒေါ်နယ်ထရမ့်အစိုးရ အနိုင်ရသွားခြင်းကြောင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် ရတက်မအေးစရာဖြစ်လာ...

ဒေါ်နယ်ထရမ့်အစိုးရ အနိုင်ရသွားခြင်းကြောင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် ရတက်မအေးစရာဖြစ်လာ…

Photo : The White House

မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် အမေရိကန်၏ အားပေးထောက်ခံမှုသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ သို့သော် ယခုနိုဝင်ဘာလဆန်းပိုင်းက ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အစိုးရ အနိုင်ရသွားခြင်းကြောင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါသည်။ အမေရိကန်တွင် ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အစိုးရအဖွဲ့သစ်တက်လာခြင်းကြောင့် မြန်မာ့အရေးအပေါ် အားပေးထောက်ခံမှုများ၊ လူသားချင်းစာနာမှု အကူအညီပေးရေးတို့တွင် အရပ်ဘက်အဖွဲ့အစည်းများအတွက် ရန်ပုံငွေလျော့ချဖြတ်တောက်ခံရခြင်းများနှင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများအတွက် လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုများ ကြုံလာနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများမှ ခန့်မှန်းထားကြပါသည်။

ယင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးကျွမ်းကျင်သူ Phil Robertson က ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်က မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကဏ္ဍငယ်ကပဲ ပါဝင်နိုင်တော့မည်ဟု မှတ်ချက်ပြုထားပါသည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထူးထူးခြားခြားစိတ်ဝင်စားကြောင်း ပြသလာလိမ့်မည်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိုသာ စိတ်ဝင်စားသူဖြစ်ပြီး၊ မြန်မာသည် အမေရိကန်နှင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကလည်း ပဏာမအလွန်နည်းကြောင်း ၎င်းက ထပ်လောင်းပြောထားပါသည်။ 1

မကြာမီ အမေရိကန်သမ္မတရာထူးကို စွန့်လွတ်ရတော့မည့် သမ္မတဂျိုးဘိုင်ဒန်သည် နိုဝင်ဘာ ၁၂ ရက်က ဝါရှင်တန်ဒီစီမြို့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြပါသည်။ သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းအစိုးရလက်ထက်တွင် မြန်မာ အရေးနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအချို့ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိရပြီး၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်ဦးရေ ၇၀,ဝ၀ဝ ခန့်ကိုလည်း အမေရိကန်နိုင်ငံတွင် နေရာချထားရန် ထိုင်းအစိုးရနှင့် သဘောတူညီခဲ့ကာ၊ နှစ်နိုင်ငံဆွေးနွေးပြောဆိုမှုများလည်း လုပ်ခဲ့ပါသည်။ 2

တောင်ကိုရီးယားနိုင်ငံသည် ၎င်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထဲမှ နွေဦးတော်လှန်ရေးတွင်ပါဝင်ပြီး ပတ်စပို့သက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာမှုအရ ၂ နှစ်တာသက်တမ်းအထိ ဆက်ရှိဖို့ သဘောတူညီခဲ့ပါသည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးမှ ပတ်စပို့သက်တမ်း တိုးမပေးသည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ကိုယ်စားလှယ်ရုံးမှ ဖြေရှင်းပေးသည့်အခါတွင် တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ NUG အစိုးရသည် တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်ကစ၍ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး၊ ၄ လအတွင်း မြန်မာနိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးသူ ၁၀ဝ၀ နီးပါးရှိခဲ့ပြီး သက်တမ်းတိုးခြင်းများကို ဆက်လက်လုပ်ဆောင်ပေးနေပါသည်။ 3

၂၀၂၅ ခုနှစ် အာဆီယံသဘာပတိအဖြစ်ဦးဆောင်မည့် မလေးရှားနိုင်ငံအနေဖြင့် မြန်မာ့ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံရန် ဘက်စုံသုံးချဉ်းကပ်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ရေရှည်တည်တံ့သည့် အဖြေရှာဖွေရန် မြန်မာ၏ အင်အားကြီးအိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့နှင့်လည်း ဆွေးနွေးသွားမည်ဟု မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Datuk Mohamad Alamin က နိုဝင်ဘာ ၇ ရက်က ပြောကြားထားပါသည်။

ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိ၏ အထူးသံတမန် ခန့်အပ်ရန်အတွက် လုပ်ဆောင်နေပြီး နောက်ဆုံးအဆင့်သို့ရောက်နေပြီဟု ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 4

1 ဒေါ်နယ်ထရမ့်လက်ထက် မြန်မာ့အရေးစိတ်ဝင်စားမှုနည်းနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူပြော၊ RFA၊ ၁၇ နိုဝင်ဘာလ ၂၀၂၄။
2 မြန်မာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု အမေရိကန်နှင့် အင်ဒို ပြင်းထန်စွာ ရှုတ်ချ၊ DVB၊ ၁၄ နိုဝင်ဘာလ ၂၀၂၄။
3 တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတွင် ပတ်စပို့သက်တမ်းတိုးသူ ၁၀ဝ၀ နီးပါးရှိ၊ DVB၊ ၁၂ နိုင်ဝင်ဘာလ ၂၀၂၄။
4 အာဆီယံသဘာပတိရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ဖို့ မလေးရှားစီစဉ်၊ RFA၊ ၇ နိုဝင်ဘာလ ၂၀၂၄။